Friday, December 31, 2021

နည်းပညာတိုးတက်မှုက ရေရှည်တည်မြဲလာနိုင်ပါ့မလား


 

ယနေ့ ကမ္ဘာကြီးက လျင်မြန်သွက်လက်သောနှုန်းနဲ့ ပြောင်းလဲနေပါတယ်။ ဒီအထဲမှာ နည်းပညာနယ်ပယ်က ပိုပြီး လွန်စွာမှပင် အပြောင်းအလဲမြန်ဆန်လွန်းလှပါတယ်။ တိုးတက်မှုကလည်း မြင့်မားလာနေပါတယ်။ ကွန်ပျူတာဆိုတာကလည်း နည်းပညာ တိုးတက်မြင့်မားလာမှုကြောင့် ဖြစ်ပေါ်လာတာပါ။ ယနေ့ လူတိုင်း နီးပါးက ကွန်ပျူတာကို အသုံးပြုနေပါပြီ။ ဒီတော့ ကျွန်မတို့ရဲ့ နေ့စဉ် နေထိုင်မှုစနစ်တွေကလည်း ပြောင်းလဲ လာခဲ့ပါတယ်။ ကွန်ပျူတာယဉ်ကျေးမှုလို့ ခေါ်နိုင်တဲ့စနစ်တစ်ခုအဖြစ် ခိုင်ခိုင်မာမာရပ်တည်နေခဲ့ပါပြီ။ ယခုဆိုရင်လည်း ကွန်ပျူတာအရောင်းပွဲတွေကို ကြိုကြားကြိုကြား စျေးနှုန်းချိုသာစွာနဲ့ လူတိုင်း အသုံးပြုနိုင် သော ခေတ်ကို ရောက်ရှိလာခဲ့ပါပြီ။

