Wednesday, November 28, 2012

သင်ရဲ့ ငွေကြေးများကို မြဲမြဲမြံမြံ ဆုပ်ကိုင်ထားနိုင်မည့် နည်းလမ်း


သင်၏ ငွေကြေးရေးရာ ကိစ္စရပ်များကို စည်းစနစ်တကျဖြစ်အောင် အရင်ဆုံး ဖန်တီးလုပ်ဆောင်ပါ။
မည်သည့်အသုံးစရိတ်အတွက် ငွေပမာမည်မျှ သုံးစွဲနိုင်သည် ဆိုသည့် အစီအစဉ်ရေးဆွဲထားခြင်း မရှိပါက ဝင်ငွေ၊ လစာများ နောက်တစ်ကြိမ် ဝင်မလာမီ ကျွန်မတို့ရဲ့ အသုံးစရိတ်များအား ပိုမိုသုံးစွဲထားမိတတ်ပါတယ်။ အဲဒီအခါကျရင် ဝင်ငွေအသစ်များ ဝင်ရောက်မလာမီ ကာလတစ်လျှောက် ကျွန်မတို့ရဲ့ လက်ချည်းသက်သက် မလောက်မငှ ဘဝနဲ့ အသက်ဆက်နေရမှာ ဖြစ်ပါတယ်။ ငွေကို အလွန်အရေးပါသော အရာများတွင် သုံးစွဲရန်အတွက်သာ တာစူထားသင့်ပါတယ်။ ငွေကို မည်သည့်အခါမျှ အလဟဿ ဖြုန်းတီးမပစ်သင့်ပေ။ ကျွန်မတို့ရဲ့ နေ့စဉ်ဝင်ငွေများအား စနစ်တကျ စိစစ်သုံးစွဲမှသာ ငွေကြေး ကြပ်တည်းမှုအခြေအနေကနေ လွတ်မြောက်နိုင်မယ်လို့ ကျွန်မ မြင်မိပါတယ်။
တစ်ခါတလေ ဝင်တဲ့ငွေနဲ့ သုံးတဲ့စရိတ်က မလောက်မငဖြစ်တတ်တာကို သင်တွေ့ရမည် ဖြစ်ပါတယ်။ ဘာကြောင့်ပါလဲ။ ကျွန်မ အမြင်အရပြောရရင် ဝင်ငွေနဲ့ ထွက်ငွေကို စာရင်းပြုစုမှု မပြုလုပ်ပဲ ဝင်သမျှကို သုံးစွဲလိုက်ခြင်းကြောင့်သာ ဖြစ်ပါတယ်။

