Friday, December 31, 2021

အောင်မြင်သော စကားပြောကောင်းသူတစ်ဦးဖြစ်စေရန်

 Cartoon people public speaker en tribune talk set | Vector Premium

လူရယ်လို့ ဖြစ်လာတာနဲ့အမျှ လူမှုဝန်းကျင်တွင် အများနှင့် ဆက်သွယ်ကျင်လည်ရမည်မှာ အမှန်ပင် ဖြစ်ပါတယ်။ လူအများနဲ့ စကားပြောဆိုရာတွင် လူအများနှစ်သက်သည့် စကား၊ နားဝင်ချိုသော စကားအများ လက်ခံ နိုင်သော စကားနှင့် လက်မခံနိုင်သော စကားများလည်း ရှိတတ်ကြပါတယ်။ ယခုတင်ပြချင် တာကတော့ လူမှုပရိသတ်အလယ်မှာ ရဲရဲဝံ့ဝံ့နဲ့ အောင်မြင်စွာ ရပ်တည်နိုင်ဖို့ မိမိပြောချင်သော စကားများကို လူများစိတ်ဝင်စားဖို့နဲ့ ဂရုတစိုက်နားထောင်စေရန် အတွက် တွေ့ကြုံရသမျှ ပြောပြရခြင်းသာ ဖြစ်ပါတယ်။ 


ကျွန်မတို့အားလုံးသည် မွေးလာကတည်းက စကားပြောကောင်းသော သူများ မဟုတ်ကြပါဘူး။ ဒီလိုဖြစ်လာအောင် လေ့လာလေ့ကျင့်ယူကြရမှာ ဖြစ်ပါတယ်။ ကျွန်မရဲ့ အတွေ့အကြုံလေးတွေ ပြောပြချင် ပါတယ်။ ကျွန်မ အရင်တုန်းက လူအများအလယ်မှာ စကားပြောဖို့ နှုတ်ဆွံ့အ ပြီး မဝံ့မရဲဖြစ်တဲ့သူ တစ်ယောက် ဖြစ်ခဲ့ပါတယ်။ ကွန်ပျူတာဘွဲ့လွန်ဒီပလိုမာတက်ပြီးနောက် ပရောဂျက် နှစ်ခု လုပ်ဆောင်ရပါတယ်။ တစ်ခုက ICT Development ဖွံ့ဖြိုးတိုးတက်မှုနှင့် နောက်တစ်ခုက Software Project လုပ်ရပါတယ်။ ပရောဂျက်လုပ်ဆောင်ဖို့ကို အဖွဲ့ဝင်ငါးဦးနဲ့ ဖွဲ့စည်းဖို့ ကျောင်းက သတ်မှတ်ချက်ချပေးပါတယ်။ ပရောဂျက် လုပ်ဆောင်တဲ့အခါမှာ အဖွဲ့အစည်းနဲ့နေဖို့ ကျင့်သားရလာသလို တစ်ဦးနှင့် တစ်ဦးစိတ်ဓာတ်အရကော နေထိုင်မှုပုံစံတွေပါ ညှိယူရတဲ့ အနေအထားတွေပါ ရှိလာခဲ့တယ်။ ဒီတော့ ကျွန်မ ပြောချင်တာက နောက်ဆုံး အဆင့်အနေနဲ့ Presentation လေးခါ ပြုလုပ်ခဲ့ရပါတယ်။ ပထမတစ်ခါက အစမ်းလေ့ကျင့်မှုနဲ့အတူ ဆရာတွေ အများကြီးအလယ်မှာ ကိုယ်ရေးသားထားတဲ့ Development Plan ကို ရှင်းလင်းပြောကြားရခြင်း ဖြစ်ပါတယ်။ ကျွန်မတို့တာဝန်ခွဲထားတဲ့အတိုင်း ကိုယ့်အပိုင်းနဲ့ ကိုယ် ပြောကြားပြီး အပြန်အလှန်မေးခွန်းတွေ ဖြေကြားရပါတယ်။