          လူငယ်တိုင်းကလည်း ကွန်ပျူတာမရှိရင် ခေတ်မမှီတော့ဘူးဆိုတဲ့ အတွေးအခေါ်တွေနဲ့ မိဘများကို ပူဆာလာကြတာလည်း တွေ့ရှိနေရပါတယ်။ ဘာအတွက်သုံးမလဲဆိုတော့ ဘယ်သူနဲ့မှ ဘာမှ မဖြေနိုင်ကြ ပါဘူး။ နယ်တွင် မပြောနဲ့ မြို့ပေါ်မှာတောင် ကွန်ပျူတာဆိုတာ ဘာလဲမေးရင် chat လို့ရတယ်ပဲ သိတဲ့သူတွေ ဒုနဲ့ဒေးပါပဲ။ နည်းပညာ တိုးတက်လာသလောက် လူငယ်တွေအနေနဲ့ အမြင်များလည်း ပြောင်းလဲဖို့ အရမ်း လိုအပ်လာနေပါပြီ။ ကွန်ပျူတာဆိုတာ ဘာမှန်းသာ မသိကြတာ ကွန်ပျူတာသင်ပြီဆိုတာနဲ့ Gtalk ပြောဖို့နဲ့ facebook အကောင့် မရှိသေးဘူးလို့ ပြောတဲ့သူချည်းပါပဲ။ ယခုတစ်လော ရေပန်းစားနေတဲ့ ဒီ Social Network လို့ လူတိုင်းလိုလို အရူးအမူးဖြစ်နေတဲ့ facebook ကြီးက အောက်တိုဘာ ၁၅ ရက်မှာ ပိတ်တော့မယ်ဆိုပြီး သတင်းထွက်နေခဲ့ပါရောလား။ တကယ်လို့သာ facebook ပဲ သုံးနေကြတဲ့လူတွေ ဒီဆိုက်သာ ပိတ်သွားခဲ့မယ်ဆိုရင် ဘာတွေကို သုံးကြမလဲဆိုတဲ့ အတွေးတွေ တွေးနေမိပါတော့တယ်။ တစ်ချို့က facebook သုံးမှ ခေတ်မီတယ်ဆိုတဲ့အမြင်တွေကတော့ လူတိုင်းလိုလို ဖြစ်နေပါတယ်။ တစ်ယောက်နဲ့ တစ်ယောက် တွေ့တာနဲ့ facebook မှာ မင်း ဘော်ဒါ ဘယ်နှယောက်ရှိပြီလဲ။ မင်းမိတ်ဆွေက ငါထက်နည်းသေးတယ်ဆိုပြီး အပြိုင်အဆိုင်တွေတောင် ဖြစ်နေပါသေးတယ်။ အတော်များများ လူတွေရဲ့ အမြင်က အင်တာနက်သုံးတာ facebook ကိုပဲ သုံးရမယ်ဆိုတဲ့အတွေးတွေက အတော်ကို လွှမ်းမိုးထားတာ တွေ့ရတယ်။ facebook မသုံးတဲ့သူက ခေတ်နောက်ကျန်နေသလိုပဲဖြစ်နေပါတယ်။ ဂျီတော့ပဲ ဖွင့်သုံးတတ်ပြီး ဂျီမေးလ်နဲ့ ဘာကွာလဲ မေးတဲ့သူက ရှိသေးတယ်။ လူငယ်တွေရဲ့ အမြင်တွေက ဒီထက်ပိုပြီး ပွင့်လင်း လာစေချင်တယ်။ ကျောင်းပညာရေးလျှောက်ရင် ဘယ်ဝက်ဘ်ဆိုက်ကို ဝင်ရမလဲ။ အင်္ဂလိပ်စာ လေ့လာချင်ရင် ဘယ်ဟာကို ဝင်ရမလဲဆိုတဲ့ မေးခွန်းလေးတွေ မေးလာစေချင်တယ်။ ခုဆိုရင် မြန်မာပြည်တွင်းတွင် အွန်လိုင်းကနေ ဥပဒေပညာရပ်ကို လေ့လာသင်ယူလိုသူတွေအတွက် ရန်ကုန်အဝေးသင် တက္ကသိုလ် လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးမှုဌာနအစီအစဉ်ဖြင့် ရန်ကုန် အဝေးသင်တက္ကသိုလ်ရဲ့ ဥပဒေပညာ ဌာနက ဦးစီး၍ ဥပဒေပညာဒီပလိုမာ (Diploma in Law –DL) သင်တန်းကို ခေတ်မီနည်းပညာတစ်ခုဖြစ်သော Web-Based Teaching  System (WBTS) ကို အသုံးပြုပြီး Online ဖြင့် သင်ကြားပို့ချပေးမယ်လို့ ကြားရပါတယ်။ အွန်လိုင်းကနေ သင်ကြားပို့ချပေးမယ်ဆိုတော့ အချိန်ကုန်လည်း သက်သာ၊ သွားရလာရလည်း ဒုက္ခမရောက်တဲ့အပြင် ဘွဲ့တစ်ခုကိုလည်း ၁၀ လနဲ့ ရရှိမှာ ဖြစ်ပါတယ်။ ဘယ်လောက်ကောင်းလိုက်သလဲ။ ဒီလို ပညာရေးတွေ ဒီထက်ပိုမို တိုးတက်လာစေချင်နေတာ အတော်ကြာခဲ့ပါပြီ။
More


