Sunday, March 17, 2013

အင်တာနက်ကို E-mail ပို့ရုံ၊ Chat လုပ်ရုံပဲလို့သာ သင်ထင်နေသလား





အင်တာနက်ဆိုတာ ..........
          အသုံးဝင်မှု အပိုင်းကပြောရင် ကမ္ဘာတစ်ဝှမ်းက လူသန်းပေါင်း (၁၄၀၀) ကျော်ပါဝင်နေတဲ့ မြို့တော်ကြီး တစ်ခုလို့လည်း ပြောနိုင်ပါတယ်။ ကမ္ဘာပေါ်က လူသန်းပေါင်း (၇၅၀၀) ကျော်ရဲ့ ၆ ပုံ ၁ ပုံက ဒီနေ့ခေတ်မှာ အင်တာနက်ပေါ်က တစ်ဆင့် အချင်းချင်းချိတ်ဆက်၊ ရောင်းဝယ်ဖောက်ကားနေကြပါတယ်။ စာမတက်တဲ့သူ၊ ကိုယ်အင်္ဂါချို့တဲ့သူ၊ နားမျက်စိအလင်းမရသူများတောင်မှ အင်တာနက်နဲ့ ချိတ်ဆက် အသုံးပြုလာနိုင်ပြီလို့ ဆိုရမှာဖြစ်ပါတယ်။
လူသန်းပေါင်းများစွာ အသုံးပြုတဲ့ အင်တာနက်ရဲ့ အသုံးပြုခကလည်း သာမန်ဆင်းရဲသူများပါ သုံးလာ နိုင်အောင် ဈေးနှုန်းသက်သာလာတဲ့အတွက် ကမ္ဘာ့ဖွံ့ဖြိုးဆဲနိုင်ငံတွေရဲ့ အင်တာနက်အသုံးပြုမှုဟာလည်း တစ်နေ့ တစ်ခြား တိုးတက်များပြားလာခဲ့ပါတယ်။ လူကြီးလူငယ်မရွေး အင်တာနက်ကြိးကို ပါးစပ်ဖျားက မချ၊ လက်ကကိုင်လာနိုင်တဲ့ အင်တာနက်ရဲ့ တန်ခိုးအရှိန်ဟာ ကြီးမားလာနေပါပြီ။ အင်တာနက်ကို ကမ္ဘာတစ်ဝှမ်းက ချိတ်ဆက်အသုံးပြုနေတဲ့ နှုန်းထားဟာဆိုရင်ဖြင့် တစ်နာရီထက် တစ်နာရီ ပိုပြီး တိုးတက်လျက်ရှိပါတယ်။ အင်တာနက်ဟာ ဘယ်သူ့ကိုပဲဖြစ်ဖြစ် အကြောင်းအရာပေါင်းစုံကို တစ်ထိုင်တည်း၊ တစ်ချက်တည်းနဲ့ ရှာဖွေပေးနိုင်ပြီး လွယ်ကူလျင်မြန်စွာ ကမ္ဘာတစ်ဝှမ်းနဲ့ ဆက်သွယ်ပေးနိုင်တဲ့ အစွမ်းရှိပါတယ်။ ဒီတော့ အင်တာနက်သုံးတဲ့အခါ ဘာတွေသိထားရမလဲဆိုတာ အောက်မှာ ဖေါ်ပြပေးလိုက်ပါတယ်။

