Wednesday, October 16, 2019

Blog တစ်ခုစတင်ရန်အတွက် အဆင့် ၅ ဆင့်

 

 
Blog တစ်ခုစတင်ရန်အတွက်သင်အလိုရှိသည်
ဤရိုးရှင်းသောအဆင့် ၅ ဆင့်ကိုဖြတ်သန်းရန်လိုအပ်သည်။

၁။ Blogging Platform တစ်ခုကိုရွေးချယ်ပါ

၂။ Domain Name & Web Host ကိုရွေးချယ်ပါ 

၃။ WordPress ကိုသင်၏ hosting account တွင်ထည့်ပါ

၄။ သင်၏ Blog ကိုဒီဇိုင်းဆွဲပါ

၅။ ယခုသင်ခန်းစာတွင် WordPress ဖြင့်ဘလော့ဂ်တစ်ခုတည်ဆောက်မည်ဖြစ်သည်။  


ကျေးဇူးပြု၍ မည်သည့်ခြေလှမ်းများကိုမျှမကျော်ပါစေနှင့်။

သင်၏ Blogging Platform ကိုရွေးချယ်ပါ

Blogging Platform ဆိုသည်မှာသင်၏ဘလော့ဂ်ကိုစီမံရန်အသုံးပြုသော software ဖြစ်သည်။ ၎င်းသည်သင့်ဘလော့ဂ်စာမျက်နှာများကိုဖန်တီးရန်၊ သင့်ဘလော့ဂ်ကိုအသစ်ပြောင်းသည့်အခါအကြောင်းအရာ၊ ရုပ်ပုံများ၊ ဗွီဒီယိုများနှင့်အခြားအရာများထည့်သွင်းရန်ခွင့်ပြုသည်။ Blogging platform တစ်ခုရဲ့နောက်နာမည်ကတော့ CMS (Content Management System) ပါ။


WhatsApp ကေြောင်း






WhatsApp https://www.whatsapp.com/ယခု WhatsApp ၂၀၁၄ ခုနှစ်တွင်ဖေ့စ်ဘွတ်ခ်မှဝယ်ယူခဲ့သော်လည်းဤလက်ငင်းစာတိုပေးပို့ရေးပလက်ဖောင်းသည်လွတ်လပ်သောအဖွဲ့အစည်းတစ်ခုအဖြစ်တည်ရှိသည်။

၎င်းသည်ဖေ့စ်ဘွတ်ခ်ထက်နောက်ကျသွားသည်။ သို့သော်ကမ္ဘာအနှံ့ရှိလူသန်းပေါင်းများစွာ၏တစ် ဦး ချင်းပုဂ္ဂိုလ်များနှင့်အုပ်စုများနှင့်ချက်ချင်းဆက်သွယ်နိုင်ခြင်းနှင့်ဝေမျှနိုင်ခြင်းအားဖြင့်ကမ္ဘာပေါ်ရှိလူသန်းပေါင်းများစွာ၏စိတ်ကူးကိုဖမ်းယူနိုင်ခဲ့သည်။ 

လူသုံးအမ်ားဆံုး Facebook (Popular Social Media Sites)








fb 
 
၎င်းသည်ကမ္ဘာပေါ်တွင်အကြီးမားဆုံးလူမှုဆက်သွယ်ရေးကွန်ရက်ဖြစ်ပြီး
အကျယ်ပြန့်ဆုံးအသုံးပြုသောတစ်ခုဖြစ်သည်။ Facebook ဟာသုံးစွဲသူ
အကောင့် ၁ ဘီလီယံကျော်လွန်တဲ့ပထမ ဦး ဆုံးဖြစ်ခဲ့တာဖြစ်နိုင်တယ်။

သူငယ်ချင်းများ၊ ဆွေမျိုးများနှင့်ဆက်သွယ်နိုင်သည့်အပြင်သင်အွန်လိုင်းရောင်းရန်
မတူညီသော Facebook အက်ပလီကေးရှင်းများကိုလည်း ၀ င်ရောက်နိုင်ပြီး
သင်၏ Facebook၊ ကြော်ငြာများကိုအသုံးပြုပြီးသင်၏စီးပွားရေး၊ ကုန်အမှတ်တံဆိပ်နှင့်ထုတ်ကုန်များကို
စျေးကွက် တင်၍ လည်းမြှင့်တင်နိုင်သည်။

မကြာသေးမီက Facebook သည်သုံးစွဲသူများ၏ကိုယ်ရေးကိုယ်တာအချက်အလက် ၈၇ သန်းကျော်အား
တတိယပါတီများအားခွင့်ပြုခြင်းဖြင့်သန်းပေါင်းများစွာသောသုံးစွဲသူများ၏ယုံကြည်မှုပျောက်ဆုံးခဲ့သည်။ 
၎င်းသည်trustရာမယုံကြည်မှုအကြီးအကျယ်ဖြစ်ပြီးလူမှုမီဒီယာပလက်ဖောင်း၏ပရိသတ်ကြားတွင်
မငြိမ်သက်မှုတစ်ခုဖြစ်ပေါ်စေသည်။ လူတွေအများကြီးဖေ့စ်ဘွတ်ခ်ကနေကိုယ့်ကိုယ်ကိုဖယ်ထုတ်ပြီး
တခြားကွန်ယက်တွေကိုအစားထိုးနေတဲ့ #deletefacebook စည်းရုံးလှုံ့ဆော်ရေးတခုရှိပြီ။ 
အကယ်လို့သင်ကသင့်ရဲ့ဒေတာနဲ့ Facebook ဘာလုပ်နေတယ်ဆိုတာကိုသင်စိတ်ပူနေတယ်ဆိုရင်၊ 
ဖေ့စ်ဘွတ်ခ်အစားအခြားရွေးချယ်စရာများနဲ့ပတ်သက်ပြီးငါ့လမ်းညွှန်ကိုလေ့လာကြည့်ပါ။ 
မိသားစု၊ သူငယ်ချင်းများနှင့်သင်ပိုမိုကောင်းမွန်သောနေရာရှိမရှိကြည့်ပါ။