       ဒါကြောင့် အရင်ဆုံး ပြုလုပ်သင့်သည်ကတော့ သုံးစွဲခွင့်ရှိသည့် ပမာဏသည် ဝင်ငွေနှင့် ညီမျှနေရပါမယ်။ ရ/သုံးငွေစာရင်း ရေးဆွဲထားရှိခြင်းဖြင့် သင်ရဲ့ ငွေကြေးများကို စနစ်တကျ ထိန်းထိန်းသိမ်းသိမ်းနှင့် သုံးစွဲနိုင်သည့် လက်နက်ကောင်းအဖြစ် အသုံးပြုနိုင်ပါမယ်။ ဒီတော့ နေ့စဉ်အသုံးစရိတ်များကို သေချာ မှတ်သားထားပြီး အပိုမသုံးပဲ လိုအပ်သော အသုံးစရိတ်ကိုသာ ထုတ်သုံးကြည့်လိုက်ပါ။ မိသားစုတစ်စုစီရဲ့ အခြေအနေချင်းကတော့ တူညီမှာမဟုတ်တဲ့အတွက် ဦးစားပေးစာရင်းတွေလည်း တူညီကြမှာ မဟုတ်ပါဘူး။ ဘာပဲဖြစ်ဖြစ် အရမ်းအရေးကြီးတာနဲ့ မလိုတာကို ခွဲခြားသိရှိမှသာ သင် သီးသန့်စီထားရှိပြီး လုပ်ဆောင်ကြည့်စေချင်ပါတယ်။ ကျွန်မတို့ မိသားစုတွေ ဘာကြောင့် ငွေကြေးကြပ်တည်းသနည်းလို့ အမြဲစဉ်းစားကြည့်မိသည်။ ဝင်ငွေနဲ့ ထွက်ငွေ မညီမျှခြင်းကြောင့်သာ ဖြစ်သည်ဆိုတဲ့အချက်ကို အဖြေထွက်ရှိသည်။ တကယ်လို့ သင်ရဲ့ ဝင်ငွေ အတက်အကျ အနည်းအများ မညီမျှရင်တော့ သင်က ငွေပမာဏ များများဝင်သောအခါတွေမှာ ငွေများများ ပိုမို စုဆောင်းထားရှိလိုက်ပါ။ ငွေနည်းနည်းပိုရသော လတွေမှာ အစားအသောက်တွေကို ဦးစားမပေးပါနဲ့။ ငါတော့ ငွေလေး ရှိတုန်း ကြေးအိုးလေး သောက်လိုက်ဦးမှ၊ ဘဲကင်လေး စားလိုက်ဦးမှ အလုပ်သွားတာ နောက်ကျနေပြီ ကားငှားသွားမှဆိုတဲ့ အသုံးတွေလည်း တတ်နိုင်သမျှ မလုပ်မိပါစေနဲ့။ သင့်အတွက် သိပ်အရေးမကြီးသော အရာ၊ ငွေကုန်ကြေးကျများခဲ့သော အရာများအပေါ် အသုံးစရိတ်လျှော့ချပြီး အလွန်အရေးပါသော အရာများကိုသာ ဝယ်ယူရန် သင် သုံးသပ်ကြည့်သင့်ပါတယ်။
နောက်တစ်ခုက ကြားရက်တိုင်း သင်ရဲ့ အသုံးစရိတ်များကို ပြန်စစ်ဆေးပါ။ အမျိုးအစားတိုင်းရဲ့ အမျိုးအမည်နှင့် ကိုယ်သုံးမယ့် တစ်ခုချင်းစီအပေါ် ကုန်ကျခဲ့မှုများကို ရေးချမှတ်သားလိုက်ပါ။
အဲ နောက်တစ်ပတ်ကုန်တိုင်း တစ်နေ့ချင်းစီ သုံးခဲ့သမျှကို အနှစ်ချုပ်ကြည့်ပါ။ အမျိုးအစားအားလုံးအပေါ် သုံးစွဲခဲ့မှုများကိုလည်း စာရင်းချုပ်ကြည့်ပါ။ ပြီးပြီဆိုရင်တော့ ခွဲခြမ်းစိတ်ဖြာ လေ့လာကြည့်သင့်ပါတယ်။
အဲဒီအချိန်ကျရင်တော့ ကိုယ့်ဘာသာ မေးခွန်းလေးတွေ မေးကြည့်သင့်ပါပြီ။
၁။ ငါ့ရဲ့ အသုံးစရိတ်များက ငါ့ရဲ့ ဝင်ငွေထက် ပိုများနေသလား။
၂။ ငါ ဒီလို လုပ်ဆောင်ကြည့်တဲ့အခါ ငါ့အတွက် ဘာကောင်းကျိုးတွေ ရရှိခဲ့သလဲ။

ဒီလို သုံးသပ်ကြည့်ပြီးပြီဆိုရင်တော့ နောက်တစ်ဆင့်အနေနဲ့ သင်ရဲ့ဘဝမှာ ငွေကြေးအရာမှာ ငွေ များများကျန်ရှိနေစေဖို့ လုပ်ဆောင်နိုင်တဲ့ နည်းလမ်းကတော့ နှစ်သွယ်ရှိပါတယ်။ ဘာတွေလဲဆိုတော့ ပထမတစ်နည်းက
၁။ လျော့နည်းသွားသော စရိတ်စကများအတွက်
အကယ်၍ သင်ရဲ့ ဝင်ငွေ တိုးမလာပါက
- သင်ရဲ့ အသုံးစရိတ်များကို လျှော့ချကြည့်ပါ။

နောက်တစ်နည်းကတော့
၂။ ပို၍ များလာသော ဝင်ငွေ
အကယ်၍ သင်ရဲ့ အသုံးစရိတ်များကို မလျှော့ချနိုင်ပါက
- ဝင်ငွေ တိုး၍ ရှာကြည့်ဖို့သာ လိုပါတော့တယ်။


