Friday, December 17, 2021

အော်တစ်ဇင်အကြောင်း သိကောင်းစရာ

 What is Autism? - AWARE

အော်တစ်ဇင်သည် လူမျိုးမရွေး၊ တိုင်းပြည်မရွေး၊ ဘာသာမရွေး၊ ယဉ်ကျေးမှု့မရွေး၊ ဆင်းရဲ ချမ်းသာမရွေး၊ လူနေမှု့အဆင့်အတန်းမရွေး၊ ပညာအရည်အချင်းမရွေး ဖြစ်ပွားနိုင်ပါသည်။

အောတစ်ဇင်(Autism) ဆိုသည်မှာ လူတစ်ဦး၏ ဘဝတစ်လျှောက်လုံးတွင် ဖွံ့ဖြိုးတိုးတက်မှု့ မညီမျှခြင်းကို ဆိုလိုပါသည်။ အော်တစ်ဇင်ဖြစ်ရသော အကြောင်းအရင်းမှာ ထင်မြင်ယူဆချက် အမျိုးမျိုးရှိသော်လည်း ယခုအချိန်ထိ မည့်သည့်အကြောင်းကြောင့် ဖြစ်ကြောင်းကို ခိုင်ခိုင်မာမာသက်သေ မပြနိုင်သေးပါ။

အော်တစ်ဇင်လက္ခဏာများ-

  • ပုံမှန်သင်ကြားမှု့စနစ်ကို လက်မခံခြင်း, မထီမဲ့မြင်ပြုသကဲ့သို့ နေတက်ခြင်း
  • အန္တရာယ်ကိုမကြောက်တက်ခြင်း, အကြောင်းမဲ့ရယ်ခြင်း/ ငိုခြင်း
  • နာကျင်မှု့ကိုမသိ/ မခံစားတက်ခြင်း, (အချိန်ကြာမြင့်စွာ) ပုံမှန်မဟုတ်သောကစားနည်းကို ကစားနေခြင်း
  • အထိတွေ့ကို ပုံမှန်မဟုတ်ဘဲ တုံ့ပြန်ခြင်း, မျက်လုံးချင်းဆုံ၍ မကြည့်ခြင်း
  • လိုအပ်မှု့ကို အမှုအရာဖြင့်သာပြခြင်း, ပစ္စည်းများပေါ်တွင် အစွဲကြီးခြင်း
  • သံယောင်လိုက်ခြင်း, ပစ္စည်းများ(သို့) မိမိကိုယ်ကို လှည့်နေခြင်း
  • နားမကြားသကဲ့သို့ နေထိုင်ခြင်း, အကြောင်းမရှိဘဲ ပြင်းထန်စွာပေါက်ကွဲနေခြင်း
  • ပေါင်းသင်းဆက်ဆံရေးတွင် ခက်ခဲခြင်း, လုပ်နေခြင်းအလုပ်မှ ပြောင်းလဲရန်ခက်ခဲခြင်း
  • အလွန်အမင်းလှုပ်ရှားခြင်း(သို့) ငြိမ်နေခြင်း, အပြုအမှု တစ်ခုခုကို ထပ်ခါတလဲလဲ ပြုလုပ်တက်ခြင်း

စသည့်လက္ခဏာရပ်များကို တွေ့ရှိနိုင်ပါသည်။ အဆိုပါလက္ခဏာ တစ်ခုချင်းကို ပုံမှန်ကလေး တစ်ဦးတွင် တွေ့ရှိရတက်သော်လည်း အော်တစ်ဇင်ကလေးတစ်ဦးတွင် အထက်ပါလက္ခဏာအများစုကို ပိုမိုတွေ့ရှိ ရနိုင်ပါသည်။ အော်တစ်ဇင် တစ်ဦးနှင့်တစ်ဦး လက္ခဏာများ ထပ်တူထပ်မျှမတူညီကြပါ။ သို့သော်တူညီသော ချို့ယွင်းမှု့ သုံးခုရှိပါသည်။ သုံးခုမှာ

(က) လူမှု့ဆက်ဆံရေး (social Relationship) ချို့ယွင်းမှု့
တစ်ယောက်တည်း အထီးကျန်နေတက် ပြီးလူအများနှင့်ပေါင်းသင်းဆက်ဆံရေးတွင် အခက်ခဲများရှိနိုင်ပါသည်။
(ခ) ဆက်သွယ်ပြောဆို ဆက်ဆံရေး( Social Communication) ချို့ယွင်းမှု့

နှုတ်ဖြင့် ပြောဆိုဆက်ဆံရတွင် အခက်အခဲရှိခြင်း၊ လူအများနားလည်သော ကိုယ်ဟန်အမှုအရာများကိုနားမလည်ခြင်း၊ မျက်နှာအမှုအရာ အသံနေအသံထားတို့ကို နားမလည်ခြင်း၊ မိမိ လိုအပ်ချက်ကို ထုတ်ဖော် ပြောဆိုရန် နားမလည်ခြင်း၊ သံယောင်လိုက်ပြောဆိုတက်ခြင်း၊ စကားလုံးတစ်ခုကို ထပ်ခါတလဲလဲပြော ဆိုနေခြင်းများ ဖြစ်ပါသည်။

