Monday, July 28, 2014

ပုဂံခေတ်ဘုရားများ

ပုဂံ ၁၀ ရာစုနှစ် ရုပ်ပွါးတော်

အမျိုးအစား - ရုပ်ပွါးတော်
အချိန်ကာလ - ၁၀ ရာစုနှစ်
တွေ့ရှိရာနေရာ - ပုဂံ ၊ မြန်မာ
ပြုလုပ်ပုံနည်းပညာ - ကျောက်စစ် ပန်းပု ။

အရွယ်အစား -
အမြင့် ၃၃ စင်တီမီတာ
အကျယ် ၁၉ စင်တီမီတာ
ထုအထူ ၇.၅ စင်တီမီတာ
လက်ရှိတည်နေရာ - ဗစ်တိုးရိးယား နဲ့ အယ်ဘာတ် ပြတိုက်၊ လန်ဒန်
ပြတိုက်ပစ္စည်း အမှတ် - IS.13-1983


ဒီကျောက်စစ် ရုပ်ပွါးတော်ဟာ အများသိ အောင်ခြင်းရှစ်ပါးထဲက " နာရာဂီရိ "(Nalagiri) ဆင်ကို အောင်တော်မူခန်းဖြစ်ပါတယ်။ မြတ်စွာဘုရာကို ဆင်နှင့် တိုက်သတ်ဖို့ ဘုရင် အဇာတသတ် (Ajatasattu) ရဲ့ဆင်ဆိုးကြီး နာရာဂီရိကို အရက်တိုက်ပြီးလွတ်ပေမယ့် ဘုရားရှေ့မှာ ဒူးထောက်ပြီး တရားနာသွားတဲ့ဆင် သရုပ်ဖော်ပုံပါ။
ီဒီကျောက်စစ် ရုပ်ပွါးတော်ကို ၁၉၃၈-၉ မော်ဇာ ရွှေညောင်ပင်ရိုး ဘုန်းကြီးကျောင်း တူးဖော်မှုမှာ တခြား အောင်ခြင်းရှစ်ပါး သရုပ်ဖော်ပုံတွေအတူ တွေ့ရတာပါ။

ဟန်ပန်ကိုပြောရရင် သီရိခတ္တရာ (Sri Ksetra) ပျူလက်ရာ နှင့် မွန် မြန်မာ ဟန်တွေရောနေတဲ့ စပ်ကူမတ်ကူးကာလ ဟန်ပန်လို့ပြောရပါမယ်။


ပြတိုက်က ဘယ်အမျိုးစားကျောက် အသေချာမပြောပေမယ့် "ထုံးကျောက်" ( Lime Stone )ဖြစ်မယ်။ အောင်ခြင်းရှစ်ပါးထဲက " နာရာဂီရိ "(Nalagiri) ဆင်ကို အောင်တော်မူခန်းဆိုတာကို ငြင်းစရာမရှိပါ။ ကျောက်စစ်ရုပ်ပြားတစ်ခုလုံးကို အသေချာကြည့်တဲ့အခါ ဆင်ကြီးဦးကျိုးသွားပုံကို သရုပ်ဖော်ရာမှာ ကျောက်စစ်ဆရာဟာ ဆင်ဦးခေါင်း နှစ်ခုထုထားပါတယ်။ တစ်ခေါင်းက ရန်မူဖို့ ထောင်နေတယ်။ နောက်တစ်ခေါင်းက မာန်ချပြီးဦးကျိုးသွားဟန်ပါ။

ရပ်တော်မူဘုရာ ဘေးနှစ်ဘက်မှာတော့ ရှင်သာရိပုတ္တရာ နှင့် ရှင်မောဂ္ဂလန်ဖြစ်မယ်လို့ အောင်ခြင်းရှစ်ပါးအရ ယူဆပါတယ်။
တကယ်လို့များ ဆင်သာမပါခဲ့ရင် ဒီပင်ကရာ ( Dipankara ) နှင့် ဘယ်ဘက်က ဘုရားက အရိမ္မတိရ (Maitreya )လို့ဆိုနိုင်ပါတယ်။


အနိရုဒ္ဓ ဒေဝီနာဂရီစာ





အမျိုးအစား - အုတ်ခွက်ဘုရား ( မြေပုံဘုရား )
အချိန်ကာလ - ၁၁-၁၂ ရာစုနှစ်
တွေ့ရှိရာနေရာ - ပုဂံ ၊ မြန်မာ
ပြုလုပ်ပုံနည်းပညာ - ရွံ့စေး မြေသားကို ပုံစံခွက် သုံးပြီး လိုရာ ပုံစံ အရွယ်အစားရောက်အောင် ပုံဖော် ။
အရွယ်အစား - အမြင့် ၇.၃၇၅ လက်မ ၊ အမြင့် ၅.၃၇၅ လက်မ
လက်ရှိတည်နေရာ - ဗစ်တိုးရိးယား နဲ့ အယ်ဘာတ် ပြတိုက်၊ လန်ဒန်
ပြတိုက်ပစ္စည်း အမှတ် - IM.305-1921

