Monday, August 20, 2018

ကံစမ်းမဲဆိုတာ ကံပါမှလား




မနော ငယ်ငယ်တုန်းကတော့ ကံစမ်းမဲဆိုတာ ရှိသလား မရှိသေးဘူးလားဆိုတာ မမှတ်မိတော့ပေမယ့် သိတတ်စထဲက ဈေးကွက်စီးပွားရေးအတွက် စီးပွားရေးသမားများရဲ့ ရောင်းကုန်များကို မဝယ် ဝယ်ချင်အောင် လုပ်ဆောင်လာမှုတွေဟာ ခုချိန်ထိ ပိုမို ကျယ်ပြန့်လာတာကို တွေ့မြင်နေရပါတယ်။ တချို့ကတော့ ကုန်ပစ္စည်းအတွက်၊ တချို့ကတော့ ရွှေဆိုင်တွေမှာကျတော့ ဝယ်တဲ့ပစ္စည်းပေါ် မူတည်ပြီး ဗလာမပါ ကံစမ်းမဲဆိုပြီး လုပ်ကြတယ်။ လက်ဆောင်သဘောမျိုးလည်း ဖြစ်အောင် ဝယ်သူတွေလည်း စိတ်ဝင်စားပြီး ထပ်ပြီး ဝယ်ချင်အောင် ဆွဲဆောင်တဲ့နည်းတစ်မျိုးပဲလားဆိုတာ စီးပွားရေးသမားတွေအတွက် တွက်ခြေ ကိုက်တဲ့ နည်းတစ်မျိုးလားဆိုတာ ထင်စရာပါပဲ။ နောက် ဘာနေ့မို့လို့ လျော့ဈေးနဲ့ရောင်းတယ်ဆိုပြီး တစ်ခုဝယ် တစ်ခုလက်ဆောင်ဆိုပြီး နှစ်ခုစာ ဈေးနှုန်းတင်ထားသလားဆိုတာ ဝယ်သူတစ်ယောက်အနေနဲ့ မြင်မိမှာ မဟုတ်လောက်ဘူးထင်ပါတယ်။ မနောလည်း လူတွေထဲ လူတစ်ယောက်မို့ ဒီလို ကံကို စမ်းတဲ့အရာလေးတွေကို စိတ်ဝင်စားမိပါတယ်။ ဒါဟာ တရား သဘောနဲ့ ကြည့်ရင် လောဘပဲပေါ့။ သူများ ပစ္စည်းကို အလကားလိုချင်တယ်လို့ ကိုယ့်စိတ်ကို သုံးသပ်မိပါသေးတယ်။ ဒါပေမယ့် ပုထုဇဉ်လူသားတစ်ယောက်ဖြစ်တဲ့အတွက် ဒီကံစမ်းမဲကမ္ဘာထဲက မရုန်းထွက်နိုင်ခဲ့သေးပါဘူး။ ဒီတော့ ကံစမ်းမဲအစစ်အမှန်ဟုတ် မဟုတ်ကို ကိုယ်တိုင်စမ်းသပ်ပြီး လုပ်ကြည့်မိတာလည်း ပါတာပေါ့လေ။ မနော ကံကောင်းခဲ့တာလား၊ ရှေးဘဝက ကုသိုလ်တရားကြောင့်လား ခုလက်ရှိ ကောင်းမှုကြောင့်လားဆိုတာ မနောကိုယ်တိုင်လည်း သေချာမပိုင်းဖြတ်နိုင်သေးပါဘူး။ လူစိတ်ဆိုတာလည်း ပြောရတော့ခက်သား။ ကိုယ်ကသာ မပေးချင်တာ သူများဆီကတော့ လိုချင်မိတာ လောဘ မောဟတွေ အတော်များနေတာကြောင့်လား။ မှတ်မှတ်ရရ ကံကောင်းခဲ့တာလေးတွေ ပြောရရင်တော့ အဲ ကံကြောင့်လား၊ ကောင်းမှုပြုတာကြောင့်လား၊ ကုသိုလ်တရားကြောင့်လားဆိုတာ မသိပေမယ့် ခုလက်ရှိတော့ တတ်နိုင်သလောက် စိတ်ကောင်းထားပြီး ကောင်းမှုကုသိုလ်ကို တစ်နိုင်တစ်ပိုင်လုပ်ရင်း ကံငါးပါးကို လုံခြုံအောင် တတ်နိုင်သမျှ ထိန်းနေမိတာတော့ သေချာလှပါတယ်။ နောက် မဲဆိုတာ လောင်းကစားတစ်မျိုးလို့လည်း ဆိုလိုရပါတယ်။ ကိုယ်ကတော့ နှစ်လုံးသုံးလုံးကို စိတ်လည်းမဝင်စားသလို တစ်ခါမှလည်း မထိုးခဲ့ဖူးဘူး။ သူများလုပ်ရင်လည်း ကန့်ကွက်ခဲ့တယ်။ ပေးရတာများပြီး ရတာနည်းတာပဲ မြင်နေမိခဲ့တာကိုး။ နောက် ဒါဟာ မကောင်းဘူးလို့လည်း ခံစားမိတာလည်းပါတယ်။ ကံစမ်းမဲရဲ့ မှတ်မှတ်ရရ သတိရစရာတွေကို ပြောပြဦးမယ်။ တက္ကသိုလ် တတိယနှစ် စာမေးပွဲဖြေအပြီး သူငယ်ချင်းတွေနဲ့ ဘားအံ၊ သာမည ဘုရားဖူးခရီးစဉ်ထွက်တုန်းက အပြန်မှာ စီးလားတဲ့ ကား(ရွှေကြေးစည်)မှ ကားတစ်စီးလုံးပါ ခရီးသည်များအားလုံးကို ကံစမ်းမဲ နှိုက်ပေးပါတယ်။ မဲပေါက်တဲ့သူက ဆရာတော်ကြီးရဲ့ မှန်ဘောင်ပါတဲ့ ပုံတော်ကို ပူဇော်ရမှာ ဖြစ်ပါတယ်။ ကားတစ်စီးလုံးဆိုတော့ လူ ၄၀- ၄၅ လောက်ရှိတာပေါ့ မဲဖောက်မှာက တစ်ဆုပဲတဲ့။ ကံစမ်းမဲဖလားကို ရှေ့ဆုံးထိုင်တဲ့သူကနေ စပြီး နှိုက်ရပါတယ်။ ချက်ချင်းမဖွင့်ခိုင်းသေးပဲ လူအကုန်မဲနှိုက်ပြီး ဖွင့်ကြည့်ရမယ်လို့ ကားသမားက ပြောတော့ နှိုက်ပြီးတဲ့သူတွေက မဲလိပ်ကို ကိုင်ထားပါတယ်။ မနောတို့အဖွဲ့က နောက်ဆုံးမှာထိုင်တာဆိုတော့ ရမယ်လည်းမထင်ပါဘူး။ မဲလိတ်က သူများနှိုက်ပြီးမှ ကိုယ်တွေရမယ်ဆိုတော့လေ သိပ်ပြီး အာရုံမထားပဲ အနားဖလားရောက်မှတစ်ခုယူလိုက်ပါတယ်။ အဲ မဲလိပ်က စာရွက်ကို သေးသေးလေး လိပ်ပြီး အအေး သောက်တဲ့ ပိုက်ထဲကို ထည့်ထားတာဆိုတော့ တော်တော်ကို သေသပ်လှတာကိုတွေ့ရတယ်။ ဒါနဲ့ အကုန်ဖွင့်လို့ရပြီးလို့ပြောလိုက်တာနဲ့ ရတဲ့တစ်လိပ်ကို ပိုက်ကနေ ထွက်အောင် အရင်ခေါက်လိုက်တယ်။ ပြီးမှ စာရွက်ကို ဖြန့်ကြည့်မိပါတယ်။ ဖြန့်လည်းဖြန့်လိုက်ရော မဲလိပ်ထဲမှာ စာလေးတစ်ကြောင်းတွေ့ရတယ်။ စာတမ်းလေးက ကံထူးရှင်တဲ့လေ။ အရမ်းအံ့သြမိသွားတယ်။ မထင်လည်းမထင်ထားဘူး။ နောက် ဘုရားဖူးခရီးမှာက လူကြီးတွေများတာဆိုတော့ လူတိုင်းက ဆရာတော်ကြီး ပုံတော်ကို အရမ်းပူဇော်ချင်တဲ့သူတွေကြီးပဲလေ။ ကားသမားက မဲလိပ်ဘယ်သူပေါက်လဲ လှမ်းမေးတော့ ခဏတာ ငြိမ်နေမိတယ်။ ပြီးတော့မှ စာရွက်လေးထောင်ပြမိတယ်။ ကားတစ်စီးလုံးမှာ အသံတွေက အပ်ကျသံတောင်မကြားရလောက်အောင် တိတ်ဆိတ်ငြိမ်သက်နေတယ်လေ။ ကိုယ့်ရဲ့အသက်ရှူသံတောင် ကိုယ်ပြန်ကြားနေမိတယ်။ ကားသမားက မဟာကံထူးရှင် ကားရှေ့ကို ထွက်ခဲ့ပါလို့ ခေါ်တော့ ဒူးတွေတောင် တုန်တယ်။ ကားရှေ့ဆုံးနားမှာထိုင်တဲ့အဘွားတစ်ယောက်က သမီး အဘွားကို ပြန်ရောင်းပါလားလို့ ပြောပါတယ်။ မနောလည်း မျက်ရည်တောင်လည်မိတယ်။ မနောကတော့ ဆရာတော်ကြီးက ငါ့ကို သာသနာပြုဖို့ ရွေးချယ်လိုက်တာလို့ပဲ ကိုယ့်ဘာသာ ခံယူလိုက်မိပါတယ်။ ဘယ်သူမှ ပြန်မရောင်းပါဘူး။ ပုံတော်ကလည်း အရမ်းကြီးတော့ နောက်မှ ကားဂိတ်ကို သတ်သတ်သွားယူရပါတယ်။ ကိုယ့်အတွေးနဲ့ကိုယ်ပေါ့ အိမ်မှာ ဘယ်နေရာပူဇော်ထားရမလဲဆိုပြီး တွေးပြီး အိမ်ပြန်ရောက်တော့ မေမေက သမီးတဲ့ ဘုရားစင်ဈေးသက်သာလို့ ဝယ်ထားတယ်တဲ့။ ကြည့်လိုက်တော့ တိုက်ခန်းတွေမှာ ထားတဲ့သစ်သားနဲ့လုပ်ထားတဲ့ ဘုရားစင်ဖြစ်နေတယ်။ မနောတို့အိမ်မှာက ဘုရားစင်က အိမ်နဲ့တွဲရက်လုပ်ထားတော့ ဆရာတော်ပုံတော်ကို ပူဇော်မယ့်နေရာလည်းအဆင်သင့်ရရှိသွားပါတော့တယ်။ နောက်ပိုင်းလည်း တတ်နိုင်သလောက် ကောင်းမှုများများလုပ်မယ်ဆိုတဲ့စိတ်က ပိုမိုကိန်းအောင်းလို့ နေမိပါတော့တယ်။ နောက် ကံစမ်းမဲအကြောင်းတွေ ဆက်ပါဦးမယ်။