 နောက်ကျောင်းသားကျောင်းသူအများနဲ့ ဆရာ၊ ဆရာမတွေအလယ်မှာ ဖွံ့ဖြိုးတိုးတက်လာတဲ့ ကိုယ့်ရဲ့ လုပ်ငန်းကို ချပြရတဲ့အခါ စင်ပေါ်တက်လိုက်တဲ့အချိန်မှာ စင်အောက်မှာရှိတဲ့ လူထုပရိသတ်ကို ကြည့်ပြီး ကျွန်မ နည်းနည်းတွန့်သွားမိပါတယ်။ ငါပြောတာ အမှားပါသွားရင် သူတို့တွေ ဘာပြောမလဲဆိုတဲ့ အတွေးဝင်သွားမိ ပါတယ်။ ဒါနဲ့ ကိုယ့်အလှည့်ရောက်ပြောရမယ့်အပိုင်းကို အသံတုန်တုန်နဲ့ စပြီး ရှင်းပြရင်း စာထဲ စိတ်ရောက်သွား တဲ့အခါ စင်အောက်မှာ ရှိနေတဲ့ လူထုကိုလည်း မမြင်တော့ပဲ ရှင်းပြတာလည်း ဘယ်လိုပြီးလို့ ပြီးသွားမှန်းတောင် မသိလိုက်တော့ဘူး။ အဲဒီရဲ့ အတွေ့အကြုံတွေနဲ့ Presentation လေးခါစလုံး အောင်မြင်ချောမွေ့စွာ ပြီးဆုံးခဲ့ပါတယ်။ ဒီတော့ အများရဲ့ အလယ်မှာ ရဲဝံ့စွာ ရပ်တည်ပြီး အားလုံးရဲ့ ဂရုတစိုက် စိတ်ဝင်စားခြင်းကို ခံစားရရှိစေရန် Presentation တစ်ခုမှာ ဘာတွေလိုအပ်မလဲ၊ ဘာတွေ ပြင်ဆင်ရမလဲ ဆိုတာကို ဆက်လက်ပြောချင်ပါတယ်။
          ကုမ္ပဏီတွေမှာ ကိုယ့်ရဲ့ ထုတ်ကုန်တွေ ပြုလုပ်ပြသတော့မယ်ဆိုရင် စကားပြောကောင်းစေရန်အတွက် Presentation တစ်ခုမှာ တင်ဆက်သူသည် အကြောင်းအရာကို စိတ်ပါဝင်စားမှု ပြင်းထန်ရပါမယ်။ နောက် ရိုးရှင်းလွယ်ကူတဲ့ အသုံးအနှုန်းတွေနဲ့ ပြတ်သားစွာ တင်ပြနိုင်ရပါမယ်။ သရုပ်ပြတွေနဲ့ တင်ဆက်ပြသနိုင်ရမယ်။
Key Components of a Presentation
-       သရုပ်ပြနိုင်ရမယ်။
-       အကျိုးအကြောင်း ခိုင်လုံစွာဖြင့် တင်ပြနိုင်ရမယ်။
-       အချိန်ကိုက် ရှင်းပြနိုင်ရမယ်။
-       သူတစ်ပါး နားလည်အောင် ရှင်းလင်းစွာ ပြောဆိုနိုင်ရမယ်။
-       ပရိသတ်နှင့် ပြောမယ့်အကြောင်းအရာကို နားလည်ပြီး ဖြစ်ရမယ်။
-       စ၊ လယ်၊ ဆုံး ညီညွတ်စွာဖြင့် ရှင်းရှင်းလင်းလင်း တင်ပြနိုင်ရမယ်။