Thursday, March 7, 2019

မြန်မာအမျိုးသမီးဆိုတာ အဘယ်နည်း




အင်း… ကျွန်မ ခုပြောမဲ့ အကြောင်းအရာကတော့ မြန်မာမိန်းကလေးများ မြန်မာပီသပြီး ယဉ်ကျေးမှုကို ထိန်းသိမ်းစေချင်တဲ့ စေတနာတစ်ခု ကျွန်မရဲ့ စိတ်မှာ ကိန်းအောင်းနေမိပါတယ်။ ကျွန်မကတော့ ဗုဒ္ဓဘာသာပီပီ ကံ၊ကံ၏အကျိုးတရားကြောင့် မိန်းမဖြစ်လာရပေမဲ့ မြန်မာမိန်းမလေးဘ၀ ဖြစ်လာရတာကို ၀မ်းမနည်းပါဘူး။
ဂုဏ်တောင်ယူမိပါသေးတယ်။ ဒီလိုပဲ ကိုယ့်မြန်မာအမျိုးသမီးတွေရဲ့ဘ၀ကို အားကျပြီး စိတ်ဝင်စားတဲ့ အနောက်နိုင်ငံအများစုလည်း ရှိပါတယ်။ ကမ္ဘာမှာမြန်မာဟေ့လို့ ပြောလို့ရအောင် မြန်မာ့ယဉ်ကျေးမှုဟာတိုင်းတပါးတွေနဲ့ မတူအောင် သိမ်မွေ့နုးညံ့လှပါတယ်။ မြန်မာအမျိုးသမီးတွေနဲ့ သိမ်မွေ့လှတဲ့အပြုအမူ၊ ၀တ်စားဆင်ယင်ပုံတွေဟာ ခုမှမဟုတ်ပါဘူး။
ဟိုးရှေးခေတ်ထဲကရှိခဲ့ပါတယ်။ကျွန်မကိုခင်တဲ့သူတွေက မေးကြပါတယ်။ မြန်မာပြည်ကိုချစ်တယ်နော်တဲ့။ နို့ ဘာလို့ မေးလိုက်တော့ မဟုတ်ပါဘူးတဲ့။ နိုင်ငံခြားကို အထင်မကြီးလို့တဲ့။ကဲ စဉ်းစားသာကြည့်တော့။ ကိုယ်မြေကိုယ်ရေလောက် ဘယ်အရာမှမကောင်းပါဘူး။
ခုနောက်ပိုင်းမိန်းကလေးပဲဖြစ်ဖြစ်၊ယောက်ျားလေးပဲဖြစ်ဖြစ် နိုင်ငံခြားတိုင်းပြည်တွေမှာ အလုပ်သွားလုပ်၊ ကျောင်းသွားတတ်ကြတာတွေ ဒုနဲ့ဒေးပါပဲ။ ခဏသွားတာဆိုကောင်းပေမဲ့ အပြီးဆိုရင်တော့ဖြစ်နိုင်ပါ့မလားလို့ စဉ်းစားမိတယ်။ ကိုယ်နေတဲ့ဝန်းကျင်မှာတောင် မိန်းကလေးအများစုဟာ သရုပ်ပျက်အနောက်တိုင်းယဉ်ကျေးမှုတွေကို လွှမ်းမိုးခံနေကြရပြီလေ။
တစ်ခါတလေလည်း ယိုသူမရှက် မြင်သူရှက်ဆိုသလို တွေ့တွေ့လာတာ ရင်ထဲမကောင်းဘူး။ နိုင်ငံခြားသား/သူတွေက မြန်မာဝတ်စုံတွေကို မြတ်နိုးစွာဝတ်ဆင်ကြတဲ့အချိန်မှာ မြန်မာကလူတွေက ဗရုတ်သုခအနောက်တိုင်းဟန်တွေနဲ့ကိုယ့်ကိုယ်ကိုအထင်ကြီးနေကြတာဆိုရင် အတော်များများတွေ့နေရတယ်။
မြန်မာဆန်ဆန်ဝတ်တဲ့သူတွေကိုတောင် နှာခေါင်းရှုံ့ချင်ကြသေးရဲ့။ ပြန်စဉ်းစားကြည့်စမ်းပါ။ မြန်မာတွေရဲ့ဝတ်စားဆင်ယင်ပုံ၊ ရိုးရာဓလေ့ နောက်မြန်မာမှုမြန်မာ့ဟန်နဲ့လုပ်တဲ့ ရိုးရာပွဲတော်တွေ ဘယ်လောက်ကျက်သရေရှိသလဲ။ ခုဆို မြန်မာအမျိုးသမီးတော်တော်များများ ပိုက်ဆံရရင်ပြီးပြီးရော လုပ်ချင်ရာလုပ်နေတာတွေဟာ ငါးခုံးမတစ်ကောင်ကြောင့် တစ်လှေလုံးပုပ်သိုးသွားသလို ခံစားမိပါတယ်။ ခုနောက်ပိုင်း တွေ့ရတာတွေက ခေတ်ရှေ့ပဲ ပြေးနေတာလား။ ခေတ်ဆန်နေတာလား။ ကိုယ်ကပဲ ခေတ်တုံးနေတာလားဆိုတာ မသိတော့ပါဘူး။
ကျွန်မကတော့ လူသာဆင်းရဲရင်ဆင်းရဲမယ်။ စိတ်ဓါတ်တော့ဘယ်တော့မှ မဆင်းရဲစေရဘူး။ လောကမှာလူသာသေပြီး နာမည်မသေဖို့အရေးကြီးဆုံးပဲ။ လူတစ်ယောက်ရဲ့ကိုယ်ကျင့်တရား၊ သိက္ခာ၊ အကျင့်သီလ ဒါတွေဟာ ဘာနဲ့မှလဲလို့မရပါဘူး။ ကျွန်မတို့နိုင်ငံဟာ သူများနိုင်ငံနဲ့ယှဉ်ရင် အလွန်သေးငယ်ပါတယ်။ ဒါပေမဲ့ ကမ္ဘာတစ်လွှားမှာ မြန်မာဟေ့လို့ကြွေးကြော်ချင်ပါတယ်။
လူတိုင်းလူတိုင်းဟာ ကိုယ့်ယဉ်ကျေးမှု၊ ကိုယ့်ရိုးရာကို ထိန်းသိမ်းကြမယ်ဆိုရင် ကျွန်မ၀မ်းသာမိမှာပါ။ မြန်မာဝတ်စုံဟာ မြင်သူတကာရဲ့ရင်မှာ အေးမြခြင်း၊ ကြည်နူးခြင်း၊ လှိုက်လှဲနွေးထွေးမှုကို ပေးစွမ်းနေတယ်လို့ ကျွန်မမြင်မိတယ်။ မနေ့ကတောင် နိုင်ငံခြားသူတစ်ဦးက မြန်မာလိုဝတ်ပြီး သူ့ကလေးတွေကို မြန်မာရိုးရာအ၀တ်အစား ၀တ်ပေးထားတာ ကျွန်မမြင်မိတော့ ၀မ်းသာကြည်နူးမှုကို ရင်ထဲဖြစ်ပေါ်လာမိပါတယ်။
ကိုယ့်လူမျိုးမဟုတ်တဲ့သူ ၀တ်တာတောင် ဒီလိုဖြစ်နေရင် ငါ့လူမျိုးတွေသာ ဒီလိုဝတ်ဆင်နေကြတာကို အမြဲမြင်တွေ့ရမယ်ဆိုရင် ပိုတောင်ကောင်းမယ်လို့လည်း တွေးမိပါတယ်။ လောကမှာ ကိုယ်တစ်ယောက်တည်း အသက်ရှည်နေတာမှ မဟုတ်တာ မိဘ ဘိုးဘွားမောင်ဘွားတွေနဲ့ ကြီးပြင်းနေကြရတဲ့ ၀န်းကျင်မှာ ဒီလောက် သရုပ်ပျက်တွေ မရှိသင့်ဘူးလို့လည်း တွေးမိပါတယ်။ ကျွန်မစိတ်ထဲ ရှိတာတွေချရေးရမယ်ဆိုရင် ရေးလို့တောင်မကုန်ပါဘူး။ မြန်မာအမျိုးသမီးများ ယဉ်ကျေးသိမ်မွေ့ပြီး မြန်မာမှုမြန်မာဟန်နဲ့ ကျက်သရေရှိတဲ့ဘ၀များကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ကျွန်မ ဆုတောင်းနေမိပါတော့တယ်။…..

မနောဖြူလေး


Tuesday, March 5, 2019

ဆရာကြီး သခင်ကိုယ်တော်မှိုင်း၏ ရင်ခုန်သံ



ခုတစ်လောဖတ်ဖြစ်တဲ့စာအုပ်တွေထဲကနေ ပြန်လည်ကောက်နုတ်တင်ပြလိုက်ရခြင်းဖြစ်ပါတယ်။ ကျွန်မတစ်ခါတလေ ရေးစပ်တဲ့အရာတွေဟာ ကဗျာလား၊ စကားပြေလား နောက် ကာရန်နဘေ၊
လေးလုံးစပ်၊ ငါးလုံးစပ်လား၊ လေးချိုး၊ ဒွေးချိုး၊ မော်ဒန်ကဗျာလား စတဲ့ အတွေးပေါင်းများစွာနဲ့ ဘယ်ထဲမှမပါရင် ဘယ်လိုခေါ်ရမလဲဆိုတာ လေ့လာသုံးသပ် ဆန်းစစ်ရင်း ဆရာကြီး သခင်ကိုယ်တော်မှိုင်းရဲ့ စာတွေကို သတိရမိပါတယ်။
ဆရာကြီးသခင်ကိုယ်တော်မှိုင်းဟာ ၁၃၀၀ ပြည့် အရေးတော်ပုံကြီး တာစူနေချိန်၊ နယ်ချဲ့ပယောဂကြောင့် ကုလားဗမာအဓိကဂုဏ်းကြီးဖြစ်ခဲ့တဲ့အခါမှ စိတ်မအေးနိုင်လို့ လေးချိုးတစ်ပုဒ်ရေးခဲ့တာကို တွေရှိရပါတယ်။
အဲဒါက ဘာလဲဆိုတော့