ကံစမ်းမဲတစ်ခါ ပေါက်ပြီးထဲက ကံစမ်းမဲဆိုတာ ဘာကြောင့်လုပ်တာလဲ၊ ဘယ်လိုလူတွေပေါက်တာလဲ စဉ်းစားမိရင်းနဲ့ ၂၀၀၆ ခုနှစ်မှာ အံ့သြဖွယ်ရာ အကြီးအကျယ် ဖြစ်ရပ်တစ်ခု ထပ်မံဖြစ်ပွားခဲ့ပြန်ပါတယ်။ အဲဒါဘာလဲဆိုတော့ လူအတော်များများ စိတ်ဝင်စားတဲ့ အမေရိကန်ဒီဗွီလို့ ခေါ်တဲ့ အမေရိကန်ရဲ့ ကံစမ်းမဲလက်မှတ်ပဲ ဖြစ်ပါတယ်။ အရင်တုန်းကတော့ လမ်းဘေးမှာ စာအိတ်နဲ့ ထည့်ပြီး ရောင်းချတာကို တွေ့ရှိရပါတယ်။ လူတွေက ဝယ်ပြီး ဖောင်ဖြည့်ပြီး စာတိုက်က ထည့်ကြရပါတယ်။ သူငယ်ချင်းတွေက အင်တာနက်ခေတ်စားလာတော့ အကူညီတောင်းပါတယ်။ ထည့်ပေးဖို့ကို ပြောတော့ အေး လုပ်ပေးမယ်ပြောပြီး ဘာရယ်မဟုတ် သူတို့ကို ဖောင်ဖြည့်ပြီး ထည့်ပေးတဲ့ လုပ်ငန်းလုပ်တဲ့နေရာကို ခေါ်သွားပါတယ်။ နောက်ပြီး ဓာတ်ပုံကိုလည်း သူတို့က တိုက်ရိုက်တစ်ခါထဲ ပိုက်ဆံမပေးရပဲ ရိုက်ပေးပြီး တင်ပေးပါတယ်။ ကိုယ်က ခေါ်သာသွားတာ သိပ်စိတ်မဝင်စားဘူး။ သူငယ်ချင်းတွေက နင်လည်း တင်ပါလားလို့ပြောတော့ မတင်ပါဘူး။ ငါက မလုပ်ရင် မလုပ်ဘူး။ လုပ်ရင် အောင်မြင်မှ ကြိုက်တာလို့ ပြောမိတယ်။ နောက် ဆက်ပြီး ပြောလိုက်မိသေးတယ်။ ငါ ပေါက်နေရင် တစ်ယောက်ထဲမသွားရဲဘူးလို့ ပြောလိုက်တော့ သူငယ်ချင်းက ငါ့အစ်ကို ခေါ်သွားတဲ့ နောက်ပြီး ပြောပါတယ်။ မနောကလည်း အေးဟာ တင်လိုက်မယ်လို့ပြောပြီး တင်ခဲ့မိတယ်။ ဒါပေမယ့်လည်း မေ့မေ့ပျောက်ပျောက်ပါပဲ။ ၄ လပိုင်းမှာ အိမ်ကို စာတိုက်ကနေ စာရောက်လာတယ်။ ဖွင့်ကြည့်တော့ အမေရိကန်စင်တာက ဒီဗွီနံပါတ် ဘယ်လောက် မဲပေါက်တာ အကြောင်းကြားစာ ဖြစ်နေတာကို အံ့သြဖွယ်ရာ မြင်တွေ့ရတယ်။ ဒါတောင် ကိုယ်က အင်းလေ သူငယ်ချင်းတွေဆီလည်း လာမှာပဲလို့ တွေးမိသေးတယ်။ ညနေရောက်တော့ အတူတူတင်တဲ့သူငယ်ချင်းကို နင့်ဆီ စာတိုက်က ရောက်လာတယ်မလားလို့ မေးလိုက်တော့ မရောက်ပါဘူး ဘာဖြစ်လို့လဲပေါ့ သူတို့က မိသားစုလိုက် နိုင်ငံခြားသွားဖို့ ရူးနေတဲ့ သူတွေဆိုတော့ သူကို ပြေးပြီးပြောမိတာပေါ့။ ဟယ် ငါ့ဆီ ဘာမှမလာဘူး။ နင့်ဆီ ဘာလာလဲလို့မေးတော့ အမေရိကန်စင်တာကနေ ဗီဇာပေါက်တယ်ဆိုတာ လှမ်းပြောတဲ့စာလို့ ဖောင်ပါ ပါတယ်ပေါ့။ တစ်ကမ္ဘာလုံးဆိုင်ရာ ပေါက်မဲနံပါတ်က ၃၂၂ နဲ့ ပေါက်တာ ဖောင်ပြန်ဖြည့်ပြီး အမေရိကကို တန်းပို့ပေးဖို့ သံရုံးလိပ်စာတွေလည်း ပါတယ်ပေါ့။ သူက သူ့အစ်ကိုကို ယူပြီးသွားပါလားတဲ့။ မနောကတော့ သွားဖို့ မသွားဖို့လည်း ခေါင်းထဲမှာမရှိဘူး။ ပြန်တင်ဖို့တောင် ချီတုံချတုံဖြစ်လို့ ဒါနဲ့ စိတ်ရှုပ်ထွေးမှုပေါင်းများစွာနဲ့ ဒုတိယစာကိုလည်း အတော်နောက်ကျမှ ပြန်တင်လိုက်တယ်။ လူအတော်များများက သိပ်နားမလည်တော့ ဒီဗွီပေါက်ရင် သွားရမယ်လို့ပဲ သိထားကြတာကို ကုန်ကျစရိတ်ဘယ်လောက်၊ သွားနေရမယ့်နေရာလိပ်စာ၊ နောက် စတဲ့ အနေအထားတွေ အများကြီးပဲ ကြုံခဲ့ရတယ်။ ငွေကြေးမပြည့်စုံတဲ့ သူတွေအတွက် မစွန့်စားရဲခဲ့တာလည်း ပါပါတယ်။ နောက် အရာရာ ဒုက္ခဆင်းရဲကို ကြိုတွေးပြီး ရှေ့ဆက်မတိုးရဲခဲ့တာလည်း ကိုယ့်ဘာသာကိုယ် သိခဲ့တယ်။ မသွားခဲ့ရလို့ နောင်တရနေလားဆိုတော့လည်း မရခဲ့ပါဘူး။ အဲဒီအချိန်က ဘာစဉ်းစားမိလဲဆိုတော့ ဒီဟာ မဲမပေါက်ပဲ ထီပေါက်လို့ ပိုက်ဆံရရင်တော့ ချက်ချင်းလှူဖြစ်ဖို့ စိတ်ပဲ ရှိခဲ့တယ်။ နောက် ဗုဒ္ဓဂယာကိုလည်း အရမ်းဖူးမြော်ချင်နေတာ ခုချိန်တိုင်ပါပဲ။ ဒါနဲ့ ပြန်တင်တဲ့စာကို ငွေကြေးမတတ်နိုင်လို့ DHL နဲ့ကို ပေါက်တဲ့သူတွေ စုလိုက်ပြီး တစ်ခါထဲ ထည့်ပေးလိုက်ပါတယ်။ တကယ်လို့ အသေးစိတ်အစအဆုံး သိချင်တဲ့သူတွေရှိရင်လည်း မနောကို သိချင်တာတွေ မေးမြန်းလို့ရပါတယ်နော်။ ဒုတိယစာ ပြန်တင်တာ တစ်ပတ်အကြာမှာ စာတိုက်ကနေ ပြန်ကျလာပါတယ်။ ကိုယ့်ဆီစာလာတာနဲ့ သံရုံးကို ကိုယ့်အတွက်ဗီဇာ ပို့လိုက်ပြီး ဆိုတာ သိနေခဲ့ပါတယ်။ ဒါပေမယ့် ဘာမှ မလှုပ်ရှားခဲ့ပါဘူး။ နောက် သံရုံးကနေ အကြိမ်ကြိမ် ဗီဇာချန်ထားပါတယ်လို့ ဖုန်းခဏခဏ လာတာကိုလည်း အခြေအနေအရပ်ရပ်ကြောင့် ရှေ့ဆက်မတိုးပဲ ဒီနေရာမှာပဲ ကံစမ်းမဲပေါက်ပြီး လက်မှတ်ပျောက်ခဲ့တာပဲ ဖြစ်ပါတော့တယ်။

