Thursday, October 22, 2020

ကိုယ်ပိုင်စီးပွားရေးတစ်ခု ပြုလုပ်တော့မည်ဆိုလျှင် ဘာတွေပြင်ဆင်ထားသင့်သလဲ

ကိုယ်ပိုင်စီးပွားရေး လုပ်ဖို့ တားဆီးနေတဲ့ အချက်များ - Advertising Directory

 

စီးပွားရေးတစ်ခု ပြုလုပ်တော့မည် ဆိုလျှင် သင်၏ စီးပွားရေး အကြံဉာဏ်၊ အချက်အလက်များကို စုစည်း၍ စနစ်တကျ ဖေါ်ပြထားခြင်း ဖြစ်ပါသည်။

သင့်ကိုယ်ပိုင် စီးပွားရေးလုပ်ငန်းများကို စတင်လုပ်ကိုင်ရန် သင့် မသင့်ဆုံးဖြတ်ပါ။ စီးပွားရေး လုပ်ငန်း များကို စတင်လုပ်ကိုင်မိသည်နှင့် သင်တို့၏ဘဝကို ပြောင်းလဲသွားစေပါသည်။ စီးပွားရေးစီမံချက်များက ဆုံးဖြတ်ချက်များ မှန်ကန်စေရန် ကူညီပေးသည့် လုပ်ဆောင်ချက်ပင် ဖြစ်ပါသည်။ လုပ်ငန်းမစတင်မီ ပြင်ဆင်ခြင်းဖြင့် လုပ်ငန်း၏ အရှုံးအမြတ်များကို ကြိုတင်ခန့်မှန်း တွက်ချက် ပြင်ဆင်နိုင်ပေသည်။ သင်၏အကြံဉာဏ်များကို စနစ်တကျ စုစည်းခြင်းဖြင့် စီးပွားရေး လုပ်ငန်းများကို အကောင်းဆုံး ဆောင်ရွက်နိုင်ပါမည်။ စီးပွားရေးလုပ်ဆောင်ရာတွင် သက်ဆိုင်ရာ ခေါင်းစဉ်အလိုက် စနစ်တကျ အစီအစဉ်ဖြင့် တင်ပြသွားစေသဖြင့် စီးပွားရေး အတွေးအခေါ်၊ အကြံဉာဏ်များကို ပိုမိုကောင်းမွန်စွာ စုစည်းမိစေပြီး၊ စီးပွားရေးလုပ်ငန်းများ စတင်လုပ်ကိုင်နိုင်စေရန် ပိုမိုကောင်းမွန်သော လမ်းညွန်မှုများရရှိနိုင်ပါသည်။ သင်၏ စီးပွားရေး အကြံဉာဏ်များကို မတည်ငွေကြေးရှာဖွေရန်အတွက် ဘဏ် (သို့မဟုတ်) အခြား အသေးစားငွေချေး အဖွဲ့အစည်းများသို့ တင်ပြပါ။ ထိုသို့တင်ပြရာတွင် ကိုယ်တိုင်ပြင်ဆင်ထားသော စီးပွားရေးစီမံချက်များကို ပူးတွဲတင်ပြရလေ့ ရှိသဖြင့်၊ ငွေကြေးရှာဖွေရာတွင် ပိုမိုအဆင်ပြေစေသည်။ ယခုအခါ နိုင်ငံတော် တိုးတက် ပြောင်းလဲလာသည်နှင့်အမျှ အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုတိုးတက်များပြားလာပေရာ အသေးစားနှင့် အလတ်စား ဖွံ့ဖြိုးတိုးတက်ရေးအတွက် သက်ဆိုင်ရာမှ ငွေချေးလုပ်ငန်းများ ပေါ်ပေါက်လာနေပြီ ဖြစ်ပါသည်။ ထို့အတွက် သင်တို့လည်း ဒီလို အခွင့်အရေးမျိုး ရရှိပိုင်ဆိုင်နိုင်ပြီ ဖြစ်ပါသည်။ စီးပွားရေးမစတင်ခင် သင်ရဲ့ လုပ်ငန်းအစီအစဉ်များ ချမှတ်ထားရမည်။