အိန္ဒိယနိုင်ငံအရှေ့ပိုင်း မြတ်စွာဘုရားပွင့်တော်မူရာ ဗုဒ္ဓဂါယာ မဟာဘောဓိ ကျောင်းတော်ရှိပါတယ်။ အခုမြင်နေရတဲ့ မြေပုံဘုရားမှာ ထိုင်တော်မူ ဘုရားရဲ့ အပေါ်မှာ အုပ်မိုးနေတဲ့ အရာဟာ ဗုဒ္ဓဂါယာ၊ မဟာဘောဓိ ကျောင်းတော် ကိုရည်ရွယ်ပါတယ်။ ဒီ မြေပုံဘုရားကို တကောင်းမှာတွေ့တယ်လို့ ဆိုပါတယ်။ တကောင်း၊ ပုဂံ အပါဝင် မြန်မာနိုင်ငံ မြောက်ဘက်ပိုင်းတွေမှာပါ တွေ့ရတတ်ပါသေးတယ်။

ကြာပလ္လင်ပေါ်မှာ စံနေတော်မှုလျှက် ဘယ်ဘက်လက် အနေထား လက်မြေထိတဲ့ အောင်တော်မူပုံ၊ အတွေ့ရများတဲ့ ဘူမိပါသ မုဒြာ (bhumisparsa mudra) ဖြစ်ပါတယ်။ ဘေးတစ်ဘက် တစ်ချက်စီမှာ ရပ်တော်မူဘုရား နှစ်ဆူရံထားပါတယ်။ ညာဘက်က ရပ်တော်မူ ဘုရားဟာ ဒီပင်ကရာ ( Dipankara ) ကိုရည်စူးပါတယ်။ ဘယ်ဘက်က ဘုရာက အရိမ္မတိရ (Maitreya ) ကိုရည်စူးပါတယ်။ အလယ်တည့်တည့် မှာရှိတဲ့ မုခ်ဦးဘေးတစ်ဘက်တစ်ချက် ကထွက်နေတဲ့ သစ်ကိုင်းဟာ မြတ်ဗုဒ္ဓ သဗ္ဗေညုတညဏ် ရရှိရာ မဟာဗောဓိပင် ကို ရည်စူးပါတယ်။

မြေပုံဘုရား အထက်နားဆီမှာ မြင်နေရတဲ့ စေတီ ပုံစံငယ်တွေဟာ မြတ်စွာ
ဘုရား ဓာတ်တော်ထည့်ရာ ဓာတ်တော်ကျုတ်ကို ရည်စူးပါတယ်။ ဗုဒ္ဓဘာသာဝင်တို့ရဲ့ အထွတ်မြတ်ထားရာ အမှတ်လက္ခဏာ စေတီပုံဖြစ်ပါတယ်။

အောက်ခြေဘက် မှာ တစ် ကြောင်းတည်းရေးထားတဲ့ စာဟာ ဒေဝနာဂရီ စာဖြစ်ပါတယ်။
အရှေ့တောင်အာရှ အစောဆုံး ဗုဒ္ဓဘာသာဆိုင်ရာ နေရာအဖြစ် ရှေးဟောင်းသုတေသန မှတ်တမ်းဝင် ကိုယ်စားပြုပါတယ်။
=========================================================

ဒီမြေပုံ ဘုရားရဲ့ အောက်မှာ ဒေဝီနာဂရီ စာနှင့်ရေးထားတဲ့ တစ်ကြောင်းစာပါတယ်လို့ ဆိုတယ်။ သေသေခြာခြာကြည့်ပေမယ့် မမြင်ရဘူး။
ဒီတော့ မြေပုံဘုရားရဲ့ နောက်၊ အောက်ခြေမှာ ရေးထားတယ်လို့ထင်ပါတယ်။
ဒေဝီနာဂရီ စာလို့ ဆိုထားတော့ အနိရုဒ္ဓ ( အများအခေါ် အနော်ရထာ ) ခေတ်လို့ ယူဆပါတယ်။ ၁၁ ရာစုဖြစ်ဖို့များပါမယ်။
အနိရုဒ္ဓ ဒေဝီနာဂရီစာ ဓာတ်ပုံမူရင်းကို လေ့လာချင်လို့ ဗြိတိလျှ ပြတိုက်ကို ကျွန်တော် လှမ်းမေးတာ ၃ ကြိမ်ရှိပါပြီ။ မရသေးပါ။

ပြတိုက်ကမပေးသေးပေမယ့် ရှိပြီသား အနိရုဒ္ဓ မြေပုံဘုရားပါ ဒေဝီနာဂရီစာ လေ့လာလိုသူများ အောက်
ပုံမှာကြည့်ပါ။
ဧသော လောကနထော မဟာရာ
ဇသိရီ အနိရုဒ္ဓဒေဝေနကတော
မိမုတ္တ မုတံ္တ သဟတ္တေနေဇာတိ

(မြန်မာလိုပြန်ကတော့)
ဤလောကနာထ(ဘုရားလောင်း) ပုံတော်ကို
သိရီ အနိရုဒ္ဓဒေဝ မင်းကြီးလည်း
သံသရာမှ ထွက်မြောက်ရန် ကိုယ်တိုင်လုပ်သည်။