          ယခုတော့ လူငယ်တွေ အတော်များများက facebook မှာဘဲ အချိန်တွေ အတော်အကုန်ခံနေတာကို တွေ့ရှိနေရပါတယ်။ ခေတ်မီသူတိုင်း facebook သုံးသည်ဆိုသလိုပေါ့။ လူတိုင်းစိတ်ဝင်စားတဲ့ သတင်းဦး၊ သတင်းထူးတွေကို အချိန်နဲ့တစ်ပြေးညီ ရရှိနေတာကတော့ facebook ဆိုတဲ့ လူမှုဝက်ဆိုက်တစ်ခုပါပဲ။ ဒီဝက်ဘ်ဆိုက်သာ အမှန်တကယ်ပိတ်သွားခဲ့မယ်ဆိုရင် လူအတော်များများ facebook စွဲ ရောဂါများ ရသွားကြ မလားဆိုတာ မခန့်မှန်းနိုင်သလောက်ပါပဲ။ လူမှုဝက်ဘ်ဆိုက်ကလည်း ဒီတစ်ခုထဲပဲရှိတာမဟုတ်ပါဘူး။ ကျွန်မ အမြဲအသုံးမပြုပေမယ့် သုံးဖြစ်တဲ့ဆိုက်တွေ အတော်များများတော့ ရှိပါတယ်။ အနည်းအကျဉ်း ဖော်ပြရရင်တော့ myspace, twitter, digg, flickr, bebo, hi5, tagged အပြင် http://www.e-learningcenter.com/free_html_course.htm ဒီလို လေ့လာစရာ တချို့ဆိုက်လေးတွေ ကလည်း အတော် သဘောကျဖို့ ကောင်းလှပါတယ်။ ဒီဆိုက်လေးကတော့ ကိုယ်တိုင်စိတ်ကူးစိတ်သန်း ရှိသလောက် ကိုယ်ပိုင် website လေးကို ပုံကြမ်းကနေ အချောသပ် အကောင်အထည်ပေါ်တဲ့အထိ လုပ်ကိုင်ကြည့်ချင်တယ်ဆိုရင် e learning Center က ဖွင့်လှစ်ထားတဲ့ အွန်လိုင်းသင်တန်းကို တက်ယူနိုင်ပါတယ်။ အခြေခံ HTML နဲ့ XHTML ကို webpages အခြေခံတွေ တည်ဆောက်တဲ့အထိ standard ထားပြီး လုပ်ကိုင်ပုံတွေ သိရှိနိုင်ပါတယ်။ HTML Training Cense အတွက်ကိုတော့ ငါးနာရီကြာနဲ့ အပြီးအစီးတက်ဖို့ အခမဲ့ သင်ကြားပေးပါတယ်။ အွန်လိုင်းတွင် အင်္ဂလိပ်ဘာသာဖြင့် အခမဲ့ပို့ချနေသော www.alison.com , www.masterclass.com,  www.about.com, http://www.webmastercourse.com/  စသည့် ဆိုဒ်များ တွင်လည်း လေ့လာနိုင်ပါသေးတယ်။ Alison ဆိုဒ်တွင် သူပြဌာန်းထားသော မော်ဂျူးပြီးဆုံးပါက စာမေးပွဲဖြေဆိုရမည်ဖြစ်ပြီး သင်တန်းအောင်လက်မှတ် diploma ကိုရယူနိုင်ပါတယ်။ Masterclass တွင်မူ စီမံခန့်ခွဲမှု သင်ခန်းစာ ၁၀ခန်း ပါပြီး အသေးစိတ်ကိုလည်း အချိန်၃ လမျှ သင်ယူရပြီး စာမေးပွဲနှင့် case study တွေပါဖြေဆိုရ ပါမယ်။ အောင်မြင်ပါက အွန်လိုင်းတွင် ဒေါ်လာ ၂၀ မျှသာသွင်းပြီး အောင်လက်မှတ်ရယူနိုင်ပါတယ်။ ထို့အပြင် ဟားဗက်နှင့် အမ်အိုင်တီတို့က လွင့်တင်ထားသော ဝက်ဆိုဒ်များတွင် ၎င်းတက္ကသိုလ် ထုတ်နာမည်ကြီး Harvard Business Review နှင့် MIT Sloan Management Review တို့ကို အခမဲ့ဖတ်နိုင်တာကို တွေ့ရှိရပြီး။ ဆက်လက်၍ ကျွမ်းကျင်အဆင့်တွေကို သင်ချင်ရင်တော့ သင်တန်းကြေးပေးသွင်းသင်ကြားရမှာ ဖြစ်ပါတယ်။ about ကတော့ နယ်ပယ်ဒေသ အသီးသီးကနေ ကျွမ်းကျင်တဲ့ ပညာရှင်တွေ စုပေါင်းပြီး သင်ခန်းစာတွေကို အလှည့်ကျဖြေဆို လေ့ကျင့်ပေး နေတဲ့ အင်တာနက်စာသင်ကျောင်းတစ်ခုလို့တောင် ပြောဆိုနိုင်ပါတယ်။ Web ရဲ့ တခြားနေရာတွေမှာ အချိန်ကုန်ခံနေမယ့်အစား about လို နေရာမျိုးသာ အချိန်ယူပြီး လေ့လာမယ်ဆိုရင် လက်တွေ့ကျတဲ့ သဘောတရားမဆန်တဲ့ နည်းပညာရပ်ပေါင်းတွေကို တစ်နေရာထဲနဲ့ အကုန်သိရှိသွားနိုင်မှာ ဖြစ်ပါတယ်။ ဗဟုသုတလိုက်စားသူတွေအတွက် wikipedia ထက်တောင် ဖွဲ့စည်းမှု ပိုမိုစုံလင်တဲ့ သင်ခန်းစာ စွယ်စုံကျမ်းကြီးတစ်ခုပဲဖြစ်ပါတယ်။