သင့်ရည်ရွယ်ထားသည့် စီးပွားရေးလုပ်ငန်းသည် မျှော်မှန်းထားသည့်အတိုင်း စီးပွားရေးအရ ဖြစ်နိုင်ချေနှင့် အမြတ်ရနိုင်မှု ရှိမရှိကိုပါ ကိုယ်တိုင် ပြန်လည်ဆန်းစစ်နိုင်စေမည် ဖြစ်ပါသည်။ ပိုမိုကောင်းမွန်သော စီးပွားရေးဆိုင်ရာ သတင်းအချက်အလက်အသစ်များကို အချိန်ပေး၍ အစဉ်ရှာဖွေ စုဆောင်းနေရန် အရေးကြီးပါသည်။ ထို့ကြောင့် စီးပွားရေးစီမံချက် ရေးသားနေချိန်တွင် ထပ်မံရရှိလာသော သတင်း အချက်အလက်များနှင့် ပြင်ဆင်လိုက်သော စီးပွားရေး ဆုံးဖြတ်ချက်များကြောင့် လိုအပ်ပါက ပြန်လည် ပြင်ဆင်ရန် တွန့်ဆုတ်မနေသင့်ပါ။ နောက်ဆုံးရလဒ်ကို စိတ်တိုင်းမကျမချင်း သင့်၏ စီးပွားရေးစီမံချက်ကို ကြိမ်ဖန်များစွာ ပြင်ဆင်နေရမည် ဖြစ်ပါသည်။

စီးပွားရေးလုပ်ငန်း မစတင်မီ ထည့်သွင်းစဉ်းစားရန် ကိစ္စရပ်များ အားလုံးကို စီးပွားရေးစီမံချက်တွင် ပါဝင်ရပါမည်။ စီးပွားရေးလုပ်ငန်းသစ်တစ်ခု မစတင်မီ ထည့်သွင်းစဉ်းစားရန် ကိစ္စရပ်များကို မကျန်ခဲ့စေရန် ရည်ရွယ်ထားရှိရပါမည်။ စီးပွားရေးစီမံချက်၏ အဓိက အစိတ်အပိ်ုင်းများမှာ အောက်ပါအတိုင်း ဖြစ်ကြပါသည်။

• အနှစ်ချုပ် တင်ပြချက်
• စီးပွားရေး အကြံဉာဏ်
• ဈေးကွက်စီမံခန့်ခွဲမှု အစီအစဉ်
• စီးပွားရေး လုပ်ငန်းပုံစံ
• ဝန်ထမ်းရေးရာ
• သဘာဝအရင်းအမြစ်များ ထုတ်ယူသုံးစွဲမှု
• လုပ်ငန်းအညစ်အကြေး စွန့်ပစ်မှုနှင့် ပြန်လည် သန့်စင် အသုံးပြုမှု
• ဥပဒေအရ တာဝန်ရှိမှုနှင့် အာမခံထားရှိမှု
• တန်ဖိုးတွက် စာရင်းကိုင်
• ဘဏ္ဌာရေး စီမံခန့်ခွဲမှု
• မတည်အရင်းအနှီး လိုအပ်မှု
• မတည်အရင်းအနှီး ရှာဖွေမှု

အနှစ်ချုပ် တင်ပြချက်

စီးပွားရေးစီမံချက်သည် ပထမဆုံးစာမျက်နှာဖြစ်ပြီး၊ မိမိလုပ်ငန်း၏ အဓိကအရေးပါသော အချက်အလက် များကို ခြုံငုံတင်ပြထားရပါသည်။ ထို့ကြောင့် အခြားအစိတ်အပိုင်းများ အားလုံးရေးသားပြီး နောက်ဆုံးမှ အနှစ်ချုပ် တင်ပြချက်ကို အကျဉ်းချုပ် ပြန်လည်တင်ပြရခြင်း ဖြစ်ပါသည်။ သင့် စီးပွားရေး စီမံချက်၏ ပထမဆုံး ထင်မြင်ချက် ဖြစ်သောကြောင့် အထင်ကြီးဖွယ် သပ်ရပ်၍ စနစ်တကျ စီစဉ်လုပ်ကိုင် ထားရန် အရေးကြီးပါသည်။

စီးပွားရေးအကြံဉာဏ်

စီးပွားရေးစီမံချက်များသည် စီးပွားရေး အကြံဉာဏ်များတွင် မူတည်စဉ်းစားထားခြင်း ဖြစ်ပြီး၊ အောက်ပါ မေးခွန်းများကို အဓိကထား စဉ်းစားစေခြင်း ဖြစ်ပါသည်။

• ဘာ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးကြမလဲ။
• ဘာ ပစ္စည်းတွေ ထုတ်လုပ်မှာလဲ။
• ဘာ ဝန်ဆောင်မှုတွေ ပေးကြမှာလဲ။
• ဘာ ပစ္စည်းတွေ ရောင်းချမှာလဲ။
• ဘယ်သူ့ကို ရောင်းမှာလဲ။
• ဘယ်လို ရောင်းမှာလဲ။