အရင်ဆုံး ကြိုတင်ပြင်ဆင်ခြင်းများ ပြုလုပ်ထားရမယ်။ အချက်အလက်တွေ ကြိုတင်စုဆောင်း ထားပြီး ပြောမယ့် အကြောင်းအရာကိုလည်း ကြိုတင်စဉ်းစားထားရပါမယ်။ ကြိုတင်ပြင်ဆင်ရာမှာ အရေးကြီးတဲ့ အချက်တွေက ပြောချင်တဲ့ရည်ရွယ်ချက်၊ ပရိသတ်၊ တည်နေရာ စတဲ့နေရာကိုလည်း ကြိုတင်ပြင်ဆင်ရမှာ ဖြစ်ပါတယ်။ ပြောချင်သောရည်ရွယ်ချက်ဆိုတာက ကိုယ်က ဘာကိုပြောချင်တာလဲ၊ သတင်းပေးခြင်း၊ အကြောင်းကြားခြင်း၊ ဆွဲဆောင်ခြင်း၊ ရှင်းလင်းပြသခြင်းနှင့် ဖျော်ဖြေခြင်းလားဆိုတာကို အရင်ဆုံး ခွဲခြားထားဖို့ လိုပါတယ်။ နောက်ပရိသတ်ကိုလည်း စဉ်းစားကြည့်ရအောင်။ ဘယ်လိုလူမျိုးလဲ၊ ဘာကြောင့် လာနားထောင် ရသလဲ၊ လူဦးရေ၊ ပညာအရည်အချင်း၊ အသက်အရွယ်၊ နောက်ခံအခြေအနေ၊ ဘယ်လောက်သိထားပြီးသားလဲ၊ ဘယ်လိုသဘောထားမျိုးရှိကြလဲဆိုတာကို ကြိုတင်စဉ်းစားထားသင့်တဲ့ အပိုင်းတစ်ခုပါပဲ။ အရေးကြီးတဲ့ တည်နေရာကတော့ နေရာ၊ အကျယ်အဝန်း၊ ပုံစံတွေအပြင် ထိုင်ခုံအခင်းအကျင်း နေရာ ဘယ်လိုချထားမလဲ။ အခန်းရဲ့ အလင်းအမှောင်၊ သဘာဝ လျှပ်စစ်မီး လိုအပ်ချက်တွေလည်း ဖြည်းဆည်းထားဖို့ လိုအပ်ပါတယ်။
     အဓိကကတော့ လူများ စိတ်ဝင်စားတဲ့ ခေါင်းစဉ်ရွေးချယ်နည်းပဲ ဖြစ်ပါတယ်။
-       ဆွဲဆောင်မှုရှိအောင် ပြောရန်
-       စိတ်ဝင်စားဖွယ်ကောင်းသော ခေါင်းစဉ်ရွေးချယ်ရန်
-       ပရိသတ်ကို ရှင်းလင်းစွာ ပြောပြထားရန်
-       ချက်ချင်းသဘောပေါက်သွားအောင်၊ နားလည်သွားအောင် ပြောနိုင်ပါစေ
-       ခေါင်းစဉ်ကွဲများဖြင့် ရှင်းလင်းပါစေ
စတဲ့ အချက်တွေနဲ့ ကိုက်ညီတဲ့ ခေါင်းစဉ်ကောင်းများကို ရွေးချယ်တတ်ပါစေ။
          ပြောမည့်အကြောင်းအရာတွေ အစီအစဉ်တစ်ကျ ရှိရန် အရေးကြီးလှပါတယ်။ အကျိုးအကြောင်း အကျိုးဆက် ခိုင်လုံစွာဖြင့် တင်ပြပါ။ လိုအပ်ပါက စာလုံး၊ ဓာတ်ပုံ၊ သရုပ်ပြပုံများ ဝေဝေဆာဆာ သုံးသင့်ပါတယ်။ Bullet Points များတပ်ခြင်း၊ Diagrams ထည့်သွင်းခြင်း၊ Pictures များနှင့် Animations များကိုလည်း သူ့နေရာနဲ့သူ အံဝင်ခွင်ကျဖြစ်အောင် သုံးတတ်ဖို့ လိုပါတယ်။ စာသားများကိုလည်း ထင်သာမြင်သာရှိပါစေ။ ခေါင်းစဉ်အရွယ်အစားကိုလည်း 32 Points လောက်ထားပြီး ဒုတိယခေါင်းစဉ်ကို 26 Points ထက် မသေးအောင် ပြုမူသင့်ပါတယ်။ ရှုပ်ထွေးသော စာလုံးများ မသုံးဘဲ ရိုးရှင်းသော စာလုံးများသာ သုံးသင့်ပါတယ်။
          ပြောချင်သော အကြောင်းအရာများကို အချက်နည်းနည်းနှင့် ရှင်းရှင်းလင်းလင်း သုံးသင့်ပါတယ်။ ဝါကျတွေကိုလည်း အပြည့်အစုံရေးဖို့ မလိုအပ်ပါဘူး။ ပထမဆုံး အရေးကြီးတာကတော့ First impression ပါပဲ။ ကြောက်ရွံ့မှုကို လျှော့ချထားရပါမယ်။ စတင်မပြောခင်မှာ မိမိကိုယ်ကို ယုံကြည်မှု တည်ဆောက်ထားရမယ်။ အသက်ကို ပုံမှန်ရှူပါ။ စိတ်လည်း ငြိမ်သက်မှုရှိပါစေ။ ကိုယ်ပြောချင်သော အကြောင်းအရာများ မပြောခင် ပရိသတ်အလယ်ရောက်ပြီ ဆိုတာနဲ့ မျက်နှာ အမူအယာ ကို ပြုံးရွှင်စွာထားထားပါ။ 