ကံကိုစမ်းတာလား ကုသိုလ်ကိုစမ်းတာလားဆိုတာ မသိပေမယ့် ကျွန်မကတော့ ကံစမ်းမဲဆိုတာနဲ့ အမေရိကန်ဒီဗွီပေါက်ပြီးထဲက လန့်ပြီး နောက်တွန့်နေမိပါတယ်။ အဝတ်အထည်ဆိုင် သွားတော့လည်း အမရေ ကံစမ်းမဲပါတယ်နော် တစ်ထည် ဝယ်ရင် တစ်ထည် လက်ဆောင်ဆိုတာနဲ့ ကြည့်ပြီး မဝယ်ပဲ ပြန်ထွက်ခဲ့တဲ့ နေရာတွေလည်း ရှိလာပါတယ်။ နောက် ကော်ဖီဝယ်သွားတော့လည်း Gold Rose မှာ ကံစမ်းမဲပါပြန်ရော မဲကတော့ ၁၀၀၀ ကျပ်တန်တို့ ကော်ဖီမစ်ထုပ်တို့ ပေါက်ပြန်ရော။ ထီကျတော့ထိုးလား ဆိုတော့လည်း မထိုးခဲ့တာ နှစ်နဲ့ချီကြာနေတာ ခုချိန်တိုင်ပါပဲ။ ထီထိုးမယ့် ပိုက်ဆံကို တရားပွဲတွေလှူ၊ မိဘမဲ့ကလေးတွေလှူ၊ ကြွလာတဲ့သံဃာတွေလှူနဲ့ပဲ နေလာခဲ့တာ။ အဲ ဟိုတစ်လောက သူငယ်ချင်းများဖိုရမ်ကနေ တွေ့ဆုံပွဲလုပ်မလို့ လာခဲ့ပေးပါဆိုလို့ ကျောင်းကနေ အပြေးလေးတစ်ပိုင်းနဲ့ သွားလိုက်ပါတယ်။ တာမွေမွန်းမှာလုပ်တာဆိုတော့ အချိန်တော့ နည်းနည်းပေးရတာ ပေါ့။ ဟိုရောက်တော့ လာတဲ့ မန်ဘာတွေ အချင်းချင်းမိတ်ဆက် မိဘမဲ့တွေလှူမယ့်အစီအစဉ်တွေပြောကြနဲ့ ပြီးတော့ လာတဲ့သူတွေကို မဲဖောက်ပေးဖို့ ဆု ၄ ဆု စီစဉ်ထားတယ်တဲ့။ စပြီး မဲနှိုက်တော့ မနော မဲက ဗလာကျနေပါတယ်။ ဒီတစ်ခါတော့ ကံမကောင်း နိုင်တော့ပါလား လို့ တွေးနေတုန်းရှိသေးတယ်။ ပထမဆုမဲကို ပယ်မဲထဲ မှားထည့်လိုက်မိလို့ မဲတွေ အကုန်ပြန်ပေးပါ အစအဆုံးအသစ်ပြန်လုပ်ပြီး ပြန်နှိုက်ရမယ်လို့ပြောပြီး သိမ်းသွားပါရော။ နောက် အစကနေ ပြန်နှိုက်ရတော့ တစ်ခုပြန်ယူလိုက်ပါတယ်။ ဖွင့်လည်းကြည့်လိုက်ရော ပေါက်မဲနံပါတ် ၃ တဲ့ ကိုယ့်မျက်လုံးတောင် ကိုယ်မယုံဘူး။ ခုနတုန်းကတော့ ဗလာဖြစ်နေတယ်။ ပြန်နှိုက်တော့ ပေါက်နေပါလားပေါ့။ အားလုံးကို ပြောလိုက်တော့ အစ်မ ကံကိုက အမအတွက် ဖြစ်လာတာတဲ့လေ။ အံ့သြမိပါရဲ့။ ကျန်တဲ့အသေးအမွှားတွေတော့ မပြောတော့ပါဘူး။

အဲ ခုတစ်ခါကတော့ ချစ်သူများနေ့မှာ (ဦးပိုင်) 547 Trading က ပြုလုပ်တဲ့ ၁၄ ရက် ၂ လ ၂၀၁၁ ခုနှစ် ချစ်သူများနေ့ ဈေးရောင်းပွဲတော်မှာ ကံစမ်းမဲလက်မှတ်များ ရောင်းချပါတယ်။ ရုံးက အစ်မတစ်ယောက်က ဝယ်လာပြီး ပြောတယ် ကားရရင် ဘယ်သွားမယ်တို့ ဘာတို့ပြောတော့ မကြီး အဲဒါ ဘာလဲလို့မေးတော့ ကံစမ်းမဲ တစ်ထောင်နဲ့ ဝယ်လာတာတဲ့။ ဘယ်ကဝယ်လာတာလဲဆိုတော့ စထရယ်ဟိုတယ်ရှေ့မှာ ရောင်းနေတာပြောတော့ ရုံးက အန်တီတွေကလည်း မုန့်စားသလောက်ပဲရှိတယ် ကံစမ်းမယ်ဆိုပြီး အလုပ်က မောင်လေးတစ်ယောက်ကို သွားဝယ်ပေးဖို့ပြောတော့ မနောလည်း အင်တာနက် ၂ နာရီစာဖိုးတော့ ရှိမှာပဲ မှာလိုက်ဦးမယ်ဆိုပြီး ဝယ်ခိုင်းလိုက်ပါတယ်။ အဲဒီမောင်လေးပြန်လာတော့ ၁၀ ရက်နေ့က ဝယ်ခိုင်းတာ ဆိုတော့ ၁၄ ရက်နေ့ နေ့လည် ၁၂ နာရီ မျှော်စင်ကျွန်းမှာ မဲဖောက်မယ်လို့ပြောတယ် ဆုပေါက်တဲ့သူတွေကို စထရယ်ဟိုတယ်မှာ စာရွက်နဲ့ကပ်ပေးထားမယ်ပြောလိုက်တယ်လို့ပြောပါတယ်။ ဝယ်လာတဲ့ နံပါတ်က ဟိုအန်တီနှစ်ယောက်က ၄၅၅၊ ၄၅၆ ဖြစ်ပြီး မနော နံပါတ်က ၄၅၇ ဖြစ်ပါတယ်။ ၁၄ ရက်နေ့ ရောက်တော့ တစ်ယောက်နဲ့တစ်ယောက် နောက်ကြပါတယ်။ မနောကတော့ ပြောလိုက်ပါတယ်။ ၄နဲ့ ၅ ပေါင်းရင် ၉ နဝင်းလို့ နောက်က လပ်ကီး ၇ လို့ အားလုံးပေါင်းရင် လပ်ကီး ၇ နံပါတ်လို့ ပြောလိုက်မိပါသေးတယ်။ ဖုန်းလာမယ် ကားရမယ်တို့ဘာတို့ ပြောနေကြတာ တစ်နေကုန်သွားတော့ လူတွေ ဒီလောက်များတာ တို့တွေ ဗလာမဲထဲ ပါပြီနဲ့တူတယ်လို့ ပြောကြပြီး ၁၅ ရက်နေ့ရောက်တော့ မေ့မေ့ပျောက်ပျောက်ပါပဲ။ နေ့လည် ကော်ဖီသောက်ချိန်ပြီးတော့ ၃ ခွဲလောက် အစ်မ ဖုန်းလာနေတယ်ပြောလို့ သူငယ်ချင်းဆီက ဖြစ်မယ်ပြောပြီး ကိုင်လိုက်တော့ စထရယ်ဟိုတယ်က ဆက်တာပါ ကံစမ်းမဲ နံပါတ် ၀၄၅၇ ပေါက်ပါတယ် မနက်ဖြန် ၁၁ နာရီကို စထရယ်ဟိုတယ်ကို လာပေးပါလို့ ပြောပြီး ဘာပစ္စည်းပေါက်တာလည်း မေးလို့မရခဲ့ဘူး။ ရုံးကလူတွေကတော့ တစ်ရုံးလုံးမှာ နင်ပေါက်တာဆိုတော့ အတော်ကံကောင်းတယ်တဲ့။ ဒါနဲ့ မနောလည်း အိမ်ပြန်ရောက်တော့ တစ်ထောင်နဲ့ ဝယ်ထားတဲ့လက်မှတ်က ကံစမ်းမဲပေါက်တယ်ပြောလိုက်တော့ အိမ်က ကားရပါဆိုပြီး ပြောကြတယ်။ မနောစိတ်ကတော့ ဘာပဲရရ အရမ်းကြီးလည်း ဘာလိုချင်တယ်ဆိုတာ စိတ်မှာ မဖြစ်မိဘူး။ တစ်ထောင်နဲ့ထိုးထားတာ ဘာရရ တန်ပါတယ်လို့ ပြန်ပြောလိုက်တယ်။ ၁၆ ရက်နေ့ရောက်တော့ အလုပ်က အဘနဲ့ ဦးလေးတစ်ယောက်က လိုက်ပေးပါတယ်။ ဟိုရောက်တော့ ခုမှ ဦးပိုင်မှာ သွားထုတ်နေတုန်းတဲ့ ခဏတော့စောင့်ရမယ် ဘာရတယ်ဆိုတာလည်း သူတို့လည်းမသိဘူးတဲ့။ ဒါနဲ့ ကြာနေမှာစိုးလို့ ပြန်လာပြီး ထမင်းစားပြီးချိန်ကို ရုံးက အဘကို မလိုက်ခိုင်းတော့ပဲ ဦးလေးက သူ လိုက်ခဲ့မယ်ပြောပြီး သွားကြတယ်။ ဟိုတယ်ရောက်တော့ ဝန်ထမ်းတွေကလည်း ဘာပေါက်တာလဲတဲ့ သူတို့လည်းသိချင်တယ်ပေါ့ မနောက ပြန်ပြောလိုက်တယ်။ ပေါက်မဲနံပါတ်တွေနဲ့ သတင်းစာမှာ ပစ္စည်းစာရင်းတွေပါတယ် ကြည့်လိုက်ပါလို့ ပြောလိုက်တယ်။ ခဏပြန်လာတော့ သတင်းစာရောက်တော့ ကိုယ်က ဘာပေါက်တယ်ဆိုတာ သိပြီးနေပြီ စတီးအိုး ၁၀ လုံး ပေါက်တာဆိုတော့ သိပ်တော့ မကြီးလောက်ဘူးပေါ့။ ဒါနဲ့ ဟိုတယ်ရောက်တော့ မန်နေဂျာက နာမည်နဲ့နံပတ်ပဲပြောရသေးတယ် အထူးဆု လာထုတ်တာပဲတဲ့ သူက ပြောတယ် မနောကတော့ ရောက်တော့ ပစ္စည်းတွေက ပလတ်စတစ်ချိုင့်တွေကော မြင်တော့ ဒီလိုပုံစံပဲပေါ့။ နောက်လည်းကျရော အလားလား စတီးအိုး ၁၀ လုံးထည့်ထားတဲ့ စက္ကူဗူးကြီးက နည်းတာ မဟုတ်ဘူး။ အထူးဆုတဲ့လေ။ လုံခြုံရေးကို သယ်ခိုင်းတော့ တစ်ယောက်ထဲမနိုင်လို့ နှစ်ယောက်ဝိုင်းမရတယ်။ ဒါနဲ့ ရုံးကို ကားငှားပြီးပြန်၊ ညနေ အလုပ်ဆင်းတော့ အိမ်ကို ကားငှားပြန်ခဲ့ရတာပေါ့။ ရုံးက အန်တီတွေကတော့ ပြောတယ် အဲဒါ မနော ကံကြောင့် ရတာတဲ့။ ရှေးဘဝက ကုသိုလ်ကြောင့်တဲ့ မနောလည်း ဘာကြောင့်ဆိုတာ မသိတော့ပါဘူးရှင်။ ဘာပဲဖြစ်ဖြစ် မဲပေါက်တော့လည်း အလုပ်က လူတွေကို မုန့်ဝယ်ကျွေးပြီး ဒါနလုပ်ဖြစ်သွားတာပေါ့နော်။ ချစ်သူများနေ့ရဲ့ အမှတ်တရပဲ ဖြစ်ပါတော့တယ်။ ချစ်သူရှိမှ ပျော်ရွှင်ရတာမဟုတ်ပါဘူး။ တစ်ယောက်ထဲလည်း နေတတ်ရင် ကျေနပ်စရာပါလို့ ဒီနေရာကနေ ပြောလိုက်ပါရစေရှင်……………………..