အောင်မြင်သော စီးပွားရေးအကြံဉာဏ်၏ အဓိကအချက်မှာ သူတစ်ပါးထက် ပိုမိုထူးခြားသော သာလွန် ကောင်းမွန်သည့် အရည်အချင်းကို သတ်မှတ်ကျင့်သုံးနိုင်ခြင်း ဖြစ်ပါသည်။ ၎င်းတို့မှာ ကုန်ကြမ်းအသုံးပြုမှု၊ စွမ်းအင်အသုံးပြုမှုနှင့် အခြား နည်းပညာအသစ်များ အသုံးပြုနိုင်ခြင်းတို့ ပါဝင်ပါသည်။

ဈေးကွက်စီမံခန့်ခွဲမှုအစီအစဉ်

စီးပွားရေးအကြံဉာဏ်များ စဉ်းစားပြီးပါက သင့်ကုန်စည်နှင့် ဝန်ဆောင်မှုများကို မည်သို့ ဈေးကွက်တင် ရောင်းချမည်ကို ကြိုတင် သတ်မှတ် စီစဉ်ထားသင့်ပါသည်။ ဈေးကွက်စီမံခန့်ခွဲမှုဆိုသည်မှာ မည်သူတွေက သင့်ကုန်ပစ္စည်းကို ဝယ်ယူနိ်ုင်မည်ကို ကြိုတင်သတ်မှတ်ဖော်ထုတ်ပြီး၊ ၎င်းတို့၏ လိုအပ်ချက်များနှင့် လိုအင် ဆန္ဒများကို သတ်မှတ်ခြင်းများ ပါဝင်ပါသည်။ ထို့ကြောင့် ဈေးကွက်စီမံခန့်ခွဲမှုဆိုသည်မှာ စားသုံးသူ များ၏ လိုအင်ဆန္ဒများကို ဖြည့်ဆည်းပေးခြင်းဖြင့် လုပ်ငန်းအတွက်လည်း အမြတ်ရစေခြင်း ဖြစ်ပါသည်။ အောက်ပါတို့ကို သင်ကြားပြီး၊ သင့် စီးပွားရေးစီမံချက် ရေးဆွဲရာတွင် အသေးစိတ် ထည့်သွင်း ရေးသားရမည် ဖြစ်ပါသည်။

• မည်သည့် ကုန်ပစ္စည်းနှင့် ဝန်ဆောင်မှုများ ရောင်းချမည်။
• မည်သည့် ဈေးနှုန်းဖြင့် ရောင်းချမည်။
• မည်သည့် နေရာတွင် သင့်လုပ်ငန်း တည်ရှိမည်။
• မည်သည့် နည်းလမ်းဖြင့် သင့်ပစ္စည်းများကို ဖြန့်ချိမည်။
• မည်သည့်နည်းလမ်းဖြင့် သင့်လုပ်ငန်း၊ ကုန်ပစ္စည်းနှင့် ဝန်ဆောင်မှုများကို ဈေးကွက်မြှင့်တင်မည်။

စီးပွားရေးလုပ်ငန်းပုံစံ

ဥပဒေအရ တရားဝင် ဖွဲ့စည်းနိုင်သည့် စီးပွားရေးလုပ်ငန်းပုံစံ များစွာရှိပါပြီး၊ တစ်ခုချင်းတွင် သက်ဆိုင်ရာ အားသာချက်၊ အားနည်းချက်ကိုယ်စီ ရှိကြသည်။ သင်ရွေးချယ်သည့် စီးပွားရေးလုပ်ငန်းပုံစံသည် သင့် လုပ်ငန်း၏ သဘောသဘာဝ၊ လုပ်ငန်းပိုင်ဆိုင်မှုပုံစံနှင့် လုပ်ငန်းစတင်တည်ထောင်စဉ်က ရင်းနှီးမြှပ်နှံမှု ပမာဏများနှင့် သက်ဆိုင်ပါသည်။ ရွေးချယ်နိုင်သည့်ပုံစံများမှာ – တစ်ဦးတည်းပိုင် လုပ်ငန်း၊ အစုစပ်လုပ်ငန်း၊ သမဝါယမအသင်း ပေးရန် တာဝန်ကန့်သတ်ချက်ရှိသော လီမိတက်ကုမ္ပဏီနှင့် နိုင်ငံစုံ ကော်ပိုရေးရှင်းကြီးများ ဖြစ်ကြပါသည်။