(ဂ) စိတ်ကူးဉာဏ် နှင့်တီထွင်ကစားနိုင်ခြင်း

(Imagination & Creative play) ချို့ယွင်းမှု့

အခြားကလေးများနှင့် အတူတကွ ပါဝင်မကစားနိုင်ခြင်း၊ စိတ်ကူးပုံဖော်ရသော ကစားနည်းများ၊ စဉ်းစား တွေးခေါ်ရသော ကစားနည်းများကို မကစားနိုင်ခြင်း၊ ကစားနည်းတစ်ခုတည်းကိုသာ ထပ်ခါထပ်ခါ ကစားနေတတ်ခြင်းများ ဖြစ်တတ်ပါသည်။ သို့သော်အခြားသော အော်တစ်ဇင်ကလေးများထက် ထူးခြားမြင့်မားသည့် စွမ်းဆောင်ရည်နှင့် မှတ်ဉာဏ်များကို ပိုင်ဆိုင်တက်ကြပါသည်။ ဥပမာ -အနုပညာ၊ သင်္ချာ၊ ကွန်ပျူတာနှင့် သိပ္ပံပညာရပ်များပင် ဖြစ်ပါသည်။

ဖြစ်ပွားနှုန်း

အော်တစ်ဇင် ဖြစ်ပွားနှုန်းသည် နိုင်ငံ တစ်ခုနှင့်တစ်ခု ဒေသတစ်ခုနှင့်တစ်ခု မတူညီကြပါ။
သုတေသနတွေ့ရှိချက်တစ်ချို့တွင် ကလေး(၁၁၀) ယောက်မွေးတိုင်း အော်တစ်ဇင်ကလေးတစ်ယောက် ပါဝင်နေတက်သည်။
ယောကျာ်းလေးများသည် မိန်းကလေးများထက် လေးဆ ပို၍ဖြစ်တက်ပါသည်။(ကျား : မ = 4 : 1)

အော်တစ်ဇင်ဖြစ်ကြောင်း စစ်ဆေးခြင်း

မိမိကလေးတွင် သာမန်နှင့်မတူ ထူးခြားသော အပြုအမူလက္ခဏာများ ဖြစ်ပေါ်လာပါက အော်တစ်ဇင်ဟုတ်/ မဟုတ်ကို စောစောကြိုတင်သိရှိနိုင်ရန် စစ်ဆေးသင့်ပါသည်။ အော်တစ်ဇင်ဖြစ်ကြောင်းကို ဓာတ်ခွဲစမ်းသပ်ခြင်း၊ ဓာတ်မှန်ရိုက်ခြင်း၊ အာထရာဆောင်းရိုက်ခြင်း၊ စီတီရိုက်ခြင်းစသည်တို့ဖြင့် ရောဂါအမည် အဖော်ထုတ်နိုင်ပါ။ အော်တစ်ဇင်ဖြစ်ခြင်း/ မဖြစ်ခြင်းကို ကျွမ်းကျင်သူပညာရှင်များမှ ကလေး၏လက္ခဏာ၊ အမူအကျင့်များ၊ အခက်အခဲများကို ခြုံငုံသုံးသပ်ပြီးမှသာ သိရှိနိုင်ပါသည်။ အော်တစ်ဇင်လက္ခဏာများမှာ ကျယ်ဝန်းလှပါသည်။ အပြင်းအပျော့ပေါ်မှုတည်၍ တစ်ဦးချင်းအပေါ်မှုတည်၍ ကွဲပြားခြားနားပါသည်။
အော်တစ်ဇင်လက္ခဏာများကို ဘယ်အသက်အရွယ်မှာ တွေ့ရှိနိုင်ပါသလဲ။

အော်တစ်ဇင်သည် မွေးရာပါ (သို့) မွေးပြီးသုံးနှစ်အတွင်းတွင် စတင်ပေါ်ပေါက်နိုင်ပါသည်။

ကုသ၍ ပျောင်ကင်းနိုင်ခြင်းရှိ/ မရှိ

လုံးဝ ပျောက်ကင်းနိုင်အောင် ကုသနိုင်သည့်နည်းလမ်း၊ ဆေးဝါးမရှိသေးပါ။ သို့သော် အော်တစ်ဇင် ဖြစ်ကြောင်း စောစီးစွာ ဖော်ထုတ် သိရှိပြီး မှန်ကန်သော လေ့ကျင့်သင်ကြားမှု့များ စနစ်တကျပြုလုပ်နိုင်ပါက ဘဝတန်ဖိုး သိသိသာသာ မြင့်တက်လာပြီး သူတစ်ပါးအပေါ်နှင့်မိသားစုအပေါ် အမှီခိုနည်းနည်းဖြင့် ရပ်တည်နိုင်စွမ်း ရှိလာပါမည်။

သင်၏ကလေးတွင် အထက်ပါဖော်ပြချက်များအရ အော်တစ်ဇင်ဖြစ်နေသည်ဟု သံသယဖြစ်ပါက ကလေးစိတ် ရောဂါ အထူးကုဆရာဝန် ( Child psychiatrist) အော်တစ်ဇင်အကြောင်း နားလည်သည့် ကလေးအထူးကု ဆရာဝန် (paediatrician, neuropaediatrician)၊ ကုခန်းစိတ်ပညာရှင်(clinical psychologist)တို့ကို စောလျင်စွာဆက်သွယ်ပါရန်( သို့မဟုတ်) မြန်မာနိုင်ငံအော်တစ်ဇင်အသင်း(ဖြစ်မြောက်ရေး ကော်မတီ) သို့ ဆက်သွယ်၍ စုံစမ်းမေးမြန်းနိုင်ပါကြောင်း လေ့လထားသမျှ ပြန်လည်တင်ပြလိုက်ရခြင်းပင် ဖြစ်ပါတော့သည်။
မနောဖြူလေး

No comments:

Post a Comment