အချက်အလက်ရှာဖွေခြင်းနှင့် အချက်အလက်ရှာဖွေပေးသူများ
          အင်တာနက်အသုံးပြုတဲ့အခါ သိထားရမှာက ဘယ်လိုအကြောင်းအရာ အချက်အလက်တွေ ဘယ်နေရာကနေ ရှာလို့ရမလဲဆိုတာပါပဲ။ အင်တာနက်ပေါ်ကို အစိုးရတွေက အစပြုလို့ နိုင်ငံတကာ ကော်ပိုရေးရှင်းတွေ ပညာရေးအဖွဲ့အစည်းတွေ လုပ်ငန်းရှင်စီးပွားရေးသမားတွေ အလယ် သာမန်ကျောင်းသား ကျောင်းသူများတွေအဆုံး အချိန်နဲ့အမျှ အမျိုးမျိုးသော အကြောင်းအရာတွေကို တင်လေ့ရှိပါတယ်။ အင်တာနက်အပေါ်ကို သူတို့ရဲ့အကြောင်းအရာတွေ၊ သူတို့သိတဲ့အချက်တွေကို တင်ခြင်းအားဖြင့် အဲဒီအချက် တွေကို အခြားသူတွေ သိမယ်၊ သူ့အလုပ်ကို နိုင်ငံတစ်ဝန်းက လူတွေ ပိုသိလာမယ်။ ဒီလိုနဲ့ နိုင်ငံရေး၊ စီးပွားရေး၊ ပညာရေးကို ကမ္ဘာအရပ်ရပ်က သိပြိး ပိုမိုအောင်မြင်လာနိုင်ပါတယ်။ ဒီနည်းအားဖြင့် မိမိသိတဲ့အချက်ဖြစ်စေ၊ မိမိရဲ့ကဗျာဖြစ်စေ၊ မိမိရဲ့ဆောင်းပါးဖြစ်စေ၊ မိမိရဲ့အတွေ့အကြုံတွေဖြစ်စေ၊ မိမိရဲ့မှတ်ချက်တွေကိုပဲ ဖြစ်စေ လူတွေ အဖွဲ့အစည်းတွေဟာ အင်တာနက်ပေါ်မှာ တင်လာကြပါတယ်။ ဒီလိုအချက်တွေ တင်လာကြတဲ့အတွက် အင်တာနက်ပေါ်မှာ အချက်အလက်တွေဟာ တစ်နေ့ထက်တစ်နေ့ ပိုမိုပြီး များပြားလာပါတယ်။ ဒီလိုနဲ့ပဲ ယနေ့လူတွေဟာ လိုအပ်တဲ့အချက်မှန်သမျှကို အင်တာနက်ကနေ ရှာကြတဲ့ ဓလေ့တစ်ခုကို ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ လက်ခံလာရတော့တာပါပဲ။ ခုဆို ကြည့်လိုက်ပါဦး။ နိုင်ငံတော်သမ္မတကြီးကိုယ်တိုင်တောင် ပြည်သူလူထုနဲ့ တိုက်ရိုက်ဆက်သွယ်နိုင်ဖို့ ကိုယ်ပိုင်ဝက်ဘ်ဆိုက်တွေ ဖန်တီးလာခဲ့ပါပြီ။ ဒါ့အပြင် ခုတစ်လော အားလုံးလည်းသိကြတဲ့ ဦးဇင်း ဦးကျော်ဟိန်းရဲ့ အသိ သတိဆိုတဲ့ဝက်ဘ်ဆိုက်လည်း လွှင့်တင်လို့လာနေပြီ ဖြစ်ပါတယ်။
          ယနေ့ထက်ထိ အင်တာနက်လောက် ကမ္ဘာအရပ်ရပ်က လူသားတွေအတွက် လိုအပ်တဲ့အချက်တွေကို တစ်ထိုင်တည်း၊ တစ်နေရာတည်းကနေ ရယူနိုင်အောင် စွမ်းဆောင်ပေးနိုင်တဲ့အရာ လူ့သမိုင်းမှာ မပေါ်ဖူး သေးပါဘူး။ တစ်ဖက်က ကြည့်ရင်လည်း အချက်အလက်တွေ စုံလာသလို၊ မလိုအပ်တဲ့ အချက်အလက် တွေလည်း အင်တာနက်ပေါ်မှာ အများကြီးရှိလာပါတယ်။ လူတွေဟာ ကောင်းတာတွေကို တင်ကြသလို၊ မလိုအပ်တာတွေကိုလည်း တင်ချင်တင်မိကြပါတယ်။ ဘယ်သူမဆို ကောင်းတာ ဆိုးတာတွေကိုလည်း တင်လို့ ရလို့ပါပဲ။ တကယ်တော့ အင်တာနက်ပေါ်က အချက်တွေရဲ့ ကောင်းတာဆိုးတာဟာ လူတွေရဲ့ ကောင်းတာ ဆိုးတာနဲ့ပဲ တိုက်ရိုက်သက်ဆိုင်ပါတယ်။ အခုဆိုရင် အင်တာနက်သုံးမယ့်သူတစ်ဦးအတွက် အရေးကြီးတဲ့ အချက်ကို ခန့်မှန်းလို့ ရပြီလို့ ထင်ပါတယ်။ သန်းနဲ့ချီပြီး တန်ဖိုးရှိတဲ့အချက်တွေလည်း ရှိသလို သန်းနဲ့ချီပြီး အသုံးမ၀င်တဲ့ အမှိုက်တွေလည်း ရှိတဲ့ အင်တာနက်ကို သုံးတဲ့အခါ ကိုယ်လိုတဲ့အချက်ကို ဒက်ထိရှာဖွေနိုင်ဖို့ အရေးကြီးသွားပါပြီ။ ဒါဟာ အင်တာနက်နဲ့ ပတ်သက်လို့ လူတိုင်းသိရှိနားလည်ရမယ့် ကိစ္စဖြစ်ပါတယ်။ အင်း ပြောရရင် ဒီလိုကိစ္စဟာ အင်တာနက်မှာမှ မဟုတ်ပါဘူး။ ရပ်ကွက်ထဲက ဗီဒီယိုခွေဆိုင်မှာ သွားငှားရင်တောင်မှ ခွေတွေကို ကိုယ့်ဟာကိုယ် ရှာတာထက် ခွေဆိုင်က ငှားပေးတဲ့သူကို မေးလိုက်တာက ပိုပြီး မြန်ဆန် ထိရောက်မှုရှိတာကို တွေ့ရပါတယ်။ ဘာကြောင့်လဲ? အဖြေက ရှင်းရှင်းလေးပဲ။ ခွေဆိုင်က လူက လာသမျှ လူတွေရဲ့ ဇာတ်လမ်းအပေါ် အမြင်တွေကို မေးမြန်းမယ် ငှားသူတွေမရှိရင် ဆိုင်ထဲက ခွေတွေကို ကြည့်နေ၊ စီနေမယ်။ ကြာတော့ သူ့ဝန်းကျင်မှာ ကျွမ်းကျင်လာပြီပေါ့။ ဒီတော့ ခွေငှားတဲ့သူလာတော့ သူ့အနေနဲ့ အလွယ်တကူ ထုတ်ပေးလာနိုင်တာပေါ့။ ဒီလိုပဲ အင်တာနက်ထဲမှာ သန်းနဲ့ချီတဲ့ အချက်တွေထဲက ကိုယ် လိုချင်တာကို ကိုယ့်ဟာကိုယ် လိုက်ရှာတဲ့အခါ ဘယ်အကြောင်းအရာက ဘယ် website မှာရှိတယ်ဆိုတာ သိဖို့ရာ မလွယ်ကူလှပါဘူး။ အသစ် အသစ်တိုးလာတဲ့ Website တွေကလည်း တစ်နေ့ထက် တစ်နေ့ တိုးတက်များပြားလာနေပါတယ်။ ကိုယ်ကတော့ ကိုယ်ရှာချင်တာကို သိနေတယ်။ ဥပမာ အမေရိကန်မှာရှိတဲ့ တက္ကသိုလ်တွေသိချင်တယ်ဆိုပါတော့။ ဒီအခါ အင်တာနက်ထဲမှာ ရှာပေးတဲ့အဖွဲ့တွေ၊ Website တွေ အများကြီးရှိတယ်။ သူတို့ကို Search Engine တွေလို့ ခေါ်တယ်။ ယခုလောလောဆယ် Search Engine တွေထဲမှာ နာမည်ရနေတာက Google နဲ့ Yahoo တို့ပဲ ဖြစ်ပါတယ်။ ဒါကြောင့် အင်တာနက်သုံးမယ့်သူတွေဟာ Search Engine တွေဖြစ်တဲ့ www.google.com နဲ့ www.yahoo.com တို့ကို သုံးတတ်ဖို့ လိုပါတယ်။ ဒီတော့ အရင်ဆုံး အင်္ဂလိပ်စာတစ်ခုကိုတော့ အနည်းအကျဉ်း၊ အဓိပ္ပာယ်သိထားရင် အဆင်ပြေပါတယ်။ အာဖရိက တိုက်၊ အာရှတိုက်က အင်တာနက်သုံးတဲ့သူတွေအားလုံး အင်္ဂလိပ်စာအများကြီး မတတ်ပေမယ့် အင်တာနက် ပေါ်မှာ လိုချင်တဲ့အချက်တွေကို ရှာနေကြတယ်မဟုတ်လား? တဖြည်းဖြည်း အင်တာနက်သုံးရင်းနဲ့ပဲ အင်္ဂလိပ်စာကိုလည်း တစ်ဖက်တစ်လမ်းကနေ ပိုတိုးတက်လာဖို့ အခွင့်အလမ်းတွေ ရှိလာနေပါတယ်။ နောက်တစ်ချက်က အီးမေးလ်ဆိုတာ ဘယ်လိုနေရာမှာ အသုံးပြုသလဲဆိုတာလည်း လေ့လာထားဖို့ လိုအပ်လှ ပါတယ်။