စိတ်ထွက်ပေါက်



တိုးတက်မှုမရှိဘဲ ချောင်ပိတ်မိနေတဲ့
အခြေအနေမျိုးကို ငါချည်းပဲ
ကြုံတွေ့နေရတာ မဟုတ်ကြောင်း သိထားစမ်းပါ….
စွန်တစ်ကောင်ဟာ လေဆန်ကို ပြန်ပြီး
အဆိုးဆုံး အခက်အခဲတွေ့ရင်
လေဆန်တောင် ပြန်သွားသေးတာဘဲ
ငါလည်းဘဲ သူလို နေနိုင်အောင် ကျင့်ရမယ်လေ….
လူဆိုတာ
ဒုက္ခကို ခံနိုင်တဲ့ သတ္တဝါတစ်မျိုးပါ
သူများတွေ ခံစားရတဲ့ ဒုက္ခတွေနဲ့ယှဉ်ပြီး
ငါ့ဒုက္ခတွေဟာ သာမညလို့ မပြောနိုင်ဘူး
ဒါပေမဲ့….
သူများက ဘဝကို တွယ်တာပြီး
ဒုက္ခအပေါင်းကို ကျော်လွှားသွားခဲ့ကြတယ်
ငါလည်း ကျော်လွှားနိုင်ရမယ်……………..
တစ်ခါတလေ စိတ်ထဲဖြစ်ပေါ်လာတာတွေကို ချရေးမိတာပါပဲ။
မနောဖြူလေး

လဝန်းရဲ့အရိပ်



လမင်းရယ်…
တကယ်တော့ ကိုယ်ဟာ
မင်းပျော်ပါးနေထိုင်ရာ
ထက်ကောင်းကင်ဝေယံမှာ
နေနိုင်သူလည်း မဟုတ်ခဲ့ပါ…
မင်းရဲ့အလင်း
လင်းသထက်လင်းအောင်
ဆောင်ကြဉ်းပေးနိုင်တဲ့
ညခင်းလည်း မဟုတ်ခဲ့ပါ…
မင်းရဲ့အနား
ဝန်းရံခစားနေတဲ့
တောက်ပတဲ့ အလင်းနှင့်
ကြယ်ကလေးများရဲ့ အဆင်းကိုလည်း
ယှဉ်နိုင်သူ မဟုတ်ခဲ့ပါ…
မဖြစ်နိုင်မှန်း သိရက်နှင့်
မင်းကိုမှ သံယောဇဉ်ဖြစ်မိတဲ့စိတ်ကိုလည်း
တားဆီးလို့ မရနိုင်တော့ပါ…
အဲဒီတော့ လမင်းရယ်
ဟိုတစ်ချိန်တစ်ချိန်ဆီက
မင်းဆီက ရဖူးတဲ့
အကြင်နာ အတုအယောင်တွေကိုပဲ
ပြန်လည် မြင်ယောင်ရင်း
တမ်းတစိတ်ကူး
အိပ်မက်မှာပဲ မျှော်လင့်ရင်း
ငါတစ်ယောက်ထဲ နေပါ့မယ်….
မနောဖြူလေး

ဝေလည်းမွှေး ကြွေလည်းမွှေး





မင်းရဲ့ဘ၀လေး
ပင်ယံမြင့်မှာ အဆင်သင့်လို့
အစဉ်တင့်မယ်ဆိုရင်
ပင်ခြေအောက်က ပန်းကောက်သူ
တို့ရင်မှာ ကြည်နူးရင်းနဲ့
အမြဲပန်ဆင်နေသူပါ
ခုတော့….
ကံကြမ္မာ အခြေမလှလို့
နာဂစ်ရဲ့ ရိုက်ချက်ကြောင့်
လဲပြိုခဲ့ရတဲ့
ပင်ခြေတောင် မမြင်ရတော့တဲ့
ပန်းခရေရေ…
တို့ဆံနွယ်မှာ ပန်ဆင်ခွင့်တွေ
စိတ်သုဉ်းခဲ့တာ ကြာခဲ့ပြီလေ
ခုတော့…
ဖွဖွလေးကောက်
ရွရွလေးသီပြီး
ပန်ဆင်ခဲ့ဖူးတဲ့
ပန်းခြောက်ကလေးတွေကိုပဲ
မြတ်နိုးစွာနဲ့ သိမ်းဆည်းထားလျက်
ပန်းခရေတွေ နွမ်းကြွေပေမယ့်
သစ္စာရှိစွာ သင်းပျံ့နေလျက်ပါ
ပန်းခြောက်ကလေးရယ်……

မနောဖြူလေး

Sunday, March 3, 2019

မေ့မရနိုင် ၃ နှစ်တိုင်


လူ့လောကသို့ ရောက်ရှိခဲ့စဉ်
ကလေးဘဝမှ နွေးထွေးချစ်ခင်
အပိုစကားမဆို အပြုံးချိုချိုဖြင့်နှုတ်နည်းလွန်းတဲ့ ဖေဖေ
အပြောဆို သိမ်မွေ့
မေတ္တာဖြင့် သိမ်းသွင်း လမ်းမှားသွေဖယ်
အေးချမ်းစွာ ပြောဆိုတတ်တဲ့ ဖေဖေ

ကြွေတစ်လှည့်
ဝေတစ်လှည့် လောကဓံကြားမှာ
မနားတမ်း ရုန်းကန်ရင်း သူ့ဘဝကိုခင်း နင်းစေခဲ့သူ ... ဖေဖေ
ကျနေတဲ့ ချွေးစက်တွေနဲ့
ရုန်းကန်ခဲ့တဲ့ နေ့ရက်များက

ဖေဖေ့ ရဲ့ မေတ္တာတွေကို နိုင်းပြနေပေမယ့်
ဖေဖေ ဟာသားသမီးတွေကို ချစ်တယ်လို့ထုတ် မပြောခဲ့ တာ အမှန်ပါ

သမီးရေ….
ဖေဖေ စိတ်ချတယ်သမီး
မြေးလေးပဲ ဂရုစိုက်ပါသမီးရယ်လို့ ရင်ထဲစကား ထုတ်ပြောခဲ့သည့် ဖေဖေ
မပြေလည်မှုတွေ
အခက်ခဲတွေ
ရင်ဆိုင်ဖြေရှင်း အိမ်ဦးနတ်ရဲ့တန်ဖိုး
အမျိုးမျိုး ပြောရင်း
နင့်အဖေလုပ်စာ စားနေတာလို့
ခုချိန်ထိ မေမေ ပြောနေတုန်းပဲ ဖေဖေ…

သွားလေသူ ဖေဖေရေ...
အေးချမ်းတဲ့ ခရီးလမ်းမှာ..
အမှန်တစ်ကယ် ငြိမ်းချမ်းနေပါစေရယ်လို့
မရှိမှန်းသိလျှက်နဲ့
ရှာဖွေနေမိဆဲ နေသားမကျသေးတဲ့
သမီးတို့မိသားစုရဲ့ အားငယ်နေတဲ့ မျက်ဝန်းတွေနဲ့
ဖေဖေ့ပုံရိပ်တွေထဲ ခုထိနိုးထဖို့ ခွန်အားမရှိသေးဘူး ဖေဖေ...

ဘဝတစ်ခုလုံး
နှလုံးသားလှ ခဲ့တဲ့ဖေဖေ
အပြုံးတစ်ခုနဲ့ ဘဝကို ထုဆစ်ခဲ့တဲ့ဖေဖေ
အေးအေးချမ်းချမ်း နေတတ်ခဲ့တဲ့ ဖေဖေ
သည်းခံခြင်းကိုကျင့် မေတ္တာတရားပွား သဒ္ဒါတရားလည်းမရှားတဲ့ ဖေဖေ့အတွက်
ငြိမ်းချမ်းခြင်းဆိုတဲ့ တရား ထာဝရဖေဖေ့အတွက် ဖြစ်ပါစေ...
ယနေ့အထိ ဖေဖေ့အေတွက်ရည်စူး ပြုပြုသမျှသော ကောင်းမှုကုသိုလ် တွေအတွက် ရောက်ရာ ဘဝကနေ သာဓုခေါ်ပါ ဖေဖေ…..
ဘာလိုလိုနဲ့ သမီးတို့ကို ဖေဖေခွဲခွာသွားခဲ့တာ ၆ ရက် မတ်လ ၂၀၁၉ ခုနှစ်ဆိုရင် သုံးနှစ်ပြည့်ခဲ့ပြီဖေဖေ....
မနောဖြူလေး
၎-၃-၂၀၁၉
၁ နာရီ ၅၅ မိနစ်