ပရိသတ်အားလုံးကို စင်ပေါ် ရောက်တာနဲ့ ဝေ့ပြီး မျက်လုံးချင်းဆက်သွယ်မှုယူပြီး လိုအပ်ပါက ကိုယ်ဟန်အမူအယာနဲ့ပါ လုပ်ဆောင်ရပါမယ်။ အသံဖြင့်လည်း လူထုပရိသတ်ကို ဆွဲဆောင်မှုရှိရပါမယ်။ လူတိုင်းကို မျက်လုံးချင်းဆုံပြီး ကြည့်ရန် ကြိုးစားပါ။ တစ်ခါတလေ သင်လည်း မြင်ဖူးချင် မြင်ဖူးကောင်း မြင်ဖူးမှာပါ။ စကားသံသာ ကြားပြီး ဟောပြောသည့်လူကို ပရိသတ်က သဲသဲကွဲကွဲ မမြင်ရတာတွေ ဖြစ်တတ်ပါတယ်။ ဒါကြောင့် သတိပေးချင်တာက ခုံနောက်မှာပဲ ပုန်းကွယ်မနေပါနှင့်။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုအပြည့်ဖြင့် ရဲရဲဝံ့ဝံ့ ပြောဆိုဆွေးနေါးနိုင်သူဖြစ်ပါစေ။ ပရိသတ်ရှေ့ရောက်ပြီဆိုတာနဲ့ ကြောင်အစွာ ရပ်မနေပဲ ပြောရမည့်အကြောင်းအရာများကို အလွတ်မှတ်မိပါစေ။ ပြောချင်သည့်အကြောင်းအရာများကိုလည်း ရိုးရိုးရှင်းရှင်း၊ လွယ်လွယ်ကူကူပဲ ပြောပါ။ တစ်ဆက်တည်း ကျေးဇူးတင်စကားပြောပါ။ပရိသတ်ကို နှုတ်ဆက်စကား ပြောပါ။ ပြောမည့် ခေါင်းစဉ်ကိုလည်း ပြောပြပါ။ ကြာချိန်ကို ကြိုတင်ပြောထားပါ။ လက်ကမ်းစာစောင်များ ဝေပေးပါ။ နားထောင်ခြင်းဖြင့် ဘာရမည်ဆိုသည် ကိုလည်း ကြိုတင်ပြောကြားပါ။
          ဟောပြောပွဲစတင်သည်နှင့် ခေါင်းစဉ်၊ ရည်ရွယ်ချက်၊ ဟာသ၊ မေးခွန်းစသည်ဖြင့် စတင်ပြောကြားပြီး စီစဉ်တကျ စနစ်တကျ တင်ပြရန် လိုအပ်ပါတယ်။ နောက် ပြောချင်သော အဓိကအချက်များကို သေချာပြန်လည်ရှင်းပြရန် လိုအပ်ပါတယ်။ အာရုံစိုက်စေချင်သော အကြောင်းအရာတွေကိုလည်း ထပ်ကာ ထပ်ကာ ပြန်ပြောပါ။ နိဂုံးချုပ်ရင်လည်း အချက်အလက် ခိုင်ခိုင်လုံလုံဖြင့် ဒါမှမဟုတ် အဆို အမိန့်များဖြင့်လည်း အဆုံးသတ်နိုင်ပါတယ်။ ဒီလိုပြီးတာနဲ့ တစ်ဆက်တည်း မေးခွန်းများ မေးနိုင်အောင် ပရိသတ်ကို သေချာကြည့်၍ အမေးအဖြေကို စတင်ပါ။ မေးသောသူများရဲ့ မေးခွန်းကို သေချာနားထောင်ပါ။ ဖြေကြားတဲ့အခါမှာလည်း မျက်လုံးကို ကြည့်၍ သေချာဖြေဆိုပါ။ မေးခွန်းများကို နားလည်ကြောင်း အမူအယာဖြင့်လည်း ပြသနိုင်ပါတယ်။
          ပရိသတ်ရဲ့ မေးခွန်းများကို ဖြေဆိုတဲ့အခါ ယုံကြည်မှု အပြည့်ရှိပါ။ စိတ်ရှည်သည်းခံပါ။ အားလုံးကို ကောင်းကောင်းဆက်ဆံပါ။ မဖြေနိုင်လည်း ရိုးသားစွာ မသိရင် မသိကြောင်း ဝန်ခံပြီး ဖြေဆိုရန် ငြင်းဆိုနိုင်ပါတယ်။ ကိုယ်ပြောမည့် အကြောင်းအရာများကို စ လယ် ဆုံး အစစအရာရာ ပြင်ဆင်ထားမည် ဆိုပါက သင်သည် လူအများရဲ့အလယ်မှာ အောင်မြင်သော စကားပြောကောင်းသူ တစ်ဦး ဖြစ်လာမည်မှာ မုချဧကန်ပင် ဖြစ်ပါတော့တယ်။

မြန်မာအိုင်စီတီဂျာနယ်တွေ ဖော်ပြပါရှိပြီး ဖြစ်ပါသည်။

No comments:

Post a Comment