အကြား အမြင် လောက




 အမြင် ….
ကြည်လင်တာလည်း ရှိ
မပီပြင်တာလည်း ရှိ
အကြား….
မှားတာလည်းရှိ
မှန်တာလည်း ရှိ
အပြော….
ချောတာလည်း ရှိ
လောတာလည်း ရှိ
မျက်စိ နား ပါးစပ်
အစပ်အဟပ်တည့်ဘို့ဆိုတာ
ဖတ်မှတ်လေ့လာ
သေချာသုံးသပ်
ပိုင်းဖြတ်တဲ့ ဦးနှောက်ဉာဏ်
မှန်ကန်စွာ အသုံးချ
လူ့လောကအတွက်
ခရီးဆက်ကြမယ် လေ ……………
မနောဖြူလေး

ဖြတ်သန်းမှုကာလ


√ 23+ Arti Emoticon Whatsapp, Jangan Salah Arti Haha!

ထောင့်ကိုးရာမျိုး
ခုနစ်ဆယ့်ရှစ်၊ တည်ရှိမိုးနှောင်း
လမြတ်ဝါဆို၊ လပြည့်ကျော်တွင်
လဆန်းတစ်ရက်
နေ့ဝယ်ကြာသပတေး၊ တစ်မနက်တွင်
သံသရာတစ်ကြော
လောကကြီးတွင်း
ဖြစ်တည်လာခဲ့
အကျွန်ုပ်သည်
လူ့ဘုံခန်းဝါ
သုခဒုက္ခ အဖုံဖုံကြား
လူမှန်းသိစ
အရွယ်ကပင်၊ မာနဝင်ကာ
တငါငါနှင့် စားကာသောက်ကာ
ပျော်ပါးကာလျှင်၊ သာယာချိုမြ
ကိုယ့်ဘဝကို ပြည့်ဝစုံလင်
အဟုတ်ထင်ခဲ့…
အရွယ်ရောက်လတ်
ဘဝရုန်းကန်
လူ့လောကထဲဝင်ကာမျှ
ကျဆင်းစိတ်ဓာတ်
အဖန်ဖန်တင်းရင်း
ဘဝအမောတွေ ပြေခဲ့ရ
နှစ် လ ရာသီ
အလီလီပြောင်းရင်း
မသေသေးသရွေ့
ဆက်လက်ဆောင်ရွက်
လမ်းမှန်ကိုလျှောက်
အောင်မြင်မှုကို ရှေးရှုနေရင်း
တက်လှမ်းလာမည့်
အနာဂတ်ခရီး
မျှော်မှန်းရင်း
အကျွနု်ပ်သည်
အောင်မြင်မှု ပန်းတိုင်ဆီသို့……

မနောဖြူလေး

စိတ်အချမ်းသာဆုံးလူတွေ ဟုတ်ရဲ့လား


How to be successful in your career – The Rutgers iJOBS Blog

လူတိုင်းဟာ စိတ်ချမ်းသာမှု့ရှာနေကြတာ။ ဘယ်လိုနည်းနဲ့များ စိတ်ချမ်းသာမှု့ကို ရမယ် ထင်နေကြသလဲ။
များသောအားဖြင့် ပတ်ဝန်းကျင်အသိုင်းအဝိုင်းက ကိုယ့်ခေါင်းထဲထည့်ပေးတဲ့ အယူအဆဖြစ်တဲ့ ” သူများထက်ပိုပြီး အဆင့်အတန်းမြင့်မြင့်နေနိုင်ရင် စိတ်ချမ်းသာမယ်၊ ပိုက်ဆံများများရှိရင် စိတ်ချမ်းသာမယ်၊ ရာထူးတွေအမြင့်ကြီးရှိရင် စိတ်ချမ်းသာမယ် ” လို့ ထင်နေကြတယ်။
ဒီလိုလူတွေဟာ စိတ်အချမ်းသာဆုံးလူတွေ ဟုတ်ရဲ့လားဆိုတာ တကယ်လက်တွေ့ အကဲခတ်ကြည့်စမ်းပါ။ အချို့ကိစ္စတွေမှာ ပစ္စည်းဥစ္စာ၊ ရာထူးအဆင့်အတန်းမြင့်မားတဲ့လူတွေဟာ စိတ်အဆင်းရဲဆုံးလူတွေဖြစ်နေတာ တွေ့ရတယ်။
If I devalue you, I devalue myself.
သူတပါးကိုတန်ဖိုးချလိုက်ရင် ကိုယ့်ကိုကိုယ်ပါ တန်ဖိုးချရာရောက်တယ်။ သူတစ်ပါးကို မလေးမစား ဆက်ဆံပြီဆိုရင်
ကိုယ့်ကိုကိုယ်လည်း လေးစားလို့မရတော့ဘူး။
အဲဒီလိုသိဖို့ဆိုတာ ကိုယ်စိတ်ကိုသိနိုင်တဲ့ နူးညံ့သိမ်မွေ့မှုရှိတဲ့သူ၊ သတိ သမာဓိ ဉာဏ်ပညာရှိတဲ့သူမှသာ သိနိုင်ပါတယ်။
သတိ သမာဓိ ဉာဏ်ပညာမရှိတဲ့သူတွေကတော့ ဒေါသနဲ့ ဆက်ဆံမယ်၊ မာနနဲ့ ဆက်ဆံမယ်၊ က္ကုသာမစ္ဆရိယနဲ့ ဆက်ဆံမယ်၊ လောဘနဲ့ ဆက်ဆံမယ်၊
အဲဒီလို လောဘ၊ ဒေါသ၊ မာန၊ က္ကုသာမစ္ဆရိယ အားကြီးနေလို့ ကိုယ့်ကိုကိုယ် ထိခိုက်နေတာတောင်မှ မသိတော့ဘူး။
ဒါကြောင့် လောကကြီးကို ကောင်းစေချင်တယ် ဆိုရင် သတိနဲ့နေတဲ့လေ့အကျင့်လုပ်ပါ။ သတိနဲ့နေလာရင် ကိုကိုယ်ကို အများကြီးသိလာလိမ့်မယ်။
ကိုယ်စိတ်ကို အများကြီးသိလာမှသာ သူတစ်ပါးစိတ်ထဲဘယ်လိုခံစားရတယ်တိုတာ နဲ့နဲ့သိလာပါလိမ့်မယ်။ အဲဒီလိုလူမှသာ ကိုယ့်အကျိုးရော၊ အများအကျိုးရော မထိခိုက်အောင်လုပ်နိုင်တယ်။ ဒါအပြင် ကိုယ့်အကျိုးရော၊ အများအကျိုးရော ကြီးကြီးမားမားဖြစ်ပေါ်လာအောင် အကျိုးကိုဆောင်ရွက်နိုင်တယ်။ ဒါ့ကြောင့် အများအကျိုးကို ဆောင်ရွက်ချင်တဲ့လူဆိုရင် သတိ၊ သမာဓိ၊ ဉာဏ်ပညာရှိဖို့ လိုတယ်။
When you are peaceful, happy, joious and doing what you love to do, you are successful.
သင်ဟာ ငြိမ်းချမ်းနေတယ်၊ ပျော်ရွှင်နေတယ်၊ ကြည်လင်ရွှင်လန်းနေတယ်၊ ကိုယ်ချစ်တဲ့ အလုပ်ကိုလုပ်နေတယ်ဆိုရင် သင်ဟာ အောင်မြင်နေတဲ့သူပါ။
ဘယ်လိုလူကို အောင်မြင်တဲ့လူလို့ ပြောမလဲ။ ပိုက်ဆံချမ်းသာတဲ့လူလား၊ ရာထူးတွေအကြီးကြီး ရနေတဲ့လူလား။ ဒါတွေ မဟုတ်ဘူး။ ငြိမ်းချမ်းတဲ့လူ၊ ပျော်ရွှင်တဲ့လူ၊ ကြည်လင်ရွှင်လန်းတဲ့လူ၊ ကိုယ်ချစ်တဲ့ အလုပ်ကိုလုပ်နေတဲ့လူဟာ ဘဝမှာ အောင်မြင်တဲ့လူဖြစ်တယ်။
There is no true success without peace of mind.
စိတ်အေးချမ်းမှု မရှိဘဲနဲ့ စစ်မှန်တဲ့ အောင်မြင်မှုဆိုတာ မရှိပါဘူး။
ကိုယ့်ရဲ့အောင်မြင်မှုကို ဘာနဲ့တိုင်းတာမလဲ။ စိတ်ထဲမှာ အေးချမ်းမှုရမှ ကိုယ့်ဘဝဟာ အောင်မြင်မှုရတာပါ။
အေးချမ်းမှုဆိုတာ ဘာလဲ။ ရိုးသားမှုမရှိဘဲနဲ့ အေးချမ်းမှုဆိုတာ မဖြစ်နိုင်ဘူး။ ရိုးသားမှ အထိုက်လျှောက် အေးချမ်းတယ်။
တည်ငြိမ်မှုမရှိဘဲနဲ့ တကယ်အေးချမ်းမှု အစစ်အမှန်ဆိုတာ မဖြစ်နိုင်ပါဘူး။ ဘဝကို အေးအေးချမ်းချမ်း နေသွားမှာလား။
အပြစ်တွေ၊ နောင်တတွေ၊ ပူပန်မှုတွေ၊ ကိုယ် မရိုးသားတာတွေ၊ ကိုယ်မရိုးသားမှန်းကို သူများသိနေတာကို မရမကဖုံးပြီးတော့ ပူလောင်နေတဲ့စိတ်ကြီးနဲ့ နေသွားမှာလား။