ပုဂံခေတ် နိုင်ငံရေးအတွေးခေါ်
ထီးလိုင်မင်း ( အများအခေါ် ကျန်စစ်သား ) ရေးထိုးခဲ့တဲ့ ရွှေစည်းခုံကျောက်စာ မှာ ရေးထားတဲ့
၁၁ ရာစုမြန်မာတွေရဲ့  နိုင်ငံရေးအတွေးခေါ်ကို ကူးချလိုက်ပါတယ်။

မင်းသည်ကောင်းသောအကျင့်ကိုရှိ ခြင်း ( ၁၈ ကြောင်းမြောက် စာကြောင်း )
မကောင်းသောစရိုက်တို့ကို သုတ်သင်ပစ်ခြင်း ( ၁၉ ကြောင်းမြောက် စာကြောင်း )
ပြည်တွင်း ပြည်ပရန်ကို ကာကွယ်ပေးခြင်း ( ၁၉ ကြောင်းမြောက် စာကြောင်း )
နိုင်ငံတကာနှင့် ဆက်ဆံရေး ပြေပြစ်ခြင်း ( ၂၀ ကြောင်းမြောက် စာကြောင်း )
အစားအစာ အဝတ်တန်ဆာတို့ကို စွန့်ခြင်း ( ၂၁ ကြောင်းမြောက် စာကြောင်း )
စိုက်ပျိုးရေး ဖြစ်ထွန်းအောင်မြင်ခြင်း ( ၂၃ ကြောင်းမြောက် စာကြောင်း )
ဗုဒ္ဓသာသနာကို စည်ပင်ထွန်းကားစေခြင်း ( ၂၄ ကြောင်းမြောက် စာကြောင်း )
နိုင်ငံတွင်း၌ ခိုးသား ဒမြ မရှိ ၊ ငြိမ်းချမ်းသာယာ လျက် နိုင်ငံတော်ကျယ်ဝန်းသည် ( ၂၅ ကြောင်းမြောက် စာကြောင်း )
ပျက်စီးလေပြီးသော မြို့ရွာတို့ကိုလည်း ရှေးယခင်ကထက် ကောင်းမွန် သာယာစည်ပင်အောင် ပြုစုပေး ( ၂၇ ကြောင်းမြောက် စာကြောင်း )
တင့်တယ်သော ကျက်သရေရှိသော အရိမဒ္ဒနပြည်၌ တုန်လှုပ်ခြောက်ချားခြင်း ကြောက်ရွံ့ခြင်းမှကင်းသော အုပ်စိုးနည်း ကို အရှင် ဂြီတြိဘုဝနာဒိတျဓမ္မရာဇာမင်း (ထီးလှိုင်မင်း) သည်သွင်သင်ဆုံးမ ပြသလတံ္တ ။( ၂၉ ကြောင်းမြောက် စာကြောင်း )
ဆိုလိုတာက အုပ်ချူပ်တဲ့အစိုးရကို ကြောက်ရွံ့ နေရတာမျိုးလုံးဝမရှိဘူး ဆိုတာကို ထင်ထင်ရှားရှားပြခဲ့တာပါ။


ရည်ညွန်း။ ။ ဒေါက်တာသန်းထွန်း " မြန်မာ့သမိုင်းလစ်ကွက်များ "

===========================================


ဒီရှေးစာကိုဖတ်ဖို့ရာကြိုးစားနေပါတယ်။ ပုဂံထက်စော တဲ့စာလို့ ယူဆထားပါတယ်။ သိရင်ကူညီပေးပါ။