တချို့ network site တွေက တစ်နှစ်လောက်သုံးပြီး အလိုလိုပိတ်သွားတာတွေလည်း ကြုံဆုံရ ပါသေးတယ်။ လူငယ်တွေအတွက် မြန်မာဖိုရမ်ဆိုက်တွေကလည်း လေ့လာစရာ ကောင်းလှပါသေးတယ်။ ကျွန်မ ပြောချင်တာကတော့ facebook လိုနေရာမှာပဲ အချိန်ကုန်မခံဘဲ နည်းပညာများ လေ့လာစရာ၊ ပညာရေး၊ နိုင်ငံတကာ လူမှုကွန်ယက်တွေရှိတဲ့ နေရာတွေကိုပါ ကျယ်ကျယ်ပြန့်ပြန့် ဝင်ရောက် လေ့လာစေ ချင်ပါတယ်။
          ခုတစ်လော နာမည်ကြီးနေတဲ့ နန်းခင်ဇေယျာကို like ပေးတိုင်းသာ ဆုရမယ်ဆိုရင် ကမ္ဘာမှာ မြန်မာက ထိပ်ဆိုသလိုရောက်ရှိနေမှာ မြင်ယောင်နေပါသေးတယ်။ အဲ myspace ဆိုတဲ့ website တစ်ခုရဲ့ မူကတော့ မိတ်ဆွေသူငယ်ချင်းဆိုတဲ့ စကားလုံးရဲ့ အဓိပ္ပာသတ်မှတ်ချက်ကိုပဲ ကျယ်ပြန့်စွာ ပေးထားခဲ့ပါတယ်။ ဒါပေမယ့် ကိုယ်မသိတဲ့သူတစ်ဦးကို လက်ခံထားမိပြီဆိုရင်ဖြင့် သူဟာ အွန်လိုင်းမိတ်ဆွေပဲ ဖြစ်မှာပေါ့။ ကိုယ်နဲ့ ဆိုးတိုင်ပင် ကောင်းတိုင်ပင် သူငယ်ချင်းအစစ်ဖြစ်ဖို့ဆိုတာ ဖြစ်လာနိုင်ပါ့မလား။ အသိတစ်ယောက်လိုပဲ ချိတ်ဆက်ထားတာပါလားလို့ တွေးစရာရှိလာနိုင်ပါတယ်။ ဒီလို Online linking တွေကြောင့် လူမှုရေး ပြဿနာတွေလည်း နက်နက်ရှိုင်းရှိုင်း ဖြစ်ပေါ်လာကြပါတယ်။ သူငယ်ချင်းစာရင်းဟာ ရှည်လျားလာသလို ပြဿနာရပ်တွေကလည်း ပေါ်လာပါတော့တယ်။ ဒီလိုကိစ္စတွေနဲ့ပဲ လူငယ်တွေ လုံးလည်ချာလည်လိုက်ပြီး လည်ပတ်နေကြတော့မယ်ဆိုရင်ဖြင့် နည်းပညာတိုးတက်မှုဆိုတာ ရေရှည်တည်မြဲလာနိုင်ပါ့မလား။ တစ်နေ့ တစ်နေ့ ဒီလို facebook မှာပဲ ဘယ်သူက ဘာပုံတင်နေသလဲ။ ဘယ်သူကတော့ ဘယ်သတင်းတွေ ပို့ထားသလဲဆိုတဲ့ အတွေးတွေနဲ့ ဒီဝန်းကျင်မှာ မနေကြတော့ပဲ ဝန်းကျင်အပြင်မှာရှိတဲ့ နေရာများကို ကျယ်ကျယ်ပြန့်ပြန့် ထွက်ကြည့်ကြဖို့ အချိန်တန်ပြီလို့ ပြောလိုက်ပါရစေတော့ရှင်။

မနောဖြူလေး
၁၇.၁၀.၁၂

No comments:

Post a Comment