ဝန်ထမ်းရေးရာ (Staff)

သင့်လုပ်ငန်း စတင်လုပ်ကိုင်နိုင်ရန်အတွက် ဝန်ထမ်းရေးရာများကိုလည်း ထည့်သွင်းစဉ်းစားကြရမည် ဖြစ်ပါသည်။ လုပ်ငန်းတာဝန်များကို အကောင်အထည်ဖေါ် ဆောင်ရွက်နိုင်ရန်အတွက် ခန့်ထားရန် လိုအပ်မည့် ဝန်ထမ်းအရေအတွက်၊ လိုအပ်သည့် ကျွမ်းကျင်မှုနှင့် အရည်အချင်းများနှင့် ၎င်းတို့အတွက် ကုန်ကျမည့် ဝန်ထမ်းစရိတ်၊ လစာနှုန်းထားများကိုလည်း ကြိုတင် စဉ်းစားတွက်ချက်ထားရမည် ဖြစ်ပါသည်။

သဘာဝအရင်းအမြစ်များထုတ်ယူသုံးစွဲမှု (Natural Capital)

သင့်လုပ်ငန်း အောင်မြင်စွာ ရပ်တည်လုပ်ကိုင်နိုင်ရန် ဥစ္စာဓန ငွေကြေးအင်အားနှင့် လုပ်သားဝန်ထမ်းများ သာမက လုပ်ငန်း၏ သွင်းအားစုများအဖြစ် သဘာဝ သယံဇာတများကိုလည်း ထုတ်ယူသုံးစွဲကြရပေသည်။ စီးပွားရေး လုပ်ငန်းများသည် သဘာဝ သယံဇာတများကို အကန့်အသတ်မဲ့ ထုတ်ယူသုံးစွဲကြပါက ရေတိုတွင် သာ အမြတ်ရပြီး၊ ရေရှည်တွင်မူ တည်တံ့ခိုင်မြဲမှု မရှိဘဲ ဆုံးရှုံးမှုများ ကြုံတွေ့ရမည် ဖြစ်ပါသည်။ သို့ဖြစ်၍ သင့်တို့ စီးပွားရေးလုပ်ငန်းများ ရေရှည်တည်တံ့ခိုင်မြဲစေရေးအတွက် သဘာဝ သယံဇာတ သုံးစွဲမှုများကို ဂရုတစိုက်ဖြင့် တန်ဖိုးထားသုံးစွဲကြရန် လိုအပ်ပါသည်။

လုပ်ငန်းအညစ်အကြေး စွန့်ပစ်မှုနှင့် ပြန်လည် သန့်စင် အသုံးပြုမှု

စီးပွားရေးလုပ်ငန်းအနေဖြင့် တိုက်ရိုက် သို့မဟုတ် သွယ်ဝိုက်၍ ပမာဏများစွာသော လုပ်ငန်းအညစ်အကြေးများကို စွန့်ပစ်နေကြသည်။ ၎င်းတို့အနက် အများစုမှာ တန်ဖိုးမရှိသော စွန့်ပစ်ပစ္စည်းများဟု အလွယ်တကူ သတ်မှတ်ကြသော်လည်း အမှန်တကယ်တွင် ပြန်လည်သန့်စင်သုံးစွဲပါက အလွန်အကျိုးများသော ပစ္စည်းများစွာ ရှိပေသည်။ သို့ဖြစ်၍ စီးပွားရေး လုပ်ငန်းများတွင် အသုံးပြုနေကြသော ကုန်ပစ္စည်းများကို ပြန်လည်သန့်စင်၊ ပြန်လည်အသုံးပြု၍ သယံဇာတအသုံးပြု လျှော့ချနိုင်ကြစေရန် ကြိုးပမ်းကြခြင်းဖြင့် ပတ်ဝန်းကျင်ကို အကျိုး ဖြစ်ထွန်းစေရုံမျှမက လုပ်ငန်းအတွက်လည်း ကုန်ကျစရိတ် သက်သာ၍ အမြတ်အစွန်းများစေပါသည်။

ဥပဒေအရ တာဝန်ရှိမှုနှင့် အာမခံထားရှိမှု

စီးပွားရေးလုပ်ငန်းများအနေဖြင့် သင့်တို့နိုင်ငံ၏ ဥပဒေအရ သတ်မှတ်ပြဌာန်းချက်များကို လေးစားလိုက်နာရန် တာဝန်ရှိပေသည်။ သင့်တို့၏ စီးပွားရေးလုပ်ငန်းအပေါ် သက်ရောက်မှုရှိစေမည့် ဥပဒေများကို လေးစား လိုက်နာရန်နှင့် ဘေးအန္တရာယ်မျိုးစုံတို့၏ သက်ရောက်မှုမှ လျှော့ချနိုင်ရန် အာမခံ ထားရှိခြင်းများကို သိရှိထား ရပါမည်။