Monday, August 20, 2018

ကံစမ်းမဲဆိုတာ ကံပါမှလား




မနော ငယ်ငယ်တုန်းကတော့ ကံစမ်းမဲဆိုတာ ရှိသလား မရှိသေးဘူးလားဆိုတာ မမှတ်မိတော့ပေမယ့် သိတတ်စထဲက ဈေးကွက်စီးပွားရေးအတွက် စီးပွားရေးသမားများရဲ့ ရောင်းကုန်များကို မဝယ် ဝယ်ချင်အောင် လုပ်ဆောင်လာမှုတွေဟာ ခုချိန်ထိ ပိုမို ကျယ်ပြန့်လာတာကို တွေ့မြင်နေရပါတယ်။ တချို့ကတော့ ကုန်ပစ္စည်းအတွက်၊ တချို့ကတော့ ရွှေဆိုင်တွေမှာကျတော့ ဝယ်တဲ့ပစ္စည်းပေါ် မူတည်ပြီး ဗလာမပါ ကံစမ်းမဲဆိုပြီး လုပ်ကြတယ်။ လက်ဆောင်သဘောမျိုးလည်း ဖြစ်အောင် ဝယ်သူတွေလည်း စိတ်ဝင်စားပြီး ထပ်ပြီး ဝယ်ချင်အောင် ဆွဲဆောင်တဲ့နည်းတစ်မျိုးပဲလားဆိုတာ စီးပွားရေးသမားတွေအတွက် တွက်ခြေ ကိုက်တဲ့ နည်းတစ်မျိုးလားဆိုတာ ထင်စရာပါပဲ။ နောက် ဘာနေ့မို့လို့ လျော့ဈေးနဲ့ရောင်းတယ်ဆိုပြီး တစ်ခုဝယ် တစ်ခုလက်ဆောင်ဆိုပြီး နှစ်ခုစာ ဈေးနှုန်းတင်ထားသလားဆိုတာ ဝယ်သူတစ်ယောက်အနေနဲ့ မြင်မိမှာ မဟုတ်လောက်ဘူးထင်ပါတယ်။ မနောလည်း လူတွေထဲ လူတစ်ယောက်မို့ ဒီလို ကံကို စမ်းတဲ့အရာလေးတွေကို စိတ်ဝင်စားမိပါတယ်။ ဒါဟာ တရား သဘောနဲ့ ကြည့်ရင် လောဘပဲပေါ့။ သူများ ပစ္စည်းကို အလကားလိုချင်တယ်လို့ ကိုယ့်စိတ်ကို သုံးသပ်မိပါသေးတယ်။ ဒါပေမယ့် ပုထုဇဉ်လူသားတစ်ယောက်ဖြစ်တဲ့အတွက် ဒီကံစမ်းမဲကမ္ဘာထဲက မရုန်းထွက်နိုင်ခဲ့သေးပါဘူး။ ဒီတော့ ကံစမ်းမဲအစစ်အမှန်ဟုတ် မဟုတ်ကို ကိုယ်တိုင်စမ်းသပ်ပြီး လုပ်ကြည့်မိတာလည်း ပါတာပေါ့လေ။ မနော ကံကောင်းခဲ့တာလား၊ ရှေးဘဝက ကုသိုလ်တရားကြောင့်လား ခုလက်ရှိ ကောင်းမှုကြောင့်လားဆိုတာ မနောကိုယ်တိုင်လည်း သေချာမပိုင်းဖြတ်နိုင်သေးပါဘူး။ လူစိတ်ဆိုတာလည်း ပြောရတော့ခက်သား။ ကိုယ်ကသာ မပေးချင်တာ သူများဆီကတော့ လိုချင်မိတာ လောဘ မောဟတွေ အတော်များနေတာကြောင့်လား။ မှတ်မှတ်ရရ ကံကောင်းခဲ့တာလေးတွေ ပြောရရင်တော့ အဲ ကံကြောင့်လား၊ ကောင်းမှုပြုတာကြောင့်လား၊ ကုသိုလ်တရားကြောင့်လားဆိုတာ မသိပေမယ့် ခုလက်ရှိတော့ တတ်နိုင်သလောက် စိတ်ကောင်းထားပြီး ကောင်းမှုကုသိုလ်ကို တစ်နိုင်တစ်ပိုင်လုပ်ရင်း ကံငါးပါးကို လုံခြုံအောင် တတ်နိုင်သမျှ ထိန်းနေမိတာတော့ သေချာလှပါတယ်။ နောက် မဲဆိုတာ လောင်းကစားတစ်မျိုးလို့လည်း ဆိုလိုရပါတယ်။ ကိုယ်ကတော့ နှစ်လုံးသုံးလုံးကို စိတ်လည်းမဝင်စားသလို တစ်ခါမှလည်း မထိုးခဲ့ဖူးဘူး။ သူများလုပ်ရင်လည်း ကန့်ကွက်ခဲ့တယ်။ ပေးရတာများပြီး ရတာနည်းတာပဲ မြင်နေမိခဲ့တာကိုး။ နောက် ဒါဟာ မကောင်းဘူးလို့လည်း ခံစားမိတာလည်းပါတယ်။ ကံစမ်းမဲရဲ့ မှတ်မှတ်ရရ သတိရစရာတွေကို ပြောပြဦးမယ်။ တက္ကသိုလ် တတိယနှစ် စာမေးပွဲဖြေအပြီး သူငယ်ချင်းတွေနဲ့ ဘားအံ၊ သာမည ဘုရားဖူးခရီးစဉ်ထွက်တုန်းက အပြန်မှာ စီးလားတဲ့ ကား(ရွှေကြေးစည်)မှ ကားတစ်စီးလုံးပါ ခရီးသည်များအားလုံးကို ကံစမ်းမဲ နှိုက်ပေးပါတယ်။ မဲပေါက်တဲ့သူက ဆရာတော်ကြီးရဲ့ မှန်ဘောင်ပါတဲ့ ပုံတော်ကို ပူဇော်ရမှာ ဖြစ်ပါတယ်။ ကားတစ်စီးလုံးဆိုတော့ လူ ၄၀- ၄၅ လောက်ရှိတာပေါ့ မဲဖောက်မှာက တစ်ဆုပဲတဲ့။ ကံစမ်းမဲဖလားကို ရှေ့ဆုံးထိုင်တဲ့သူကနေ စပြီး နှိုက်ရပါတယ်။ ချက်ချင်းမဖွင့်ခိုင်းသေးပဲ လူအကုန်မဲနှိုက်ပြီး ဖွင့်ကြည့်ရမယ်လို့ ကားသမားက ပြောတော့ နှိုက်ပြီးတဲ့သူတွေက မဲလိပ်ကို ကိုင်ထားပါတယ်။ မနောတို့အဖွဲ့က နောက်ဆုံးမှာထိုင်တာဆိုတော့ ရမယ်လည်းမထင်ပါဘူး။ မဲလိတ်က သူများနှိုက်ပြီးမှ ကိုယ်တွေရမယ်ဆိုတော့လေ သိပ်ပြီး အာရုံမထားပဲ အနားဖလားရောက်မှတစ်ခုယူလိုက်ပါတယ်။ အဲ မဲလိပ်က စာရွက်ကို သေးသေးလေး လိပ်ပြီး အအေး သောက်တဲ့ ပိုက်ထဲကို ထည့်ထားတာဆိုတော့ တော်တော်ကို သေသပ်လှတာကိုတွေ့ရတယ်။ ဒါနဲ့ အကုန်ဖွင့်လို့ရပြီးလို့ပြောလိုက်တာနဲ့ ရတဲ့တစ်လိပ်ကို ပိုက်ကနေ ထွက်အောင် အရင်ခေါက်လိုက်တယ်။ ပြီးမှ စာရွက်ကို ဖြန့်ကြည့်မိပါတယ်။ ဖြန့်လည်းဖြန့်လိုက်ရော မဲလိပ်ထဲမှာ စာလေးတစ်ကြောင်းတွေ့ရတယ်။ စာတမ်းလေးက ကံထူးရှင်တဲ့လေ။ အရမ်းအံ့သြမိသွားတယ်။ မထင်လည်းမထင်ထားဘူး။ နောက် ဘုရားဖူးခရီးမှာက လူကြီးတွေများတာဆိုတော့ လူတိုင်းက ဆရာတော်ကြီး ပုံတော်ကို အရမ်းပူဇော်ချင်တဲ့သူတွေကြီးပဲလေ။ ကားသမားက မဲလိပ်ဘယ်သူပေါက်လဲ လှမ်းမေးတော့ ခဏတာ ငြိမ်နေမိတယ်။ ပြီးတော့မှ စာရွက်လေးထောင်ပြမိတယ်။ ကားတစ်စီးလုံးမှာ အသံတွေက အပ်ကျသံတောင်မကြားရလောက်အောင် တိတ်ဆိတ်ငြိမ်သက်နေတယ်လေ။ ကိုယ့်ရဲ့အသက်ရှူသံတောင် ကိုယ်ပြန်ကြားနေမိတယ်။ ကားသမားက မဟာကံထူးရှင် ကားရှေ့ကို ထွက်ခဲ့ပါလို့ ခေါ်တော့ ဒူးတွေတောင် တုန်တယ်။ ကားရှေ့ဆုံးနားမှာထိုင်တဲ့အဘွားတစ်ယောက်က သမီး အဘွားကို ပြန်ရောင်းပါလားလို့ ပြောပါတယ်။ မနောလည်း မျက်ရည်တောင်လည်မိတယ်။ မနောကတော့ ဆရာတော်ကြီးက ငါ့ကို သာသနာပြုဖို့ ရွေးချယ်လိုက်တာလို့ပဲ ကိုယ့်ဘာသာ ခံယူလိုက်မိပါတယ်။ ဘယ်သူမှ ပြန်မရောင်းပါဘူး။ ပုံတော်ကလည်း အရမ်းကြီးတော့ နောက်မှ ကားဂိတ်ကို သတ်သတ်သွားယူရပါတယ်။ ကိုယ့်အတွေးနဲ့ကိုယ်ပေါ့ အိမ်မှာ ဘယ်နေရာပူဇော်ထားရမလဲဆိုပြီး တွေးပြီး အိမ်ပြန်ရောက်တော့ မေမေက သမီးတဲ့ ဘုရားစင်ဈေးသက်သာလို့ ဝယ်ထားတယ်တဲ့။ ကြည့်လိုက်တော့ တိုက်ခန်းတွေမှာ ထားတဲ့သစ်သားနဲ့လုပ်ထားတဲ့ ဘုရားစင်ဖြစ်နေတယ်။ မနောတို့အိမ်မှာက ဘုရားစင်က အိမ်နဲ့တွဲရက်လုပ်ထားတော့ ဆရာတော်ပုံတော်ကို ပူဇော်မယ့်နေရာလည်းအဆင်သင့်ရရှိသွားပါတော့တယ်။ နောက်ပိုင်းလည်း တတ်နိုင်သလောက် ကောင်းမှုများများလုပ်မယ်ဆိုတဲ့စိတ်က ပိုမိုကိန်းအောင်းလို့ နေမိပါတော့တယ်။ နောက် ကံစမ်းမဲအကြောင်းတွေ ဆက်ပါဦးမယ်။