အင်တာနက် အီးမေလ်းများ
အီးမေးလ်ဆိုတာ ဘာလဲ? စာတိုက်ကို အသုံးပြုပြီး တစ်နေရာက တစ်နေရာကို စာပို့သလိုမျိုး အင်တာနက်ပေါ်မှာ လွယ်ကူလျင်မြန်စွာ စာပို့တဲ့စနစ်ကို ခေါ်ဆိုခြင်း ဖြစ်ပါတယ်။ နောက်တစ်နည်းကတော့ အီလက်ထရောနစ် မေးလ်(သို့) အီးမေးလ်လို့ သုံးနှုန်းထားခြင်းပဲ ဖြစ်ပါတယ်။
ဟုတ်ပြီနော်။ ကဲ ဒါဆိုရင် အပြင်မေးလ်နဲ့ အီးမေးလ် ဘာကွာခြားသလဲလို့ မေးစရာ ရှိလာပါပြီ။ အပြင်မေးလ်နဲ့ အီးမေးလ်ကွာတာက အပြင်မေးလ်က တံဆိပ်ခေါင်းကပ်ရမယ်၊ ရက်အတန်ကြာမှ ရောက်မယ်။ လူအများကို ပို့ရင် မိတ္တူအများကြီးကူးရမယ်။ စာတိုက်ပုံးရှိတဲ့နေရာ သွားရမယ်။ စာအိတ်ကုန်မယ်။ စာရွက် ကုန်မယ်။ ကဲ ဒီတော့ အီးမေးလ်ကို ကြည့်ရအောင်။ အင်တာနက် အီးမေးလ်က အင်တာနက်ရှိရင် ရပြီ။ နောက်တစ်ချက် အားသာချက်က အခုပို့ အခုရောက်တယ်။ တံဆိပ်ခေါင်းမလိုဘူး။ လူအများဆီကို တစ်ပြိုင်နက်တည်း ပို့နိုင်တယ်။ ဒါပေမယ့် ကိုယ် အသုံးပြုမယ့် ကွန်ပျူတာနဲ့ အင်တာနက်ရှိဖို့တော့ လိုအပ် ပါတယ်။ ဒီတော့ အင်တာနက်သုံးဖို့အတွက် လူတိုင်း မရှိမဖြစ် ပိုင်ဆိုင်ထားဖို့က အီးမေးလ်တစ်ခုတော့ မဖြစ်မနေ ရှိထားဖို့ လိုပါတယ်။ ဒါမှသာ လိုချင်တာတွေ မေးလ်ကနေတစ်ဆင့် ရနိုင်သလို တစ်ဦးနဲ့တစ်ဦး ချိတ်ဆက်ရလွယ်ကူမှာ ဖြစ်ပါတယ်။ အင်တာနက်ပေါ်မှာ အခမဲ့ရယူနိုင်တဲ့ အီးမေးလ်တွေ အများကြီး ရှိနေပါတယ်။
အင်တာနက်အီးမေးလ်တွေဟာ ယနေ့ ကျွန်မတို့ရဲ့ ဘ၀တွေကို များစွာ ပြောင်းလဲစေခဲ့ပါတယ်။ ကမ္ဘာသူကမ္ဘာသားတိုင်း အခမဲ့၊ အချိန်မရွေး ဆက်သွယ်နိုင်ခဲ့တဲ့ အကျိုးဆက်ကြောင့် တခြားကမ္ဘာက အကြောင်းအချက်တွေဟာ အခြားတစ်ဖက်ကို ချက်ချင်းလိုပဲ စီးဆင်းနိုင်ခဲ့ပါပြီ။ ကမ္ဘာ့သတင်းနဲ့ ဗဟုသုတ ရေချိန်ဟာ အင်တာနက်အသုံးပြုသူတွေကြားမှာ အကွာအဟနည်းသွားပါပြီဆိုတာ ဒီအီးမေးလ်တွေကြောင့် ဆိုလည်း မမှားပါဘူး။ အခုနောက်ပိုင်း လူအများ စိတ်ဝင်စားနေတဲ့ မိုးလေ၀သသတင်းတွေကိုလည်း အချိန်တို အတွင်းမှာ ဆောင်ရန်၊ ရှောင်ရန်တွေ အချိန်မီ သိရှိလာတဲ့အတွက် ကြိုတင်ပြင်ဆင်မှုများလည်း လုပ်ဆောင် လာနိုင်ပါပြီ။
ကမ္ဘာအနှံ့  ဖြန့်ကျက်ထားတဲ့ ကုမ္ပဏီအဖွဲ့ကြီးကြီးတွေဟာ ကုမ္ပဏီတစ်ခုနဲ့တစ်ခု ရွေ့နိုင်ပြောင်းနိုင် ဆက်သွယ်နိုင်ကြတာဟာ ဒီအီးမေးလ်တွေကြောင့်ပါပဲ။ ကဲ ဒီတော့ အင်တာနက်ပေါ်မှာ ဘာတွေလိုချင်သလဲ ဘာတွေယူပြီး ဘယ်တွေပယ်ရမလဲဆိုတာ လူတိုင်း ကိုယ်ပိုင်အတွေးအခေါ်ဖြင့် လုပ်ဆောင်နိုင်ကြပါစေလို့ ရည်ရွယ်ရင်း အင်တာနက်ဖြင့် ကမ္ဘာတစ်လွှား ခြေဆန့်နိုင်စေဖို့ ရေးသားတင်ပြလိုက်ရခြင်းပဲ ဖြစ်ပါတော့တယ်။

မနောဖြူလေး
၂၄.၂.၂၀၁၃

No comments:

Post a Comment