တန်ဖိုးတွက် စာရင်းကိုင် (Costing)

သင့်ကုန်ပစ္စည်းကို ဈေးနှုန်းများ သတ်မှတ်ပြီး၊ ဘဏ္ဍာရေး စီမံချက်များ ချမှတ်နိုင်ရန်ကုန်ပစ္စည်း သို့မဟုတ် ဝန်ဆောင်မှု၏ ကုန်ကျစရိတ်ကို တိကျစွာ သတ်မှတ်ဖော်ပြနိုင်ရပါမည်။ ကုန်ပစ္စည်းများ၏ စရိတ်တွက်ချက်သည့် ပညာရပ်များကို လေ့လာသင်ယူထားရပါမည်။

ဘဏ္ဍာရေးစီမံခန့်ခွဲမှု (Financial Planning)

စီးပွားရေးလုပ်ငန်းများသည် အနာဂတ်ရလဒ်များအတွက် ကြိုတင်ခန့်မှန်းထားရပေမည်။ အရှုံးအမြတ်နှင့် ငွေကြေးစီးဆင်းမှု ခန့်မှန်းချက်များ ပါဝင်ပါသည်။

မတည်အရင်းအနှီး လိုအပ်မှု (Required Start-up Capital)

မတည်အရင်းအနှီး ဆိုသည်မှာ သင့်လုပ်ငန်း စတင်လည်ပတ်ရန် လိုအပ်သော ငွေကြေးပမာဏ ဖြစ်ပါသည်။ စက်ပစ္စည်း၊ ကုန်ကြမ်းဖိုး၊ ငှားခ၊ ဝန်ထမ်းလစာ စသည့် ကုန်ကျစရိတ်များစွာကို ပေးချေရန် လိုအပ်သည့် ငွေကြေးပမာဏကို ဆိုလိုပါသည်။ လုပ်ငန်း စတင်စ အနည်းဆုံး (၂) လ၊ (၃) လ ခန့် အချိန်တွင် ဝင်ငွေအလွန်နည်းသဖြင့် ကုန်ကျစရိတ်ငွေ ကိုယ့်မှာရှိထားဖို့လိုသည်။ မတည် အရင်းအနှီးငွေကြေး တွက်ချက်မှုနှင့် သက်ဆိုင်သည်များကို ပြင်ဆင်ထားရပါမည်။

မတည်အရင်းအနှီး ရှာဖွေမှု (Sources of Start-up Capital)

လုပ်ငန်းစတင်လုပ်ကိုင်နိုင်မည် ငွေကြေးမည်မျှလိုအပ်မည်ကို သိရှိပါလျှင် အဆိုပါ ငွေကြေးကို ရရှိအောင် ရှာဖွေစုဆောင်းရပါမည်။

မြန်မာနိုင်ငံစက်မှုလက်မှု လုပ်ငန်းရှင်များအသင်း၊ စက်မှုဝန်ကြီးဌာနမှ ဖွင့်လှစ်လျက်ရှိသော အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ တိုးတက်ဖွံ့ဖြိုးရေး ဌာန၊ မွေးမြူးရေး လုပ်ငန်း၊ ကျေးလက် ဒေသဖွံ့ဖြိုးရေးဌာနနှင့် သမဝါယမဝန်ကြီးဌာနတို့မှလည်း လိုအပ်သော သတင်းအချက်အလက်များ ရရှိနိုင် ပါသည်။ သင့်ရဲ့ လုပ်ငန်းအောင်မြင်ဖို့အတွက် တစ်ဦးတစ်ယောက်ထဲ လုပ်ဆောင်ရန် ခက်ခဲနေပါက တိုင်ပင်သင့်ပါကြောင်း အကြံပြုရေးသားရင်း မြန်မာနိုင်ငံမှာ မြန်မာနိုင်ငံသားများ ကိုယ်ပိုင်အစွမ်းအစဖြင့် ကိုယ်ပိုင်လုပ်ငန်းများ ပိုမို ဖွံ့ဖြိုးတိုးတက်လာစေဖို့ ရည်ရွယ်ရေးသားလိုက်ရပါတော့သည်။

မနောဖြူလေး

 

No comments:

Post a Comment