ကံစမ်းမဲတစ်ခါ ပေါက်ပြီးထဲက ကံစမ်းမဲဆိုတာ ဘာကြောင့်လုပ်တာလဲ၊ ဘယ်လိုလူတွေပေါက်တာလဲ စဉ်းစားမိရင်းနဲ့ ၂၀၀၆ ခုနှစ်မှာ အံ့သြဖွယ်ရာ အကြီးအကျယ် ဖြစ်ရပ်တစ်ခု ထပ်မံဖြစ်ပွားခဲ့ပြန်ပါတယ်။ အဲဒါဘာလဲဆိုတော့ လူအတော်များများ စိတ်ဝင်စားတဲ့ အမေရိကန်ဒီဗွီလို့ ခေါ်တဲ့ အမေရိကန်ရဲ့ ကံစမ်းမဲလက်မှတ်ပဲ ဖြစ်ပါတယ်။ အရင်တုန်းကတော့ လမ်းဘေးမှာ စာအိတ်နဲ့ ထည့်ပြီး ရောင်းချတာကို တွေ့ရှိရပါတယ်။ လူတွေက ဝယ်ပြီး ဖောင်ဖြည့်ပြီး စာတိုက်က ထည့်ကြရပါတယ်။ သူငယ်ချင်းတွေက အင်တာနက်ခေတ်စားလာတော့ အကူညီတောင်းပါတယ်။ ထည့်ပေးဖို့ကို ပြောတော့ အေး လုပ်ပေးမယ်ပြောပြီး ဘာရယ်မဟုတ် သူတို့ကို ဖောင်ဖြည့်ပြီး ထည့်ပေးတဲ့ လုပ်ငန်းလုပ်တဲ့နေရာကို ခေါ်သွားပါတယ်။ နောက်ပြီး ဓာတ်ပုံကိုလည်း သူတို့က တိုက်ရိုက်တစ်ခါထဲ ပိုက်ဆံမပေးရပဲ ရိုက်ပေးပြီး တင်ပေးပါတယ်။ ကိုယ်က ခေါ်သာသွားတာ သိပ်စိတ်မဝင်စားဘူး။ သူငယ်ချင်းတွေက နင်လည်း တင်ပါလားလို့ပြောတော့ မတင်ပါဘူး။ ငါက မလုပ်ရင် မလုပ်ဘူး။ လုပ်ရင် အောင်မြင်မှ ကြိုက်တာလို့ ပြောမိတယ်။ နောက် ဆက်ပြီး ပြောလိုက်မိသေးတယ်။ ငါ ပေါက်နေရင် တစ်ယောက်ထဲမသွားရဲဘူးလို့ ပြောလိုက်တော့ သူငယ်ချင်းက ငါ့အစ်ကို ခေါ်သွားတဲ့ နောက်ပြီး ပြောပါတယ်။ မနောကလည်း အေးဟာ တင်လိုက်မယ်လို့ပြောပြီး တင်ခဲ့မိတယ်။ ဒါပေမယ့်လည်း မေ့မေ့ပျောက်ပျောက်ပါပဲ။ ၄ လပိုင်းမှာ အိမ်ကို စာတိုက်ကနေ စာရောက်လာတယ်။ ဖွင့်ကြည့်တော့ အမေရိကန်စင်တာက ဒီဗွီနံပါတ် ဘယ်လောက် မဲပေါက်တာ အကြောင်းကြားစာ ဖြစ်နေတာကို အံ့သြဖွယ်ရာ မြင်တွေ့ရတယ်။ ဒါတောင် ကိုယ်က အင်းလေ သူငယ်ချင်းတွေဆီလည်း လာမှာပဲလို့ တွေးမိသေးတယ်။ ညနေရောက်တော့ အတူတူတင်တဲ့သူငယ်ချင်းကို နင့်ဆီ စာတိုက်က ရောက်လာတယ်မလားလို့ မေးလိုက်တော့ မရောက်ပါဘူး ဘာဖြစ်လို့လဲပေါ့ သူတို့က မိသားစုလိုက် နိုင်ငံခြားသွားဖို့ ရူးနေတဲ့ သူတွေဆိုတော့ သူကို ပြေးပြီးပြောမိတာပေါ့။ ဟယ် ငါ့ဆီ ဘာမှမလာဘူး။ နင့်ဆီ ဘာလာလဲလို့မေးတော့ အမေရိကန်စင်တာကနေ ဗီဇာပေါက်တယ်ဆိုတာ လှမ်းပြောတဲ့စာလို့ ဖောင်ပါ ပါတယ်ပေါ့။ တစ်ကမ္ဘာလုံးဆိုင်ရာ ပေါက်မဲနံပါတ်က ၃၂၂ နဲ့ ပေါက်တာ ဖောင်ပြန်ဖြည့်ပြီး အမေရိကကို တန်းပို့ပေးဖို့ သံရုံးလိပ်စာတွေလည်း ပါတယ်ပေါ့။ သူက သူ့အစ်ကိုကို ယူပြီးသွားပါလားတဲ့။ မနောကတော့ သွားဖို့ မသွားဖို့လည်း ခေါင်းထဲမှာမရှိဘူး။ ပြန်တင်ဖို့တောင် ချီတုံချတုံဖြစ်လို့ ဒါနဲ့ စိတ်ရှုပ်ထွေးမှုပေါင်းများစွာနဲ့ ဒုတိယစာကိုလည်း အတော်နောက်ကျမှ ပြန်တင်လိုက်တယ်။ လူအတော်များများက သိပ်နားမလည်တော့ ဒီဗွီပေါက်ရင် သွားရမယ်လို့ပဲ သိထားကြတာကို ကုန်ကျစရိတ်ဘယ်လောက်၊ သွားနေရမယ့်နေရာလိပ်စာ၊ နောက် စတဲ့ အနေအထားတွေ အများကြီးပဲ ကြုံခဲ့ရတယ်။ ငွေကြေးမပြည့်စုံတဲ့ သူတွေအတွက် မစွန့်စားရဲခဲ့တာလည်း ပါပါတယ်။ နောက် အရာရာ ဒုက္ခဆင်းရဲကို ကြိုတွေးပြီး ရှေ့ဆက်မတိုးရဲခဲ့တာလည်း ကိုယ့်ဘာသာကိုယ် သိခဲ့တယ်။ မသွားခဲ့ရလို့ နောင်တရနေလားဆိုတော့လည်း မရခဲ့ပါဘူး။ အဲဒီအချိန်က ဘာစဉ်းစားမိလဲဆိုတော့ ဒီဟာ မဲမပေါက်ပဲ ထီပေါက်လို့ ပိုက်ဆံရရင်တော့ ချက်ချင်းလှူဖြစ်ဖို့ စိတ်ပဲ ရှိခဲ့တယ်။ နောက် ဗုဒ္ဓဂယာကိုလည်း အရမ်းဖူးမြော်ချင်နေတာ ခုချိန်တိုင်ပါပဲ။ ဒါနဲ့ ပြန်တင်တဲ့စာကို ငွေကြေးမတတ်နိုင်လို့ DHL နဲ့ကို ပေါက်တဲ့သူတွေ စုလိုက်ပြီး တစ်ခါထဲ ထည့်ပေးလိုက်ပါတယ်။ တကယ်လို့ အသေးစိတ်အစအဆုံး သိချင်တဲ့သူတွေရှိရင်လည်း မနောကို သိချင်တာတွေ မေးမြန်းလို့ရပါတယ်နော်။ ဒုတိယစာ ပြန်တင်တာ တစ်ပတ်အကြာမှာ စာတိုက်ကနေ ပြန်ကျလာပါတယ်။ ကိုယ့်ဆီစာလာတာနဲ့ သံရုံးကို ကိုယ့်အတွက်ဗီဇာ ပို့လိုက်ပြီး ဆိုတာ သိနေခဲ့ပါတယ်။ ဒါပေမယ့် ဘာမှ မလှုပ်ရှားခဲ့ပါဘူး။ နောက် သံရုံးကနေ အကြိမ်ကြိမ် ဗီဇာချန်ထားပါတယ်လို့ ဖုန်းခဏခဏ လာတာကိုလည်း အခြေအနေအရပ်ရပ်ကြောင့် ရှေ့ဆက်မတိုးပဲ ဒီနေရာမှာပဲ ကံစမ်းမဲပေါက်ပြီး လက်မှတ်ပျောက်ခဲ့တာပဲ ဖြစ်ပါတော့တယ်။