အမျိုးအစား - ခေါင်းသုံးလုံး ဗြဟ္မာနတ်မင်း
အချိန်ကာလ - ၁၁ ရာစု
တွေ့ရှိရာနေရာ - ပုဂံ၊ မြန်မာ (သိပ်မသေချာ၊ ဖြစ်နိုင်ချေရှိ)
ပြုလုပ်ပုံနည်းပညာ - ခဲညိုရောင်(မီးခိုးရောင်) သဲကျောက်အမာတစ်မျိုး ကိုကျောက်စစ် ပညာရှင်ကထွင်းထုကျောက်စစ်တယ်လို့ဘဲပြောပရစေ။ (Grey Sandstone)။ မျက်နှာပြင်ပေါ်ကအဝါစက်ကလေးတွေက အချိန်ကာလကြာလို့ပေါ်လာတာမျိုးပါ
အရွယ်အစား - အမြင့် ၃၃.၅ စင်တီမီတာ ၊ အောက်ခြေအကျယ် ၂၂.၂ စင်တီမီတာ။
လက်ရှိတည်နေရာ - ဗစ်တိုးရိးယား နဲ့ အယ်ဘာတ် ပြတိုက်၊ လန်ဒန်
ပြတိုက်ပစ္စည်း အမှတ် - IM.39-1917
ဒီခေါင်းသုံးလုံး ဗြဟ္မာနတ်မင်း ကျောက်စစ်ရုပ်ကြွဟာ ဟိန္ဒူ (Hindu) နတ်ဘုရားတေဖြစ်တဲ့ " ဗြဟ္မာ"ဆိုတဲ့ ဖန်ဆင်းရှင်၊ "ဗိဿနိုး"ဆိုတဲ့ စောင့်ရှောင့်သူ၊ "သိဝ"ဆိုတဲ့ဖျက်စီးသူ လို့ဆိုတဲ့ နတ်ဘုရားတွေကိုကိုယ်စားပြုပါတယ်
ဟင်ဒူ(Hindu) နတ်ဘုရားကျောင်းနံရ ခပ်မြင့်မြင့်နေရာမှာ ဒီကျောက်စစ်ရုပ်ကြွပုံပါ ကျောက်ပြားကို ကပ်ပြီး အလှဆင်မယ်။ နတ်မင်းဟာ ခြေတမလင်ခွေထိုင်လျှက် လက်အုပ်ချီထားပါတယ်။ နမသ္ကာရမုဒြာပါ။ ခေါင်းသုံးလုံးဟာသက်ဆိုင်ရာအရပ်တွေကိုမျက်နှာမူထားပါတယ်။ ကျစ်ဆံမီးကျစ်ထားတဲ့ဆံပင်တွေဟာ အပေါ်ကို အဖျားရှူးချွန်တက်သွားပြီး ကြာပန်းထိပ်ဖူးနဲ့အပေါ်မှာအဆုံးသတ်ထားတဲ့ အသေးစိပ်လက်ရာပါ။
ခန္ဓာကိုယ်အပေါ်ပိုင်းမှာတော့အဝတ်မပါ။ အောက်ပိုင်းမှာ အဝတ်စည်းထားတယ် ဆိုတာသိသာစေဖို့ အရေးကြောင်း(ကောက်ကြောင်း)အဖြစ်တွေ့ရပါမယ်။
ဗုဒ္ဓဘာသာရဲ့အငွေ့သက်တွေပြစ်တဲ့ လက်အုပ်ချီထားပုံ၊ ထိုင်နေပုံ ကိုယ်နေဟန်ထား၊ နားရွက်ရှည် စတာတွေကိုဒီကျောက်စစ်ရုပ်ကြွလေးမှာတွေ့ရမှာပါ။
ဒီကျောက်စစ်ပြားဟာ အရင်းမူလနေရာ ဘယ်နေရာကဆိုတာအတိအကျမသိနိုင်သေးပါ။ အရှေ့ဘင်္ဂလား ကလဲပြစ်နိုင်ပါတယ်။ ဒေါက်တာ ဂျေ. အန်ဒါစင် (Dr J. Anderson) ရဲ့ကိုယ်ပိုင်စုဆောင်းမှုတွေထဲကတစ်ခုဖြစ်ပြီး သူ့ဇနီးသည် Mrs G.S. Anderson အတွက်ထားရစ်ခဲ့တာပါ။ ဒေါက်တာ ဂျေ. အန်ဒါစင်ဟာ ၁၈၉၆ ခုနှစ်၊ဗြိတိလျှ အစိုးရရဲ့ပထမဆုံး လေ့လာရေးခရီးစဉ်ဖြစ်တဲ့ မြန်မာနိုင်ငံအထက်ပိုင်းကိုဖြတ်ပြီး တရုတ်ပြည် ယူနန်ဘက် လေ့လာရေးခရီးသွားအဖွဲ့ဝင်တွေထဲကတစ်ဦးပါ။
=============================================================================
အိန္ဒိယ ယဉ်ကျေးမှုရောက်လာပုံ၊ ဩဇာသက်ရောက်ပုံ အကျိုးပြုပုံတွေကို ပညာရှင်တွေပြုစုထားတဲ့စာတမ်းတွေ အများကြီးရှိပြီးသာမို့သိပ်အကျယ်ချဲ့မနေတော့ပါဘူး။
အနိရုဒ္ဓ (အနော်ရထာ) လက်ထက်မှာ သထုံကိုသိမ်းယူပြီးနောက်ပိုင်း ပင်လယ်ကူးဆက်ဆံရေးလမ်းကြောင်းဟာ တိုက်ရိုက်ပွင့်လာပါပြီ။ အဓိကပြောချင်တာက အိန္ဒိယ ၊ သီဟိုဠ် တို့နှင့်ဆက်ဆံရေး အတိုင်းမသိ ပိုပြီးလွယ်ကူသွားပါတယ်။
ကုလာကျွန်တွေကို ပင်လယ်ဆိပ်ကမ်းမြို့တွေက အလုံးရင်းဝယ်ပါတယ်။ ဥယာဉ်တွေမှာခိုင်းပါတယ်။ တချို့ကိုဘုရားကိုလှူတာလဲရှိပါတယ်။ အဲဒီမှာဘဲ သူတို့ ရဲ့ ဗြဟ္မဏ ယုံကြည်ကိုးကွယ်မှုတွေပါလာပါပြီ။ ဘယ်လောက်ထိလဲဆိုရင် ထိလိုင်မင်းခေါ်တဲ့ ကျန်စစ်သား (၁၀၈၄-၁၁၁၃) မင်းလက်ထက်မှာ ကုလာ ဗိသုကာပညာရှင်၊ ပုဏ္ဏား ဟူးရားတွေဟာသိပ်အရေးပါနေပါပြီး။ မွန်ဘာသာနဲ့ရေးထိုးထားခဲ့တဲ့ ကျန်စစ်သားနန်းတည်ကျောက်စာမှာ ဗြဟ္မဏယုံကြည်ကိုးကွယ်မှုတွေဖြစ်တဲ့ ဗိဿနိုးနတ်မင်းကို ပူဇော်တာတစ်ဆယ့်နှစ်ကြိမ်တိတိပါတယ်။ နန်းတော်နံရံကိုအလှဆင်ရာမှာ အလယ်ထိပ်စည်းဖြစ်တဲ့ကြာပွင့်ကြီးပေါ်မှာ ဗိဿနိုးနတ်မိဘုရား တြိ နတ်သမီးထိုင်နေတဲ့ပုံပါတယ်။
ပုဂံမှာရှိတဲ့ ဘုရားတွေထဲမှာ ဂိဂ္န (ရှိရှန) ၉၈၇/၄၁၃၊ အခုတော့ စေတနာကြီး ဘုရားလို့ ရှေးဟောင်းသုတေသန ဌာနကအမည်သစ်ပေးထားပါတယ်။
ဂိဂ္န (Sဲis_na) ဆိုတာ သက္ကတဘာသာလို ပူရိသလိင်လို့အဓိပ္ပာယ် ရှိတာကြောင့် သိဝ နတ်ကွန်းဖြစ်နိုင်ပါတယ်။ ရွှေဂူကြီး ၁၅၈၉/၉၀၁ ဘုရား။ ကျောက်စာမှာ ရွှေဂူကို (၁၆ ဧပြီ ၁၁၃၁)မှာ စဆောက်တယ်။၁၆ ဒီဇင်ဘာ၁၁၃၁ မှာပြီးတယ်။ ဘုရားအုတ်ခုံပတ်လည်မှာ ဟိန္ဒူနတ်ရုပ်တွေအပြည့်တွေ့ရလို့ မူလကဒီကျောင်းတော်ဟာ ဟိန္ဒူနတ်ကွင်းဖြစ်နိုင်ပါတယ်။ စတုရင်္ဂသူရ ဆိုတဲ့ပုဂ္ဂိုလ်တစ်ဦးက (၂၃ ဇန်နဝါရီလ ၁၇၇၁ ) မှာ ရွှေဂူကိုအသစ်ဖြစ်အောင်ပြင်ပါတယ်။ သက်သေအဖြစ် အနောက်ဘက်မုခ်မှာ ပါဠိမင်စာ မှတ်တမ်းရေးခဲ့ပါတယ်။ သရီ(သိရိပစ္စရာ) ရှိ စေတနာကြီး လို့အမည်ပြောင်းထားတဲ့ စေတီကြီးဟာလဲ တောင်အိန္ဒိယ ဟိန္ဒူဘုရားကျောင်း ဂိဂ္န (Sဲis_na) ကိုငုံးပြီးပြင်ထားတဲ့ စေတီပါဘဲ။