A successful man possesses a great spiritual understanding.

အောင်မြင်တဲ့သူမှာ ကြီးမားတဲ့၊ လေးနက်တဲ့ အသိဉာဏ်ရှိတယ်။

လေးနက်တဲ့၊ မြင့်မြတ်တဲံ့၊ မှန်ကန်တဲ့အသိဉာဏ် ရှိမှသာ အဲဒီလူကိုဘဝမှာ ကြီးကျယ်မြင့်မြတ်တဲ့သူလို့ ပြောလို့ရတယ်။
တကယ်အောင်မြင်တဲ့သူဟာ သူမှာ တကယ်လေးနက်တဲ့၊ မြင့်မြတ်တဲံ့အသိဉာဏ် ရှိတယ်၊ စိတ်ထားရှိတယ်။
(ဆရာတော် ဦးဇောတိက) ရဲ့ ရေးသားချက်လေးကို ကိုးကား ထည့်သွင်းထားပါတယ်။

ဂလိုဘယ်လိုက်ဇေးရှင်းနှင့် ကျွန်မအမြင်

ဂလိုဘယ်လိုက်ဇေးရှင်းနှင့်ယှဉ်ပြီး ခေတ်မီတိုးတက်နေတဲ့ ဈေးကွက်စီးပွားရေးခေတ်ကြီးလို့ တဖြည်းဖြည်းပြောလို့ရလာတဲ့ အနေအထားဖြစ်ထွန်းပေါ်ပေါက်သော ခေတ်နဲ့ အံဝင်ခွင်ကျဖြစ်လာနေတာ တွေ့ရပါတယ်။ မျက်စိရှေ့မှာ စူပါမားကတ်ကြီးတွေ၊ ကုန်တိုက်ကြီးတွေ၊ ရှောပင်းမောတွေစတဲ့ တိုက်တာ အဆောက်အအုံကြီးတွေလည်း တိုးတက်များပြားလာနေသည် မဟုတ်ပါလား။ ဟော နောက်တစ်ချက်က မြို့ထဲ တိုက်ဟောင်းတွေဖြို၊ တိုက်သစ်တွေဆောက် ကြိုတင်လေလံဈေးတွေနဲ့ ရောင်းချ၊ စီးပွားရေးသမားတွေက နေရာကောင်းကောင်း သူ့ထက်ငါ အလုအယက်ဝယ်ယူ၊ ဆိုင်ခန်းတွေဆောက်နဲ့ နေရာတိုင်းမှာလည်း အရောင်းစင်တာကြီးတွေ ဖြစ်လို့နေပါပြီ။ ဒါတွေပဲလားဆိုတော့ ဆက်ကြည့်ပါဦး။ ရပ်ကွက်တွေမှာဆိုရင်လည်း လူနေတိုက်ခန်းမြေညီထပ်တွေ၊ အိမ်ရှေ့အဖီတွေဆိုရင်လည်း စတိုးဆိုင်တွေကနေပြီး အနည်းဆုံး စုံစီနဖာဆိုင်ကလေးတွေ အဆုံး အစီအရီရောင်းနေကြတာလည်း မျက်မြင်ကိုယ်တွေ့ပါပဲ။ နောက်ပလက်ဖောင်းတွေ လမ်းကြိုလမ်းကြားတွေမှာလည်း ဈေးဆိုင်၊ ပန်းခြံကားဂိတ်တွေမှာလည်း ဈေးဆိုင်တွေနဲ့ပြည့်လို့။ ဒါကြောင့်ပြောတာ ဂလိုဘယ်လိုက်ဇေးရှင်းဆိုတာ စီးပွားရေးခေတ်လို့၊ ဒါပေမယ့် တချို့ကျတော့ နည်းပညာခေတ်လို့ ပြောနေကြပြန်ရော။
လမ်းလျှောက်ရင်တောင် မျက်စိမှိတ် မလျှောက်မိစေနဲ့ တစ်ခုခုနဲ့တိုက်မိလို့ မျက်စိဖွင့်ကြည့်ရင်တောင် အဲဒါဈေးရောင်းတဲ့ဆိုင်ဖြစ်နေပါရောလား။