ကံကိုစမ်းတာလား ကုသိုလ်ကိုစမ်းတာလားဆိုတာ မသိပေမယ့် ကျွန်မကတော့ ကံစမ်းမဲဆိုတာနဲ့ အမေရိကန်ဒီဗွီပေါက်ပြီးထဲက လန့်ပြီး နောက်တွန့်နေမိပါတယ်။ အဝတ်အထည်ဆိုင် သွားတော့လည်း အမရေ ကံစမ်းမဲပါတယ်နော် တစ်ထည် ဝယ်ရင် တစ်ထည် လက်ဆောင်ဆိုတာနဲ့ ကြည့်ပြီး မဝယ်ပဲ ပြန်ထွက်ခဲ့တဲ့ နေရာတွေလည်း ရှိလာပါတယ်။ နောက် ကော်ဖီဝယ်သွားတော့လည်း Gold Rose မှာ ကံစမ်းမဲပါပြန်ရော မဲကတော့ ၁၀၀၀ ကျပ်တန်တို့ ကော်ဖီမစ်ထုပ်တို့ ပေါက်ပြန်ရော။ ထီကျတော့ထိုးလား ဆိုတော့လည်း မထိုးခဲ့တာ နှစ်နဲ့ချီကြာနေတာ ခုချိန်တိုင်ပါပဲ။ ထီထိုးမယ့် ပိုက်ဆံကို တရားပွဲတွေလှူ၊ မိဘမဲ့ကလေးတွေလှူ၊ ကြွလာတဲ့သံဃာတွေလှူနဲ့ပဲ နေလာခဲ့တာ။ အဲ ဟိုတစ်လောက သူငယ်ချင်းများဖိုရမ်ကနေ တွေ့ဆုံပွဲလုပ်မလို့ လာခဲ့ပေးပါဆိုလို့ ကျောင်းကနေ အပြေးလေးတစ်ပိုင်းနဲ့ သွားလိုက်ပါတယ်။ တာမွေမွန်းမှာလုပ်တာဆိုတော့ အချိန်တော့ နည်းနည်းပေးရတာ ပေါ့။ ဟိုရောက်တော့ လာတဲ့ မန်ဘာတွေ အချင်းချင်းမိတ်ဆက် မိဘမဲ့တွေလှူမယ့်အစီအစဉ်တွေပြောကြနဲ့ ပြီးတော့ လာတဲ့သူတွေကို မဲဖောက်ပေးဖို့ ဆု ၄ ဆု စီစဉ်ထားတယ်တဲ့။ စပြီး မဲနှိုက်တော့ မနော မဲက ဗလာကျနေပါတယ်။ ဒီတစ်ခါတော့ ကံမကောင်း နိုင်တော့ပါလား လို့ တွေးနေတုန်းရှိသေးတယ်။ ပထမဆုမဲကို ပယ်မဲထဲ မှားထည့်လိုက်မိလို့ မဲတွေ အကုန်ပြန်ပေးပါ အစအဆုံးအသစ်ပြန်လုပ်ပြီး ပြန်နှိုက်ရမယ်လို့ပြောပြီး သိမ်းသွားပါရော။ နောက် အစကနေ ပြန်နှိုက်ရတော့ တစ်ခုပြန်ယူလိုက်ပါတယ်။ ဖွင့်လည်းကြည့်လိုက်ရော ပေါက်မဲနံပါတ် ၃ တဲ့ ကိုယ့်မျက်လုံးတောင် ကိုယ်မယုံဘူး။ ခုနတုန်းကတော့ ဗလာဖြစ်နေတယ်။ ပြန်နှိုက်တော့ ပေါက်နေပါလားပေါ့။ အားလုံးကို ပြောလိုက်တော့ အစ်မ ကံကိုက အမအတွက် ဖြစ်လာတာတဲ့လေ။ အံ့သြမိပါရဲ့။ ကျန်တဲ့အသေးအမွှားတွေတော့ မပြောတော့ပါဘူး။