Ref:
မြန်မာမီးဖုတ်မြေထည်ပစ္စသည်းသုတေသနစာတမ်း,ဒေါက်တာ သန်းထွန်း။
Economic Life of the Early Burman( Myanma) by G.H. Luce, JBRS April 1940.
Old Burma (Myanma) Early Pagan 1970 by G.H. Luce
Phases of Pre-Pagan Burma (Myanmar) 1985 by G. H. Luce
Defacing Old Bagan, 26 Feb 1996 by Dr.Than Tun,
THE ART AND CULTURE OF BURMA , Dr. Richard M. Cooler , Professor Emeritus
Art History of Southeast Asia, Northern Illinois University.


၁၂ ရာစု ပုဂံ စဥ့်ထည် ကျောတ်ပြား


အမျိုးအစား - စဥ့်ထည် ကျောတ်ပြား
အချိန်ကာလ - ၁၂ ရာစု ( ပုဂံ )
ပြုလုပ်ပုံနည်းပညာ : ရွှင့်စေး ကိုအုတ်ရအောင်အရင်ဖုတ်၊ ပြီးရင်စဥ့်ရည်သုတ်လို့အလွယ်ရှင်းပါရစေ။
တွေ့ရှိရာနေရာ - ပုဂံ
အရွယ်အစား - အမြင့် ၂၆.၅ စင်တီမီတာ ၊ ထု(အထူ) ၃.၅ စင်တိမီတာ ၊အကျယ် ၂၆.၅ စင်တီမီတာ၊
လက်ရှိတည်နေရာ - ဗစ်တိုးရိးယား နဲ့ အယ်ဘာတ် ပြတိုက်၊ လန်ဒန်။
ပြတိုက်ပစ္စည်း အမှတ် - IS.127-1999