ဒါတောင် လမ်းဘေးရောင်းတာနော် တိုက်မိလို့ပြန်ပြီး ကောက်ပေးတာတောင် ဈေးသည်က ရှစ်ခေါက်ချိုးရုပ်နဲ့ ထသတ်မလားမှတ်ရ။ အင်း
ဒါတောင် ခေါင်းရွက်နဲ့ လည်ပင်းဆွဲပြီး တိုက်ကြိုတိုက်ကြား၊ မီးရထား၊ သင်္ဘောပေါ်တွေမှာပါ ဈေးသည်တွေ ဘယ်လောက်တောင်ပေါများနေသလဲဆိုတာ ပြေးမကြည့်နဲ့တွေးကြည့်တာနဲ့တင် သိနိုင်တယ်။
ကျွန်မ ပြောချင်တာက အဲဒါ မဟုတ်သေးဘူး။ ခေတ်နဲ့အညီ ရောင်းသူရှိသလို ၀ယ်သူရှိတာလည်း မဆန်းပါဘူး။ အဲ အလုပ်ရုံရှိသလို အလုပ်ရှင်ဆိုတာလည်း ရှိနေပြန်တယ်။ ဒီတော့ အလုပ်ရှိရင် အလုပ်သမားဆိုတာကရော ဘယ်နားထားမလဲ။ နည်းပညာခေတ်ရောက်လာပြီလို့ ဆိုကြပေမယ့် အလုပ်သမားဆိုတဲ့ လူတန်းစားကိုတော့ မေ့လျော့နေတတ်ကြတာ နေရာတိုင်းမှာလို့ပဲ ဆိုရပါလိမ့်မယ်။ ဒီတော့ ၀ယ်သူနဲ့ ရောင်းသူကြားမှာ ပေါင်းကူးပေးတာကတော့ အလုပ်သမားတွေရဲ့ မရှိမဖြစ် စွမ်းအားတွေလို့ ပြောရင် ပိုမှန်နေမလား မသိဘူး။ ဒါကြောင့်လည်း ကမ္ဘာနိုင်ငံတိုင်းမှာ အလုပ်ရှင်နဲ့ စားသုံးသူတွေရှိနေသရွေ့ အလုပ်သမားဆိုတာလည်း ရှိနေဦးမှာမို့ အလုပ်သမားဥပဒေတွေ သတ်မှတ်ပြီး အလုပ်သမားတွေကို ကာကွယ်ပေးခဲ့ကြတာ ရာစုနှစ်တွေပါ မနည်းတော့ဘူးထင်ပါတယ်။ အဲသည်လို အကာအကွယ်ပေးနေတဲ့ကြားမှာတောင် အလုပ်ရှင်ဘက်က ၀ိသမလောဘတွေတက်ပြီး အလုပ်သမားအပေါ် မောက်မာအနိုင်အကျင့်တာတို့၊ ကောက်ကျစ်စဉ်းလဲပြီး လုပ်အား၊ အချိန် ညစ်ယူတာတို့နောက် အလုပ်ကနေ မလိုချင်တဲ့ အလုပ်သမားတွေကို တရားဝင်ထုတ်ရင် အလုပ်သမားဥပဒေအရ သုံးလစာပေးရမှာမြင်ပြီး အလိုလိုထွက်သွားအောင် နည်းအမျိုးမျိုးနဲ့ စိတ်ဓာတ်ကျဆင်းအောင်၊ စတဲ့နည်းလမ်းတွေနဲ့ တင်းကြပ်မှုတွေ လုပ်လာတာတို့ ဖြစ်လာကြတာတွေ၊ အလုပ်သမားကို ခိုင်းတာနဲ့ ပေးတာမညီမျှတို့ ဆူပူမှုတွေ ဖြစ်လာကြတာ နိုင်ငံတကာသတင်းတွေမှာ မြင်တွေ့ဖူးကြမှာပါ။ နောက်တစ်ချက် ဆိုးတာကတော့ အလုပ်သမား အချင်းချင်း တန်းတူမဆက်ဆံပဲ ကိုယ်ကြည်ရင်ကြည်သလို အမြင်တည့်ရင် တည့်သလို စည်းကမ်းဖောက်ဖျက်နေရင်လည်း အရေးမယူ၊ ဒီတိုင်းပစားပေးပြီး ကိုယ်အမြင်မကြည်လင်တဲ့သူဆို ဖိနှိပ်ချုပ်ချယ်တဲ့ ခေါင်းဆောင်မှုတွေကလည်း အလွန်မှ သေးသိမ်ညံ့ဖျင်းရာရောက်တယ်ဆိုတာ မတွေးမိကြသလို လူဖျင်း၊ လူပိန်းတွေသာလုပ်တဲ့ အလုပ်ဆိုတာ မသိနားမလည်းကြတဲ့ လုပ်ငန်းရှင်တွေကလည်း တိုးတက်လာတဲ့ခေတ်နဲ့အညီ ဒုနဲ့ဒေး တောင်လိုရာလိုပုံလာနေကြပါကလား။
လူသတ္တ၀ါမှန်သမျှရဲ့ ရုပ်ကို နာမ်က ဦးဆောင်နေတာဆိုပြီး မြတ်ဘုရားဟောကြားထားတာဖြစ်လို့ လူအမျိုးမျိုး စိတ်အထွေထွေ စကားလိုပဲ စီးပွားရေးလောကက လူမှုဆက်ဆံရေးတွေမှာလည်း အလုပ်ရှင်နဲ့ အလုပ်သမား သူ့စည်းကိုယ့်စည်း စောင့်ထိန်းပြီး သဟဇတဖြစ်အောင် မကျင့်ကြံနိုင်ကြရင်တော့ ပြဿနာဆိုတော့ ရှိနေဦးမှာ မလွဲပါဘူး။ အဲသည်လို သူ့စည်းကိုယ့်စည်း စောင့်ထိန်းကြရင်းက တစ်ဖက်နဲ့တစ်ဖက် ယုံကြည်မှုရှိလာကြပြီဆိုရင်တော့ အလုပ်ရှင်နဲ့ အလုပ်သမား တစ်သားတည်း ဖြစ်သွားတဲ့အထိ မေတ္တာ၊ စေတနာ၊
သံယောဇဉ်တွေ ကူးလူးဆက်နွယ်သွားကြမယ်လို့ ကျွန်မ မြင်မိပါတယ်။ ဒါမှလည်း ကိုယ့်လုပ်ငန်းဟာ စီးပွားရေးလောကမှာ တစ်ရှိန်ထိုး အောင်မြင်ကြီးထွားတဲ့လုပ်ငန်းဖြစ်မှာ အမှန်ပါပဲ။
ကုမ္ပဏီတစ်ခုရဲ့ အောင်မြင်မှုဟာ ယင်းကုမ္ပဏီဝန်ထမ်းများရဲ့ ကုမ္ပဏီလုပ်ငန်းကို တက်ညီလက်ညီဝိုင်းဝန်းလုပ်ကိုင်မှုအပေါ်မှာ တည်ပါတယ်။ ၀န်ထမ်းများဖို့ထက် အရည်အချင်းရှိတဲ့ ၀န်ထမ်းနည်းနည်းနဲ့ လုပ်ငန်းအောင်မြင်အောင် ဖန်တီးနိုင်ရပါမယ်။
ခေါင်းဆောင်တစ်ယောက်အနေနဲ့ မိမိရဲ့ဝန်ထမ်းတွေ အလုပ်မှာ ပျော်ပျော်ရွှင်ရွှင်နဲ့ ခွန်နဲ့အားနဲ့ လုပ်ကိုင်ဖို့ တွန်းအားပေးရမယ်။ သူတို့နဲ့ စကားပြောတဲ့အခါ ပြောရမယ်၊ ဆွေးနွေးတဲ့အခါ ဆွေးနွေးရမယ်။ သူတို့ပြောချင်တာတွေ ပြောပါစေ။ နားထောင်ပေးပါ။ ဒီလို နားထောင်ခြင်းဖြင့် လုပ်ငန်းနှင့် ပတ်သက်ပြီး သင်မသိတာတွေ သိလာလိမ့်မယ်။ ဒုတိယအရေးကြီးဆုံးအချက်က သူတို့ရဲ့ လိုအပ်ချက်ကို သင် သိနေရမယ်။ဖြည့်ဆည်းပေးနိုင်စွမ်းရှိနေမယ်ဆိုရင်တော့ ကုမ္ပဏီကြီး အောင်မြင်တိုးတက်မှုရှိနေမည်မှာ မြေကြီးလက်ခက်မလွဲပါဘူး။

သည်တော့ အလုပ်ရှင်နဲ့ အလုပ်သမား တစ်ဖက်နဲ့ တစ်ဖက် နားလည်မှုတွေနဲ့ ကျီးဘုတ်ရိုသေ၊ ဘုတ်ကျီးရိုသေရှိနေကြသရွေ့။ ပဋိပက္ခဆိုတာ ရှိလာတော့မှာ မဟုတ်ဘဲ။ အလုပ်သမားတွေကလည်း ကိုယ့်အလုပ်သဖွယ် လုပ်ငန်းတိုးတက် အောင်မြင်အောင် အတွေးအခေါ် အသစ်တွေနဲ့ ကြိုးစား ဆောင်ရွက်သွားကြမှာ ဖြစ်ပါတယ်။ ဒီတော့ ဈေးကွက်လည်ပတ်မှု ချောမွေ့လာတာနဲ့အမျှ ကြီးပွားတိုးတက်ခြင်းဆိုတာလည်း နောက်က ကပ်ပါလာမှာ မလွဲဘူး ထင်ပါတယ်။ အဲသည်လို အလုပ်ရှင်နဲ့ အလုပ်သမားတစ်သားတည်း ဖြစ်လာကြတာနဲ့အတူ စားသုံးသူတွေအနေနဲ့ကလည်း အဆင်ပြေ ချောမွေ့လာကြမှာ ဖြစ်တာကြောင့် လောကပါလတရားတွေ ပြန့်နှံ့ပြီး ဈေးကွက်ပန်းခင်းကြီး အစဉ်ထာဝရ ရှင်သန်လှပနေမှာကတော့ ဂလိုဘယ်လိုက်ဇေးရှင်းခေတ်ကြီးလို့
ပြောစရာမလိုလောက်တော့ဘူးလို့ ကျွန်မ မြင်ယောင်နေမိပါတော့တယ်။
(မှတ်ချက်။ ။ နှစ်ဦးနှစ်ဖက် မြင်ကြည့်ခြင်း။)