အဲ ခုတစ်ခါကတော့ ချစ်သူများနေ့မှာ (ဦးပိုင်) 547 Trading က ပြုလုပ်တဲ့ ၁၄ ရက် ၂ လ ၂၀၁၁ ခုနှစ် ချစ်သူများနေ့ ဈေးရောင်းပွဲတော်မှာ ကံစမ်းမဲလက်မှတ်များ ရောင်းချပါတယ်။ ရုံးက အစ်မတစ်ယောက်က ဝယ်လာပြီး ပြောတယ် ကားရရင် ဘယ်သွားမယ်တို့ ဘာတို့ပြောတော့ မကြီး အဲဒါ ဘာလဲလို့မေးတော့ ကံစမ်းမဲ တစ်ထောင်နဲ့ ဝယ်လာတာတဲ့။ ဘယ်ကဝယ်လာတာလဲဆိုတော့ စထရယ်ဟိုတယ်ရှေ့မှာ ရောင်းနေတာပြောတော့ ရုံးက အန်တီတွေကလည်း မုန့်စားသလောက်ပဲရှိတယ် ကံစမ်းမယ်ဆိုပြီး အလုပ်က မောင်လေးတစ်ယောက်ကို သွားဝယ်ပေးဖို့ပြောတော့ မနောလည်း အင်တာနက် ၂ နာရီစာဖိုးတော့ ရှိမှာပဲ မှာလိုက်ဦးမယ်ဆိုပြီး ဝယ်ခိုင်းလိုက်ပါတယ်။ အဲဒီမောင်လေးပြန်လာတော့ ၁၀ ရက်နေ့က ဝယ်ခိုင်းတာ ဆိုတော့ ၁၄ ရက်နေ့ နေ့လည် ၁၂ နာရီ မျှော်စင်ကျွန်းမှာ မဲဖောက်မယ်လို့ပြောတယ် ဆုပေါက်တဲ့သူတွေကို စထရယ်ဟိုတယ်မှာ စာရွက်နဲ့ကပ်ပေးထားမယ်ပြောလိုက်တယ်လို့ပြောပါတယ်။ ဝယ်လာတဲ့ နံပါတ်က ဟိုအန်တီနှစ်ယောက်က ၄၅၅၊ ၄၅၆ ဖြစ်ပြီး မနော နံပါတ်က ၄၅၇ ဖြစ်ပါတယ်။ ၁၄ ရက်နေ့ ရောက်တော့ တစ်ယောက်နဲ့တစ်ယောက် နောက်ကြပါတယ်။ မနောကတော့ ပြောလိုက်ပါတယ်။ ၄နဲ့ ၅ ပေါင်းရင် ၉ နဝင်းလို့ နောက်က လပ်ကီး ၇ လို့ အားလုံးပေါင်းရင် လပ်ကီး ၇ နံပါတ်လို့ ပြောလိုက်မိပါသေးတယ်။ ဖုန်းလာမယ် ကားရမယ်တို့ဘာတို့ ပြောနေကြတာ တစ်နေကုန်သွားတော့ လူတွေ ဒီလောက်များတာ တို့တွေ ဗလာမဲထဲ ပါပြီနဲ့တူတယ်လို့ ပြောကြပြီး ၁၅ ရက်နေ့ရောက်တော့ မေ့မေ့ပျောက်ပျောက်ပါပဲ။ နေ့လည် ကော်ဖီသောက်ချိန်ပြီးတော့ ၃ ခွဲလောက် အစ်မ ဖုန်းလာနေတယ်ပြောလို့ သူငယ်ချင်းဆီက ဖြစ်မယ်ပြောပြီး ကိုင်လိုက်တော့ စထရယ်ဟိုတယ်က ဆက်တာပါ ကံစမ်းမဲ နံပါတ် ၀၄၅၇ ပေါက်ပါတယ် မနက်ဖြန် ၁၁ နာရီကို စထရယ်ဟိုတယ်ကို လာပေးပါလို့ ပြောပြီး ဘာပစ္စည်းပေါက်တာလည်း မေးလို့မရခဲ့ဘူး။ ရုံးကလူတွေကတော့ တစ်ရုံးလုံးမှာ နင်ပေါက်တာဆိုတော့ အတော်ကံကောင်းတယ်တဲ့။ ဒါနဲ့ မနောလည်း အိမ်ပြန်ရောက်တော့ တစ်ထောင်နဲ့ ဝယ်ထားတဲ့လက်မှတ်က ကံစမ်းမဲပေါက်တယ်ပြောလိုက်တော့ အိမ်က ကားရပါဆိုပြီး ပြောကြတယ်။ မနောစိတ်ကတော့ ဘာပဲရရ အရမ်းကြီးလည်း ဘာလိုချင်တယ်ဆိုတာ စိတ်မှာ မဖြစ်မိဘူး။ တစ်ထောင်နဲ့ထိုးထားတာ ဘာရရ တန်ပါတယ်လို့ ပြန်ပြောလိုက်တယ်။ ၁၆ ရက်နေ့ရောက်တော့ အလုပ်က အဘနဲ့ ဦးလေးတစ်ယောက်က လိုက်ပေးပါတယ်။ ဟိုရောက်တော့ ခုမှ ဦးပိုင်မှာ သွားထုတ်နေတုန်းတဲ့ ခဏတော့စောင့်ရမယ် ဘာရတယ်ဆိုတာလည်း သူတို့လည်းမသိဘူးတဲ့။ ဒါနဲ့ ကြာနေမှာစိုးလို့ ပြန်လာပြီး ထမင်းစားပြီးချိန်ကို ရုံးက အဘကို မလိုက်ခိုင်းတော့ပဲ ဦးလေးက သူ လိုက်ခဲ့မယ်ပြောပြီး သွားကြတယ်။ ဟိုတယ်ရောက်တော့ ဝန်ထမ်းတွေကလည်း ဘာပေါက်တာလဲတဲ့ သူတို့လည်းသိချင်တယ်ပေါ့ မနောက ပြန်ပြောလိုက်တယ်။ ပေါက်မဲနံပါတ်တွေနဲ့ သတင်းစာမှာ ပစ္စည်းစာရင်းတွေပါတယ် ကြည့်လိုက်ပါလို့ ပြောလိုက်တယ်။ ခဏပြန်လာတော့ သတင်းစာရောက်တော့ ကိုယ်က ဘာပေါက်တယ်ဆိုတာ သိပြီးနေပြီ စတီးအိုး ၁၀ လုံး ပေါက်တာဆိုတော့ သိပ်တော့ မကြီးလောက်ဘူးပေါ့။ ဒါနဲ့ ဟိုတယ်ရောက်တော့ မန်နေဂျာက နာမည်နဲ့နံပတ်ပဲပြောရသေးတယ် အထူးဆု လာထုတ်တာပဲတဲ့ သူက ပြောတယ် မနောကတော့ ရောက်တော့ ပစ္စည်းတွေက ပလတ်စတစ်ချိုင့်တွေကော မြင်တော့ ဒီလိုပုံစံပဲပေါ့။ နောက်လည်းကျရော အလားလား စတီးအိုး ၁၀ လုံးထည့်ထားတဲ့ စက္ကူဗူးကြီးက နည်းတာ မဟုတ်ဘူး။ အထူးဆုတဲ့လေ။ လုံခြုံရေးကို သယ်ခိုင်းတော့ တစ်ယောက်ထဲမနိုင်လို့ နှစ်ယောက်ဝိုင်းမရတယ်။ ဒါနဲ့ ရုံးကို ကားငှားပြီးပြန်၊ ညနေ အလုပ်ဆင်းတော့ အိမ်ကို ကားငှားပြန်ခဲ့ရတာပေါ့။ ရုံးက အန်တီတွေကတော့ ပြောတယ် အဲဒါ မနော ကံကြောင့် ရတာတဲ့။ ရှေးဘဝက ကုသိုလ်ကြောင့်တဲ့ မနောလည်း ဘာကြောင့်ဆိုတာ မသိတော့ပါဘူးရှင်။ ဘာပဲဖြစ်ဖြစ် မဲပေါက်တော့လည်း အလုပ်က လူတွေကို မုန့်ဝယ်ကျွေးပြီး ဒါနလုပ်ဖြစ်သွားတာပေါ့နော်။ ချစ်သူများနေ့ရဲ့ အမှတ်တရပဲ ဖြစ်ပါတော့တယ်။ ချစ်သူရှိမှ ပျော်ရွှင်ရတာမဟုတ်ပါဘူး။ တစ်ယောက်ထဲလည်း နေတတ်ရင် ကျေနပ်စရာပါလို့ ဒီနေရာကနေ ပြောလိုက်ပါရစေရှင်……………………..


အကြား အမြင် လောက




 အမြင် ….
ကြည်လင်တာလည်း ရှိ
မပီပြင်တာလည်း ရှိ
အကြား….
မှားတာလည်းရှိ
မှန်တာလည်း ရှိ
အပြော….
ချောတာလည်း ရှိ
လောတာလည်း ရှိ
မျက်စိ နား ပါးစပ်
အစပ်အဟပ်တည့်ဘို့ဆိုတာ
ဖတ်မှတ်လေ့လာ
သေချာသုံးသပ်
ပိုင်းဖြတ်တဲ့ ဦးနှောက်ဉာဏ်
မှန်ကန်စွာ အသုံးချ
လူ့လောကအတွက်
ခရီးဆက်ကြမယ် လေ ……………
မနောဖြူလေး

ဖြတ်သန်းမှုကာလ


√ 23+ Arti Emoticon Whatsapp, Jangan Salah Arti Haha!