ဒီအစိမ်းရောင် စဥ့်ထည်ကျောတ်ပြား ဟာ ၁၂ ရာစုမှပြစ်ပြီး ယနေ့မြန်မာလို့ခေါ်တဲ့ ဘားမားကပါ။ နံရံ ဒါမှမဟုတ် ကြမ်းခင်းအဖြစ် အသုံးပြုတာမျိုးပါ။ ဖြစ်နိုင်ခြေရှိတာက စေတီ ရဲ့အောက်ခြေရှိ နံရံမှာ အလှဆင်ကျောတ်ပြား အဖြစ်အသုံးပြုတာမျိုးပါ။ ဒီလိုအလှဆင်ကျောတ်ပြားတွေဟာ ဗုဒ္ဓဘုရားရှင်ရဲ့ ဘဝဟောင်းဖြစ်စဉ်တွေဖြစ်တဲ့ ငါးရာငါးဆယ် ဇာတ်နိပါတ်တော်တွေကို ဖော်ပြတာပါ။
Alex Biancardi ကပြတိုက်ကိုလှူဒါန်း ခဲ့တာပါ။
-----------------------------------------------

စဥ့်ရည်သုတ်လိမ်းတဲ့ သဲအုတ်ဇာတ်တော် တွေ့နိုင်တဲ့နေရာတွေကတော့

ရွှေစည်းခုံ- ၁၁ ရာစုနှစ်
အာနန္ဒာ- ၁၁ ရာစုနှစ်
စူဋ္ဌာမုနိ - ၁၂ ရာစုနှစ်
စိုးမင်းကြီးစေတီ - ၁၃ ရာစုနှစ်
ထီးလိုမင်းလို- ၁၃ ရာစုနှစ်
ဓမ္မရာဇက- ၁၃ ရာစုနှစ်
မင်္ဂလာစေတီ - ၁၃ ရာစုနှစ်
မာန်အောင်စေတီ- ၁၃ ရာစုနှစ်

၁၈၉၁ ခုနှစ်လောက်က ဂျာမန်အမျိုးသား ဘူမိဗေဒပညာရှင် Dr. Fritz Von Noetling ခိုးယူစဉ်က စဥ့်ထည် ကျောတ်ပြား ၅၀၀ ခန့်ပါသွားနိုင်ပါတယ်။ အခုမြင်နေရတဲ့ ဗစ်တိုးရိးယား နဲ့ အယ်ဘာတ် ပြတိုက်၊ လန်ဒန်က စဥ့်ထည် ကျောတ်ပြားဟာ အဲဒိအခိုးခံရတဲ့ အထဲက တစ်ခုဖြစ်နိုင်ပါတယ်။


အမျိုးအစား - ရုပ်ထု/ ရုပ်ပွားတော်
အချိန်ကာလ - ၁၀ ရာစု
အမျိုးအစား - ကြေးနီပုံသွင်း၊ ရွှေချ
တွေ့ရှိရာနေရာ - ပုဂံ
အရွယ်အစား - အမြင့် ၇.၂၅ လက်မ ၊ အကျယ် ၄.၇၅ လက်မ။
လက်ရှိတည်နေရာ - ဗစ်တိုးရိးယား နဲ့ အယ်ဘာတ် ပြတိုက်၊ လန်ဒန်
ပြတိုက်ပစ္စည်း အမှတ် - IM.39-1922

ဒီ ဘုရားလောင်းဗောဓိသတ်လောကနာထ မင်းထိုင်ပုံ ဟာ ၁၀-၁၁ ရာစုနှောင်းပိုင်းဖြစ်ပြီး အတော်လေးကိုရှားရှားပါးပါးနဲ့ ၁၀ ရာစု သို့မဟုတ် ၁၁ရာစု နှောင်းလား ဆိုတာ ဝိရောဓိ ဖြစ်စေနိုင်တဲ့လက်ရာမျိုးပါ။ သို့သော်လည်းဘဲ အစောပိုင်းခေတ်ဦး သေ
သေသပ်သပ် အနုစိတ်ခြယ်မှုန်းတတ်တဲ့ လက်ရာမျိုးအဖြစ်တွေ့ရပါမယ်။ ဒီမင်းဝတ်တန်ဆာယောက်ျားပုံ ရုပ်ထု/ရုပ်ပွားတော်ကို ပုဂံဘုရားပုထိုး မှာလှူဒါန်းခဲ့တာပါ။