အချစ်ကို ခွဲခြမ်းစိတ်ဖြာကြည့်မိခြင်း

အချစ်ဆိုတာ လူငယ်လည်း လူငယ်အတွေး၊ လူကြီးလည်း လူကြီးအတွေး ကိုယ့်အတွေးနဲ့ကိုယ် ရှိကြမှာပါ။ တစ်ယောက်တစ်မျိုးပေါ့လေ။
အချစ်ဆိုတာ ဘယ်ကစဖြစ်တာလဲ။ အရင်ဆုံး စဉ်းစားဖို့ လိုလာပြီနော်။ လှတာကိုလား။ ချောတာကိုလား။ ဒါမှ မဟုတ် အပြောကောင်းတာကိုဆိုလိုတာလား။ အဲဒီမှာ စကားပုံတစ်ခုကို စဉ်းစားမိတယ်။
“Love in the heart is better than honey in the mouth”
နှလုံးသားထဲက အချစ်ဟာ ပါးစပ်ဖျားက ပျားရည်ထက် ချိုပါတယ်တဲ့။ ဟုတ်မဟုတ်တော့ ကျွန်မလည်း မသိဘူး။
ကျွန်မ ခံယူမိထားတာကတော့ လူတစ်ယောက်မှာ It is needed to love and be loved. အချစ်ခံရဖို့နဲ့ ချစ်ဖို့ဆိုတာ လူတိုင်းမှာ လိုအပ်လိမ့်မယ်လို့ ထင်မြင်မိပါတယ်။
အဲ တစ်ခုတော့ ရှိတယ်နော် “And remember, the surest way to win love is to give love.” သိထားဖို့က မေတ္တာကိုရဖို့ အသေချာဆုံးလမ်းဟာ မေတ္တာကို ပေးဖို့ပါပဲ။
အချစ်ဆိုတာ ဘယ်အရာမှ မကောင်းဘူးလို့လည်း ထင်တယ်။ ပူလောင်တယ်။ အချစ်ဆိုတာထက် မေတ္တာထားတတ်ဖို့ လိုအပ်ပါတယ်။
အဲ အချစ်ဆိုတာ အချစ်တစ်ခုထဲနဲ့လည်း အချစ်ဆိုတာ ဖြစ်မလာတတ်ပါဘူး။ တစ်ဦးနဲ့ တစ်ဦး မေတ္တာထားနိုင်ဖို့ရယ် နားလည်မှုရယ် သစ္စာရှိဖို့ရယ် ဒါတွေ အားလုံးပေါင်းစပ်မှသာ အချစ်ဆိုတာ ဖြစ်လာမယ်လို့ ကျွန်မ မြင်မိပါတယ်။
ခု လူတွေဟာ ဘယ်အရာမှ တန်ဖိုးမထားတတ်ကြတာကို မြင်တွေ့နေရတာ တော်တော်စိတ်မကောင်းဖြစ်မိတယ်။ အများအားဖြင့် အွန်လိုင်းတက်နေကြတဲ့သူတွေရဲ့ ထုံးစံတစ်ခုပေါ့။ လွယ်လွယ်တွေ့၊ လွယ်လွယ်ပြော၊ လွယ်လွယ်ကွဲနဲ့ သူတို့ကျတော့ လွယ်လိုက်ကြတာနော်။ ဒါကို အချစ်လို့ ခေါ်တာလား။ ဒီတစ်ဦးကို ပြောကြည့်မယ်။ မရရင် နောက်တစ်ယောက်ပြောမယ်။ ဒါတွေဟာ အချစ်စစ်လို့ ပြောလို့ရမလား။
မဟာတ္ထမဂန္ဓီ ပြောခဲ့တာကတော့
“where there is love, there is life. Hatred leads to destruction. အချစ်ရှိလျှင် ဘ၀ရှိ၍ အမုန်းတရားသည် ပျက်စီးခြင်းကို ဦးတည်သည်တဲ့။
ကျွန်မမြင်မိတာကတော့ “lowe is a fervent fire” အချစ်ဆိုတာ ပြင်းထန်တဲ့ မီးတောက်မီးလျှံပဲ။
လောကမှ နှစ်ဦးနှစ်ဖက် လိုချင်တာနဲ့ ပေးဆပ်တာ ထပ်တူကျမှသာ အချစ်ဆိုတာ ဖြစ်ပေါ်လာရင် ပိုကောင်းပါတယ်။
အချစ်ဆိုတာ ဘဏ်တိုက်မှာ သွင်းထားတဲ့ ငွေကြေးလို မဟုတ်ပါဘူး။ လိုတဲ့အခါ ထုတ်ချင်တိုင်း ထုတ်လို့မရပါဘူး။
သူ ပေးနိုင်ပြီး ကိုယ်မပေးနိုင်တဲ့အခါ တစ်ဖက်သားအတွက် စိတ်မကောင်းရုံက လွဲလို့ မတတ်နိုင်တဲ့အရာတစ်ခုပါပဲ။
ကျွန်မကတော့ မချစ်ရဲဘူး။ ဘာကြောင့်လဲဆိုတော့ သံယောဇဉ်အရမ်းကြီးတတ်လို့ပဲ။ သံယောဇဉ်ဆိုတဲ့အရာဟာလည်း ဖြတ်နိုင်တဲ့သူတွေအတွက် အေးချမ်းပေမယ့် မဖြတ်နိုင်တဲ့သူတွေကျတော့ အမြဲပူလောင်နေတာပဲလေ။
ကျွန်မကတော့ အချစ်ဆိုတာ ရယူခြင်းရှိသင့်သလို ပေးဆပ်မှုလည်း ထားတတ်ရမယ်။ ဟုတ်တယ်မလား။
အချစ်ဆိုတာ ကိုယ်ကျင့်တရားနဲ့လည်း သက်ဆိုင်နေပါတယ်။ ဒါဟာလည်း မပါမဖြစ်ဘူးလေ။
အင်း မရေးလည်း မရေးတတ်ပါဘူး။ ရေးချင်တာတွေလည်း ရှိသေးတယ်။ အချစ်အကြောင်းကို လေ့လာပြီးမှပဲ ဆက်ရေးတော့မယ်…. ဟီးဟီး
ကဲ အမှတ်တရ ကျွန်မရဲ့ ကဗျာလက်ဆောင်များ
Love အချစ်ဆိုသည်မှာ
L…. lake of Sorrow (၀မ်းနည်းပူဆွေးရေအိုင်)
O…. Ocean of Tears (မျက်ရည်သမုဒ္ဒရာ)
V…. Valley of Death (မရဏတောင်ကြား)
E… End of Live (ဘ၀နိဂုံး) ပါတဲ့.
….. ဟုတ်တယ်ဟုတ်… မဟုတ် ဟုတ်ဟုတ်…. ဟုတ်
နောက်တစ်ပုဒ်လက်ဆောင်
အချစ်ဆိုတာ
ဒုက္ခရဲ့နိဒါန်း
သောကရဲ့မြစ်ဖျား
အလွမ်းရဲ့ဗဟို
အပြိုပြိုအလဲလဲ
ငိုလို့မဆုံးတဲ့ ပွဲတစ်ပွဲ.
…. ပေါ့
အချစ်ဆိုတာအာပလာ….
ဘ၀ဆိုတာအလှမပါ…
ကဗျာတွေမှတင့်တယ်တာ…
အဲဒါနှစ်သက်စရာ….


မနောဖြူလေး

Sunday, August 19, 2018

ရင်ဝေးသစ္စာ




အလွမ်းတွေနဲ့
ပူလောင်နေတဲ့ တို့နံဘေးမှာ
လေပြည်လေညင်းက မြူးတူးစွာ ခုန်ပေါက်လို့…
အမောတကော ဆွဲဖွင့်ခံရတဲ့
တို့ မနက်ခင်းတိုင်းမှာ
လန်းဆန်းတက်ကြွမှုတွေ ကျကွဲလို့….
ဟောင်းနွမ်းနေတဲ့ သက်ပြင်းတွေထဲမှာ
မင်းအရိပ်တွေ
စာနာမှု ကင်းမဲ့စွာ ကြီးစိုးနေလို့…
တို့ တည်ဆောက်ခဲ့တဲ့ သံယောဇဉ်မြို့မှာ
ဒုက္ခပေါင်းစုံက
ရောင်စုံညတွေလို လှပနေလို့…
မင်းနဲ့ တို့ဘဝ
တစ်ထောင့်တစ်ည ပုံပြင် ဖြစ်တော့မယ် ထင်ပါရဲ့…
ချစ်ဆုံးရေ…
ခရီးတစ်ဝက်နဲ့ သင်္ဘောပျက်နေတဲ့ တို့နှစ်ယောက်မှာ
အလွမ်းမုန်တိုင်းတွေနဲ့
စိတ်ထင်တိုင်း မိတ်ဆွေဖွဲ့ရုံမှတစ်ပါး
မင်းနဲ့ တို့
သစ္စာတရားနဲ့ ခရီးဆက်ကြမယ်နော်….


မနောဖြူလေး

မိသားစုတစ်စု၏ ခရီးရှည်စတင်ဖြတ်သန်းခြင်း

နေ့စဉ်ကောင်းမွန်တဲ့ ဘဝကိုဖြတ်သန်းနိုင်ဖို့ဆိုတာက မိသားစုတစ်စုရဲ့ အခြေခံပန်းတိုင်ဖြစ်ပါတယ်။ မိဘဖြစ်လာပြီဆိုတာ ခရီးရှည်ကြီးတစ်ခုကို အစပြုလိုက်တာပါပဲ ဖြစ်ပါတယ်။ မိသားစုတိုင်းမှာ ရည်မှန်းထားတဲ့ ပန်းတိုင်တွေ အသီးသီးရှိကြမှာပါ။ မိဘဖြစ်လာပြီဆိုတာနဲ့ ခရီးရှည်ကြီးတစ်ခုကို အစပြုလိုက်တာပါ။ ဒီ ခရီးကို ကလေးနဲ့အတူ ချီတက်ကြရပါတော့တယ်။ မိဘဖြစ်ခြင်းကို ခရီးတစ်ခုနဲ့ ဥပမာပေးပြီးပြီဆိုတော့ ကလေးနဲ့အတူ ဘယ်လို ခရီးဆက်ကြမလဲဆိုတာ သိမှတ်ထားသမျှ ရေးသားလိုက်ရပါတယ်။ မွေးကင်းစကလေးတွေဟာ အဆင့်ဆင့်ကြီးထွားလာမှာ ဖြစ်တာ ကြောင့်  အမြဲထွေးပိုက်ထားလို့ မရနိုင်သလို ဖွံ့ဖြိုးစအရွယ်ဖြစ်တဲ့အတွက် ချုပ်တည်းထားလို့လည်း မရပြန်ဘူး။ စတင်ထိုင်တတ်လာပြီး လေးဘက်ထောက်သွားမယ်၊ နောက် လမ်းလျောက်တတ်မယ်၊ ပြေးမယ် စတဲ့ ခန္ဓာကိုယ်ဖွံ့ဖြိုးလာတာနဲ့အမျှ ဒီခရီးရှည်မှာ ကလေးကလည်း သူ့လမ်းသူလျောက်နိုင်တဲ့ လူတစ်ယောက်အဖြစ် ပါဝင်လာမှာဖြစ်ပါတယ်။ သမီးလေးက ငယ်ငယ်က တွန်းလှည်းထဲ ထည့်ထားတာများတော့ လမ်းစလျှောက်တတ်လာတဲ့အချိန်ကျတော့ ခြေဖျားထောက်ထောက်ပြီး သွားနေတဲ့အတွက် ပုံမှန်လမ်းလျှောက်ဖို့ ပြန် ပြန်လုပ်နေရပါတယ်။