တစ်ခါတလေ အသုံးလိုသော ပစ္စည်းတွေကတော့ ကျွန်မတို့အတွက် အမြဲတမ်းဖြစ်ပေါ်နေတယ်ဆိုတာ ကျွန်မ နားလည်ထားပါတယ်။ နေ့စဉ်စားသောက်နေသော အစားအသောက် စားသောက်ခြင်း နောက် နေစရာ နေရာအတွက်လည်း ကျွန်မတို့အတွက် တွေးပူနေရပါသေးတယ်။ နောက် အဝတ်အထည်ကလည်း မဝယ်လို့ မဖြစ်တဲ့အနေအထားပေါ့လေ နောက် အိမ်စရိတ် မီတာခ ဘာခ ညာခတွေကလည်း ရှိသေးတယ်။ ဒါတွေကတော့ လျှော့လို့ရမည် မဟုတ်ဘူးဆိုတာ ကျွန်မ ကိုယ်တွေ့ ခံစားမိပါတယ်။ ဒီတော့ ဝင်ငွေလည်း တိုးပွားချင်တယ်ဆိုရင်တော့ အစီအစဉ်လေးတွေ ရေးဆွဲကြည့်ပေါ့နော်။ ဝင်ငွေအမြောက်အမြား လိုချင်တယ်ဆိုရင်တော့ လုပ်ငန်းများများ တိုးပြီး လုပ်ဆောင်သင့်ပါတယ်။ ဒါမှမဟုတ် လုပ်အားခ ပိုရတဲ့ အလုပ်လုပ်ကြည့်ပါ။ နောက်တစ်ချက်ကတော့ ဝင်ငွေကို စုပြီးပြီဆိုရင်တော့ ဝင်ငွေရစေမယ့် လုပ်ငန်းတွေ မှာ ရင်းနှီးမြှုပ်နှံမှု ပြုလုပ်ကြည့်စေချင်ပါတယ်။ အရင်တုန်းကတော့ ခေတ်ကာလအခြေအနေအရ အိမ်ထောင်တစ်ခုမှ အိမ်ထောင်ဦးစီးတစ်ဦးရဲ့ လုပ်စာကို တစ်မိသားစုလုံး စားနိုင်တဲ့အနေအထားပါ။ ဘယ်အချိန်ကလည်းဆိုတော့ ကျွန်မတို့ ငယ်ငယ်အရွယ်လောက်ကပါ။ ခုတော့ ဒီလိုမဟုတ်တော့ပါဘူး။ တစ်မိသားစု လူကုန် အလုပ်လုပ်မှ ဝမ်းဝရုံ စားသောက်နိုင်တဲ့ အနေ အထား ခေတ်အခြေအနေကို ရောက်ရှိနေ တာကို သင်တို့လည်း တွေ့ရှိမယ်လို့ ကျွန်မ ထင်ပါတယ်။ ဒါကြောင့် ကိုယ်ပိုင်ငွေကို အစီအစဉ်ရေး ဆွဲကြည့်တာက ဘာနဲ့တူသလဲဆိုတော့ ကားမောင်းတာနဲ့ အလားသဏ္ဌာန်တူပါတယ်။ တကယ်လို့သာ ကားမောင်းရှိန်ကို အရှိန်မြှင့်လိုက်မယ်ဆိုရင် လမ်းပေါ် ရွေ့လျားသွားနိုင်ပါတယ်။ ဒီလိုမှမဟုတ်ဘူး။ ဘရိတ်ကိုပဲ ခဏခဏနင်းနေမယ်ဆိုရင်ဖြင့် သင် မည်သည့်အရပ်မှ ရောက်တော့မှာ မဟုတ်ဘူး။ ဒီတော့ ကျွန်မ သိသလောက် ပြောရရင်တော့ သင်မှာ ရည်မှန်းချက်များ ချမှတ်ထားရှိဖို့ လိုအပ်ပါတယ်။ နောက် အသုံးစရိတ်တွေကိုလည်း ထိန်းချုပ်လျှော့ချကြည့် ရပါမယ်။ ဒီထက် ပိုပြီး အရေးကြီးတာ ကတော့ ငွေကြေးအသုံးစရိတ်တွေကို ရေးမှတ်ထားသင့်တယ်ဆိုတာပါပဲ။ ခုချိန်ကစပြီး ကျွန်မ စမ်းသပ်ကြည့်နေတဲ့ အတွက် သင်လည်း စမ်းသပ် လုပ်ဆောင်ကြည့်မယ်လို့ ကျွန်မ မျှော်လင့်နေမိပါတော့တယ်။

မြန်မာအိုင်စီတီဂျာနယ်တွင် မနောဖြူလေးကလောင်အမည်ဖြင့် ဖော်ပြပါရှိပြီး ဖြစ်ပါသည်။

No comments:

Post a Comment