ပုဂံခေတ် လက်ရာတွေမှာ အိန္ဒိယ,ပါလ( India, Pala )ဟန်လွှမ်းမိုးမှုတွေကို အများအားဖြင့် ဘုရားဆင်းတုတော်တွေမှာတွေ့ရ ပြီး၊ မဟာယာနဟန် တွေကိုတော့မြေပုံဘုရား၊ နံရန်ဆေးရေးပန်းချီတွေမှာအတွေ့များပါတယ်။ အပယ်ရတနာ ဘုရားဟာမဟာယာနဟန်ပါ။ ဟင်ဒူဘာသာ( Hindu )အယူဝါဒကိုတော့ ဗေဒင်၊အခါပေး နဲ့ နတ်ဘုရားရုပ်ထုအချို့ တွေမှာတွေ့ရပါတယ်။ ဒါကြောင့် ပုဂံခေတ် ကိုးကွယ်ယုံကြည်မှု ဟာအများထင်သလို ဗုဒ္ဓဘာသာ တစ်ခုတည်းမဟုတ်ပါ။ နောက်ပြီး စိတ်ဝင်စားစရာအဖြစ် လူပြောများလှတဲ့ အရည်းကြီး ကိုးကွယ်မှု ကိုဘယ်ကျောက်စာ၊ဘယ်လိုအထောက် ထားမျိုးမှာမှရှာမရပါ။ အုပ်ချုပ်တဲ့မင်း တွေအနေဖြင့် ဘယ်ကိုးကွယ်ယုံကြည်မှုကိုမှ ဖိနှိပ်တာမျိုးကိုမရှိပါ။
အနိရုဒ္ဓ (အများခေါ် အနော်ရထာ) မင်းဟာ မဟာယာနဗုဒ္ဓဘာသာကိုးကွယ်ယုံကြည်မှုကိုပါချီးမြင့်တယ်ဆိုတာ သူကိုယ်တိုင်ပြုလုပ်လှူဒါန်းတဲ့ မြေပုံဘုရား နောက်ကျောစာမှာ

ဧသော လောကနထော မဟာရာ
ဇသိရီ အနိရုဒ္ဓဒေဝေနကတော
မိမုတ္တ မုတံ္တ သဟတ္တေနေဇာတိ

(မြန်မာလိုပြန်ကတော့)
ဤလောကနာထ(ဘုရားလောင်း) ပုံတော်ကို
သိရီ အနိရုဒ္ဓဒေဝ မင်းကြီးလည်း
သံသရာမှ ထွက်မြောက်ရန် ကိုယ်တိုင်လုပ်သည်။

ဒီမြေပုံဘုရား(အုတ်ခွတ်ဘုရား)ကို ခန့်မှန်း ၁၉၃၈လောက်က ပခုက္ကူရေစကြို ကားလမ်း၊ ပခုက္ကူက ၁၂ မိုင်ကွာ ကန်သစ်ရွာသူကြီး ဦးဘတင်က ကျောက်စာဝန်ဟောင်း ဦးမြဆီလာပေး/လာပြ ( ပေးလား/ပြလား မသေချာ) တယ်လိုဆိုပါတယ်။

Ref: ဒေါက်တာသန်းထွန်း၏ ပုဂံ ( ၂ )သုတေသနစာတမ်း၊ အမှတ် ၁၄ ၊ ဒီဇင်ဘာ ၁၉၉၆၊ ကလျာ မဂဇင်း။

တူရွင်းတောင် ဘုရားကျောက်စာ




တူရွင်းတောင် ဘုရားကျောက်စာ
ပုဂံအရှေ့တောင် ၊ တူရွင်းတောင်ထိပ်။ ပုံ ၄၅ ။ စာရင်း ၄၆၅ ။
၁။ သဂရစ် ၅၈၆ မြက္ကသိုလနှစ် တပို့တွဲ
၂။ လဆန်း ၂ ရက် ကြာသာပတေင့ အား အရည်း
၃။ ငစိုက်သင် နှင့် ၊ ငစင်သင်လုံ မိန့်ကြားကာ ငစ
၎။ င်သင် မအောင် ငစိုက်သင်အောင်၏။ တရားသူ
၅။ ကြီးကားအကျိုးရှိ ၁၊ စတ္တ(ရုယ်) ၁၊ ကစ္စကာပတိ
၆။ ယ် ၁၊ ကစ္စပကြုံ ။ ဤသူ ၄ ယောက်သောကား
၇။ တရား(ကွ)န်း သာယာတွင် မေး ပေသတေး၊
၈။ တူရင်တောင်ထက် ငစိုက်သင် ပုထိုး ၂ လုံး
၉။ ဂူတလုံးလှူသော ယာ ၄ ပယ် ကျွန်
၁၀။ (ကား) ငစွယ်ဘုရား ကျွေးစေသတေး (။) သားမြေး
၁၁။ (တွ)င်လည်းကောင်း သူလည်းကောင်း လူစားမူကား
၁၂။ အဝစိယ်ကား အထက်လူစားမူသောကား
၁၃။ အောက်ဖြစ်စေ သတေး။ အဆွေ အဝ(ာ:)
၁၄။ အတိုင်းမသိရပါစေ သတေး။