မိဘဖြစ်လာမယ့် ကျွန်မတို့အနေနဲ့  ကလေးတွေကို ထိထိရောက်ရောက်ဘယ်လို စောင့်ရှောက်ကြ မလဲဆိုတာကို  စိတ်ဝင်စားကြမှာပါ။ လက်ဦးဆရာ မည်ထိုက်စွာ ပုဗ္ဗာစရိယ မိနဲ့ဘဆိုသလိုပဲ ကလေးတစ်ယောက်ရဲ့ ပထမဆုံးရှင်သန်ကြီးပြင်းရတဲ့ ပတ်ဝန်းကျင်က မိဘနှစ်ပါးပါပဲ။ မိဘတွေအနေနဲ့ ကလေးတွေကို ဘယ်လို     ကလေးမျိုး ဖြစ်စေချင်တာလဲ။ ကလေးတစ်ယောက်ဟာ လမ်းပေါ်မှာ အမှိုက်မပစ်ဖို့ဆိုတဲ့ စည်းကမ်းကို လိုက်နာဖို့ဆိုရင် မိဘကိုယ်တိုင်က အမှိုက်ကို စနစ်တကျ စွန့်ပစ်ပြဖို့တော့ လိုအပ်ပါတယ်။ နောက်တစ်ချက်က အရင်ဆုံး သရုပ်ဆောင်ပြဖို့လည်း မမေ့ပါနဲ့။ ကျွန်မသမီးလေးဆိုရင် ကိုယ်ချွတ်လိုက်တဲ့ ဒိုင်ဗာကို ကိုယ်ယူပြီး အမှိုက်ပုံးထဲ ထည့်တတ်အောင် တစ်ခါပဲ ရှေ့ကလုပ်ပြထားတဲ့အတွက် သူ့ဘာသာ ထည့်တဲ့အကျင့်လေးရနေပြီ ဖြစ်ပါတယ်။ ဒါတောင် မလွှတ်ပစ်တဲ့ ကြွပ်ကြွပ်အိပ်လည်း ယူပြီး အမှိုက်ပုံးထည့် ထည့်နေတဲ့အတွက် ပြန်သုံးလို့ရကြောင်း သူ နားလည်အောင် ပြောပြထားပေးပါတယ်။ နောက် ထမင်းစားပြီး ဖွတဲ့အခါ တံမြက်စည်းလှည်းရမယ်ဆိုတဲ့ အသိလေး သွင်းပေးထားတဲ့အတွက် အမှိုက်ဖွပြီးရင် တံမြက်စည်းနဲ့ ဂေါ်ပြား ပြေးယူပြီးလှည်းတော့တာပါပဲ။ ကလေးတွေရှေ့မှာ ကိုယ်က ဘယ်လိုပုံစံနေပြမှာလဲ။ ဘာတွေကို တန်ဖိုးထားပြကြမလဲဆိုတာက အရေးကြီးပါတယ်။ ဘာကြောင့်လဲဆိုရင် ကလေးဆိုတာ အတုခိုးတတ်ကြပါပြီး သင်လွယ်တတ်လွယ်ရှိ ကြပါတယ်။

သမီး ၅ လ ၆ လသားထဲက ဘေဘီရမ်သမ်လေးတွေ အမြဲဖွင့်ပြဖြစ်ပြီး ယခုတိုင် အိပ်ချိန်ဆိုရင် ကြည့်ပြီးမှ အိပ်လေ့ရှိပါတယ်။ နောက်တစ်ချက်က သူ့အတွက် ငြိမ်ဆေးတစ်ခုဆိုလည်း မမှားပါဘူး။ နောက်ဒီထဲမှာပါတဲ့ ဇာတ်ကောင်လေးတွေ ဘာတွေလုပ်လဲဆိုတာ လိုက်မှတ်တတ်နေပါပြီ။ ဒါကြောင့် ပြသတဲ့အခါ ကလေးတွေအတွက် အသုံးဝင်မယ့်အရာလေးတွေ ပြသရင် ပိုမိုသင့်လျော်ကောင်း မွန်ပါတယ်။ တခါတလေ မိဘကပြောတဲ့ မလုပ်ရဘူးနော်ဆိုတဲ့ တားမြစ်မှုကို ကလေးတွေက နားမထောင်ချင်တတ်ပါဘူး။ ဒါပေမယ့် ပြတဲ့ကာတွန်း ဇာတ်ကောင်လေးတွေရဲ့ ကောင်းတဲ့ အပြုအမူလေးတွေကိုတော့ ကလေးတွေက အတုခိုးတတ်ကြပါတယ်။ ကလေးတွေကို ကောင်းတဲ့ အပြုအမူတွေလုပ်ဆောင်ချင်အောင်၊ တန်ဖိုးထားမှုလေးတွေ   မှန်ကန်အောင် ယခုလို ဘေဘီရမ်သမ်လေးတွေဖြစ်ဖြစ် ပုံပြင်ပြောပြတာဖြစ်ဖြစ်ကနေ အတွေးတွေ ပေးလို့ရပါတယ်။ ပုံပြင်ကတော့ အမြဲပြောပြဖို့ မိဘတွေက အချိန်အားရင် တော်ရဲ့၊ အချိန်မအားရင်တော့ ပြောပြနိုင်မှာ မဟုတ်ပါဘူး။


တခါတရံမှာ ကလေးနဲ့ မိဘကြားနားလည်မှုလွဲနေတာတွေ ရှိတတ်ပါတယ်။ မိဘ ကလည်း  စိုးရိမ်လို့အော်တယ်။ ကလေး ကလည်း ဖြစ်ချင်တာလုပ်ရဖို့ ဇွတ်လုပ်မယ်။ မလုပ်ရရင် အော်ဟစ်ငိုယိုမယ်။ ဒါက မိဘနဲ့ ကလေးတွေကြား အမြဲဖြစ်နေကျ ပုံစံတွေပါ။ ဒီအခါ ကလေးပြောတာ သေချာနားထောင်ပေးပြီး၊ ခွင့်ပြုနိုင်ရင် ကလေးကိုခွင့်ပြုပေးဖို့လိုသလို၊ ကိုယ်မဖြစ်စေချင်တာကိုလည်း သေချာ ရှင်းပြပေးဖို့လိုပါတယ်။ ကလေးတွေရဲ့ စကားကိုနားထောင်ပြီး နားလည်စေတဲ့ စကားလုံးနဲ့ လေးလေးနက်နက် ရှင်းပြမယ်ဆိုရင် ကလေးလေးတွေက မိဘစကားကို နားထောင်တတ်လာပါမယ်။ ကလေးတို့မှတ်ဥာဏ်လေးနဲ့လိုက်ဖက်မယ့် စကားလုံးလေးတွေဖြစ်ဖို့တော့ လိုအပ်ပါတယ်နော်။ ဒါမှ တွေးနိုင်သလောက် ကြောင်းကျိုးခိုင်လုံမှာဖြစ်ပြီး ကလေးတွေအတွက် လိုက်နာဖို့လည်း လွယ်ကူလာ နိုင်မှာ ဖြစ်ပါတယ်။

အခုတမျိုး တော်ကြာတမျိုး စည်းကမ်းတွေက ကလေးကို ထိန်းကြောင်းတဲ့အခါမှာ မထိရောက်ပါဘူး။ ဥပမာ မနက်မိုးလင်းရင် မျက်နှာသစ်ရမယ် မသစ်ခင်မှာ သွားတိုက်ရမယ်ဆိုတာ ကလေး သိထားရပါမယ်။ တစ်ခါတလေ သမီးက ရေချိုးဖို့ ကြောက်တတ်ပါတယ်။ အဲဒီအခါ သူကစားနေတဲ့ ဘောလုံးတွေ အရုပ်တွေနဲ့ ရေကန်လေးထဲ အရင်ထည့်ပြီး ရေလောင်းပြရပါတယ်။ နောက်မှ သူ့ကို ကိုယ်တိုင် မျက်နှာသစ်ခိုင်း ရေထိခိုင်းရပါတယ်။ ယခုဆိုရင် ပုံမှန်အားဖြင့် မနက်မိုးလင်း အိပ်ရာက နိုးလာတာနဲ့ teeth လို့ ပြောပြီး သွားတိုက်တဲ့ပုံစံ လုပ်ပြပါတယ်။ သဘောကတော့ သူ မျက်နှာသစ်မယ်ဆိုတဲ့အဓိပ္ပာယ်ပဲ ဖြစ်ပါတယ်။ သားသားမီးမီးရှိတဲ့ မေမေဖေဖေများအတွက် ခရီးရှည်ကြီးကို စတင်ဖြတ်သန်းတဲ့အခါ တွေ့ကြုံရတာလေးတွေကို ရေးသားလိုက်ရခြင်းပင် ဖြစ်ပါတော့တယ်။

မနောဖြူလေး