ထောင့်ကိုးရာမျိုး
ခုနစ်ဆယ့်ရှစ်၊ တည်ရှိမိုးနှောင်း
လမြတ်ဝါဆို၊ လပြည့်ကျော်တွင်
လဆန်းတစ်ရက်
နေ့ဝယ်ကြာသပတေး၊ တစ်မနက်တွင်
သံသရာတစ်ကြော
လောကကြီးတွင်း
ဖြစ်တည်လာခဲ့
အကျွန်ုပ်သည်
လူ့ဘုံခန်းဝါ
သုခဒုက္ခ အဖုံဖုံကြား
လူမှန်းသိစ
အရွယ်ကပင်၊ မာနဝင်ကာ
တငါငါနှင့် စားကာသောက်ကာ
ပျော်ပါးကာလျှင်၊ သာယာချိုမြ
ကိုယ့်ဘဝကို ပြည့်ဝစုံလင်
အဟုတ်ထင်ခဲ့…
အရွယ်ရောက်လတ်
ဘဝရုန်းကန်
လူ့လောကထဲဝင်ကာမျှ
ကျဆင်းစိတ်ဓာတ်
အဖန်ဖန်တင်းရင်း
ဘဝအမောတွေ ပြေခဲ့ရ
နှစ် လ ရာသီ
အလီလီပြောင်းရင်း
မသေသေးသရွေ့
ဆက်လက်ဆောင်ရွက်
လမ်းမှန်ကိုလျှောက်
အောင်မြင်မှုကို ရှေးရှုနေရင်း
တက်လှမ်းလာမည့်
အနာဂတ်ခရီး
မျှော်မှန်းရင်း
အကျွနု်ပ်သည်
အောင်မြင်မှု ပန်းတိုင်ဆီသို့……

မနောဖြူလေး

စိတ်အချမ်းသာဆုံးလူတွေ ဟုတ်ရဲ့လား


How to be successful in your career – The Rutgers iJOBS Blog

လူတိုင်းဟာ စိတ်ချမ်းသာမှု့ရှာနေကြတာ။ ဘယ်လိုနည်းနဲ့များ စိတ်ချမ်းသာမှု့ကို ရမယ် ထင်နေကြသလဲ။
များသောအားဖြင့် ပတ်ဝန်းကျင်အသိုင်းအဝိုင်းက ကိုယ့်ခေါင်းထဲထည့်ပေးတဲ့ အယူအဆဖြစ်တဲ့ ” သူများထက်ပိုပြီး အဆင့်အတန်းမြင့်မြင့်နေနိုင်ရင် စိတ်ချမ်းသာမယ်၊ ပိုက်ဆံများများရှိရင် စိတ်ချမ်းသာမယ်၊ ရာထူးတွေအမြင့်ကြီးရှိရင် စိတ်ချမ်းသာမယ် ” လို့ ထင်နေကြတယ်။
ဒီလိုလူတွေဟာ စိတ်အချမ်းသာဆုံးလူတွေ ဟုတ်ရဲ့လားဆိုတာ တကယ်လက်တွေ့ အကဲခတ်ကြည့်စမ်းပါ။ အချို့ကိစ္စတွေမှာ ပစ္စည်းဥစ္စာ၊ ရာထူးအဆင့်အတန်းမြင့်မားတဲ့လူတွေဟာ စိတ်အဆင်းရဲဆုံးလူတွေဖြစ်နေတာ တွေ့ရတယ်။
If I devalue you, I devalue myself.
သူတပါးကိုတန်ဖိုးချလိုက်ရင် ကိုယ့်ကိုကိုယ်ပါ တန်ဖိုးချရာရောက်တယ်။ သူတစ်ပါးကို မလေးမစား ဆက်ဆံပြီဆိုရင်
ကိုယ့်ကိုကိုယ်လည်း လေးစားလို့မရတော့ဘူး။
အဲဒီလိုသိဖို့ဆိုတာ ကိုယ်စိတ်ကိုသိနိုင်တဲ့ နူးညံ့သိမ်မွေ့မှုရှိတဲ့သူ၊ သတိ သမာဓိ ဉာဏ်ပညာရှိတဲ့သူမှသာ သိနိုင်ပါတယ်။
သတိ သမာဓိ ဉာဏ်ပညာမရှိတဲ့သူတွေကတော့ ဒေါသနဲ့ ဆက်ဆံမယ်၊ မာနနဲ့ ဆက်ဆံမယ်၊ က္ကုသာမစ္ဆရိယနဲ့ ဆက်ဆံမယ်၊ လောဘနဲ့ ဆက်ဆံမယ်၊
အဲဒီလို လောဘ၊ ဒေါသ၊ မာန၊ က္ကုသာမစ္ဆရိယ အားကြီးနေလို့ ကိုယ့်ကိုကိုယ် ထိခိုက်နေတာတောင်မှ မသိတော့ဘူး။
ဒါကြောင့် လောကကြီးကို ကောင်းစေချင်တယ် ဆိုရင် သတိနဲ့နေတဲ့လေ့အကျင့်လုပ်ပါ။ သတိနဲ့နေလာရင် ကိုကိုယ်ကို အများကြီးသိလာလိမ့်မယ်။
ကိုယ်စိတ်ကို အများကြီးသိလာမှသာ သူတစ်ပါးစိတ်ထဲဘယ်လိုခံစားရတယ်တိုတာ နဲ့နဲ့သိလာပါလိမ့်မယ်။ အဲဒီလိုလူမှသာ ကိုယ့်အကျိုးရော၊ အများအကျိုးရော မထိခိုက်အောင်လုပ်နိုင်တယ်။ ဒါအပြင် ကိုယ့်အကျိုးရော၊ အများအကျိုးရော ကြီးကြီးမားမားဖြစ်ပေါ်လာအောင် အကျိုးကိုဆောင်ရွက်နိုင်တယ်။ ဒါ့ကြောင့် အများအကျိုးကို ဆောင်ရွက်ချင်တဲ့လူဆိုရင် သတိ၊ သမာဓိ၊ ဉာဏ်ပညာရှိဖို့ လိုတယ်။
When you are peaceful, happy, joious and doing what you love to do, you are successful.
သင်ဟာ ငြိမ်းချမ်းနေတယ်၊ ပျော်ရွှင်နေတယ်၊ ကြည်လင်ရွှင်လန်းနေတယ်၊ ကိုယ်ချစ်တဲ့ အလုပ်ကိုလုပ်နေတယ်ဆိုရင် သင်ဟာ အောင်မြင်နေတဲ့သူပါ။
ဘယ်လိုလူကို အောင်မြင်တဲ့လူလို့ ပြောမလဲ။ ပိုက်ဆံချမ်းသာတဲ့လူလား၊ ရာထူးတွေအကြီးကြီး ရနေတဲ့လူလား။ ဒါတွေ မဟုတ်ဘူး။ ငြိမ်းချမ်းတဲ့လူ၊ ပျော်ရွှင်တဲ့လူ၊ ကြည်လင်ရွှင်လန်းတဲ့လူ၊ ကိုယ်ချစ်တဲ့ အလုပ်ကိုလုပ်နေတဲ့လူဟာ ဘဝမှာ အောင်မြင်တဲ့လူဖြစ်တယ်။
There is no true success without peace of mind.
စိတ်အေးချမ်းမှု မရှိဘဲနဲ့ စစ်မှန်တဲ့ အောင်မြင်မှုဆိုတာ မရှိပါဘူး။
ကိုယ့်ရဲ့အောင်မြင်မှုကို ဘာနဲ့တိုင်းတာမလဲ။ စိတ်ထဲမှာ အေးချမ်းမှုရမှ ကိုယ့်ဘဝဟာ အောင်မြင်မှုရတာပါ။
အေးချမ်းမှုဆိုတာ ဘာလဲ။ ရိုးသားမှုမရှိဘဲနဲ့ အေးချမ်းမှုဆိုတာ မဖြစ်နိုင်ဘူး။ ရိုးသားမှ အထိုက်လျှောက် အေးချမ်းတယ်။
တည်ငြိမ်မှုမရှိဘဲနဲ့ တကယ်အေးချမ်းမှု အစစ်အမှန်ဆိုတာ မဖြစ်နိုင်ပါဘူး။ ဘဝကို အေးအေးချမ်းချမ်း နေသွားမှာလား။
အပြစ်တွေ၊ နောင်တတွေ၊ ပူပန်မှုတွေ၊ ကိုယ် မရိုးသားတာတွေ၊ ကိုယ်မရိုးသားမှန်းကို သူများသိနေတာကို မရမကဖုံးပြီးတော့ ပူလောင်နေတဲ့စိတ်ကြီးနဲ့ နေသွားမှာလား။

A successful man possesses a great spiritual understanding.

အောင်မြင်တဲ့သူမှာ ကြီးမားတဲ့၊ လေးနက်တဲ့ အသိဉာဏ်ရှိတယ်။

လေးနက်တဲ့၊ မြင့်မြတ်တဲံ့၊ မှန်ကန်တဲ့အသိဉာဏ် ရှိမှသာ အဲဒီလူကိုဘဝမှာ ကြီးကျယ်မြင့်မြတ်တဲ့သူလို့ ပြောလို့ရတယ်။
တကယ်အောင်မြင်တဲ့သူဟာ သူမှာ တကယ်လေးနက်တဲ့၊ မြင့်မြတ်တဲံ့အသိဉာဏ် ရှိတယ်၊ စိတ်ထားရှိတယ်။
(ဆရာတော် ဦးဇောတိက) ရဲ့ ရေးသားချက်လေးကို ကိုးကား ထည့်သွင်းထားပါတယ်။