အကျဉ်းချုပ်မြန်မာပြန်
သက္ကရာဇ် ၅၈၆ ခု ( ၁၂၂၅ ) တောကျောင်းရဟန်း နှစ်ပါးဖြစ်တဲ့ အရည်း " ငစိုက်သင်" နှင့် " ငစင်သင်လုံ" တို့ မြေပိုင်ဆိုင်မှုအတွက် အမှု ဖြစ်တယ်။ အမှုကို တရားသူကြီး ၄ ဦးပါ တရားကွန်သာယာ ( တရားရုံး ) မှာစစ်ဆေး ဆုံးဖြတ်တယ်။ ငစိုက်သင် တရားအောင် ( တရားနိုင် ) တယ်။ တရားနိုင်သူ ငစိုက်သင် က တူရွင်းတောင်ထက် မှာ ပုထိုး ၂ လုံး၊ ဂူ ၁ လုံး နဲ့ ဘုရားကျွန် အဖြစ် " ကျွန်ငစွယ်" ကိုလှူတယ်။
သူ့ကောင်းမှုကို လု့ယက်ဖျက်စီးသူမှန်သမျှသည် အဝီသို့ ကျပါစေ သတည်း။ သူ့ကောင်းမှုကုသိုလ် အကျိုးကို အဆွေပါးအားလုံး ရပါစေသတည်း၊ လို့ တိုတိုဘဲရေးခဲ့တယ်။
ကျောက်စာက တိုသလောက် လေ့လာစရာ များပါတယ်။ပညာရှင်အများစု အဆိုအရ " ရဟန်းနှစ်ပါး အမှုဖြစ်တာ" ၊ ဒီအမှုကို " လူ တရားသူကြီး " က ဆုံးဖြတ်တာ၊ တရားသူကြီး ၄ ဦးထား ဆုံးဖြတ်တာ စသဖြင့် အထူးအဆန်းဖြစ်စေတယ်လို့ ဆိုတယ်။
ကျွန်တော်သတိထားမိတာက အလှူရှင်ဟာ ရဟန်းဖြစ်နေပါရက် ဘာလို့များ သူ့ကောင်းမှုအတွက် " ကျိန်စာ " တိုက်ခဲ့သလဲဆိုတာပါ။

ဒေါက်တာ သန်းထွန်းရဲ့ စာတမ်းမှာ " အရည်း ငစိုက်သင် " ဟာ တောကျောင်း ရဟန်းဖြစ်တယ်လို့ အခိုင်အမာ ဆိုထားတယ်။

" ပြလမ္ဗနာသန"



ယေဓမ္မာ ဟေတုပ္ပ ဘဝါ
တေသံ ဟေတုံ တထာ ဂတော
အာဟ တေသဉ္စ ယောနိ ရောဓေါ
ဧဝံ ဝါဒီ မဟာ သမဏော

ခန္ဓာရဲ့ဖြစ်ခြင်း အစဟာ သမုဒယဖြစ်တယ်။ သမုဒယရဲ့ ဖြစ်တည်ရာကို ပြောပြတယ်။ ချုပ်ငြိမ်းစေရာ ဖြစ်တဲ့ နိရောဓတရားကို ပြောပြ ခြင်းသည် ဘုရား၏အဆုံးမ ဝါဒဖြစ်သည်။

ကျွန်တော်ဒီလိုဘဲနားလည်တယ်။ ဒိထက်ရှင်းမပြတတ်ပါ။
လာဖတ်တဲ့ သူများရှင်းပြခဲ့ရင် ကောင်းမယ်။

ခရစ် (Chris ) ပြောသလို ထူးခြားတဲ့ ဟန်ဆိုသော်လည်း အရေတွက်မနည်းဘူလို့ ပညာရှင်တွေ ယူဆထားပါတယ်။ ဗုဒ္ဓ ရုပ်ပွါးတော်တွေရဲ့ ဟန်ပန်ကို ခွဲခြားရာမှာ.

" လက်တော်ဟန်ထား" " မုဒြာ " ( Mudra ) လို့ခေါ်တယ်။

" ခြေတော်ဟန်ထား" " အာသန " ( Asanas ) လို့ခေါ်ပါတယ်။

ခုမြင်နေရတဲ့ မြေပုံဘုရား မှာ ဗုဒ္ဓ ရုပ်ပွါးတော်ရဲ့ လက်တော်ဟန်ထား" တရားဟော( တရားပြ ) ဟန်
" ဓမ္မစကြာမုဒြာ " ( Dharmacakranmudra ) ဖြစ်တယ်။

" ခြေတော်ဟန်ထား" က ခြေနှစ်ဘက်စုံချထားတဲ့ " ပြလမ္ဗနာသန" ( Pralambana`sana) ဖြစ်ပါတယ်။

ဒီလိုခြေတော် စုံချထားတဲ့ ဟန်ဟာ ပျူခေတ်ကတည်းက ရှိခဲ့တဲ့ ဟန်လို့ ပညာရှင်တွေ ဆိုပါတယ်။ ပါကစ္စတန်နိုင်ငံ " ဂန္ဓာ
" မှာတော့ အေဒီ ၂-၃ ရာစုမှာကတည်းကရှိခဲ့တယ်။

အာဖဂန်နစ်စတန် ဘာမိယံ ( Bamiyan) မှာတော့
အေဒီ ၃-၄ ရာစုကတည်းကရှိခဲ့တယ်။ တာလီဘန်တွေ ဖျက်စီးပစ်လို့ အတော်များများ ပျက်စီးကုန်ပါပြီ။

No comments:

Post a Comment