ကျွန်မတို့
မြန်မာနိုင်ငံဟာ ဗုဒ္ဓဘာသာကို အဓိက ကိုးကွယ်တဲ့
နိုင်ငံတစ်ခုဖြစ်သောကြောင့် နိုင်ငံသူနိုင်ငံသား အများစုဟာလည်း
ဗုဒ္ဓဘာသာဝင်တွေ ဖြစ်ကြပါတယ်။အဲဒီလို ဗုဒ္ဓဘာသာဝင်တွေထဲမှာ
မိရိုးဖလာ ဗုဒ္ဓဘာသာနဲ့ မိမိကိုယ်တိုင်က မြတ်စွာဘုရားကို ကြည်ညိုပြီး
မြတ်စွာဘုရားရဲ့ တရားတော်နဲ့ အဆုံးအမကို ရိုသေ လေးစားစွာ လိုက်နာနိုင်တဲ့
ဗုဒ္ဓဘာသာဝင်ဆိုပြီး ကျွန်မကတော့ အမျိုးအစား(၂)မျိုး ခွဲခြားကြည့် ပါတယ်။
လူမှုအသိုင်းအဝန်းတစ်ခုမှာ ဂုဏ်ယူမြတ်နိုးဖွယ်ရာ ယဉ်ကျေးမှုဓလေ့တွေ အများကြီး ရှိကြပါတယ်။ အသက် ဂုဏ်ဝါ သိက္ခာကြီးသူတွေကို ရိုသေ လေးစားတတ်ဖို့၊ လူတစ်ဖက်သားကို ကူညီတတ်ဖို့၊ စည်းလုံး ညီညွတ်ကြ ဖို့ စတာတွေကို လူသားတွေက မျိုးရိုးစဉ်ဆက်အလိုက် ယဉ်ကျေးမှုကနေ လက်ဆင့်ကမ်းခဲ့ကြတာ ဖြစ်ပါတယ်။ ကျွန်မတို့ မြန်မာလူမျိုးတွေရဲ့ ချစ်စရာ့ဓလေ့စရိုက်လေးတွေနှင့် မြတ်နိုးဖွယ်ရာ ယဉ်ကျေးမှုတွေ ကို နောင်လာ နောင်သား လူငယ်များကို လက်ဆင့်ကမ်း ပေးကြရမှာ မိဘဘိုးဘွားတွေနှင့် ဆရာသမား များမှာလည်း တာဝန်ရှိပါတယ်။ ကျွန်မတို့ငယ်ငယ်တုန်းကဆို ကိုယ့်မိဘ အဘိုးအဘွားမှ မဟုတ်ပါဘူး။ ပတ်ဝန်းကျင်က သက်ကြီးဝါကြီးများကလည်း အမြင်မတော်တာရှိရင် သွန်သင်ဆုံးမလေ့ရှိပါတယ်။ ဒါကိုလည်း ကျွန်မတို့လို့ ကလေးတွေက လိုက်နာပြင်ဆင်ပြောင်းလဲကြပါတယ်။
ယနေ့ခေတ် လူငယ်အများစုဟာ မိရိုးဖလာဗုဒ္ဓဘာသာကိုပဲ
ကိုးကွယ်နေကြတာတွေ့ရပါတယ်။ ယနေ့ခေတ်လူငယ်တွေဟာ ဗုဒ္ဓဘာသာကို
ကိုးကွယ်တဲ့နေရာမှာ ဘုရား၊ တရား၊ သံဃာကို ကြည်ညို တာထက် မိဘကဗုဒ္ဓဘာသာ
ဖြစ်တဲ့အတွက်ကြောင့် မိမိလည်းဗုဒ္ဓဘာသာဝင်တစ်ယောက်အဖြစ်
ခံယူကြတာတွေ့ရပါတယ်။ဗုဒ္ဓရဲ့တရားတော်တွေထဲမှာ မြတ်စွာဘုရားဟောကြားတဲ့ ၃၈ဖြာ
မင်္ဂလာ တရားတော်မှာပါတဲ့ အချက်အလက်တွေကိုလေ့လဲ
မလေ့လာခဲ့ပါဘူး၊လိုက်နာကျင့်သုံးဖို့ ကျတော့ မလေ့လာခဲ့တဲ့ အတွက်
လိုက်နာကျင့်သုံးဖို့ ဆိုတာကျတော့ စိတ်မဝင်စားခဲ့ပါဘူး၊ စိတ်ဝင်စားအောင်
ဆရာတော်တွေ သံဃာတော်တွေက ပုံပြတရားတော်တွေနဲ့ ဟောပြောဆုံးမတာကြတော့လည်း
ဘုန်းကြီးတရားနာရမှာကို ကြောက်လို့ ရှောင်ကျဉ်ကြပြန်ကော။ အဲဒီတော့
ဗုဒ္ဓဘာသာဝင် တစ် ယောက်အနေနဲ့ မိမိဘာသာရဲ့ အဆုံးအမကို ဟောပြောညွှန်ပြပေးတဲ့
ဆရာတော်တွေ လူပုဂ္ဂိုလ်တွေ သာသနာတော်ပိုင် ဆရာတော်ကြီးတွေရဲ့ အဆုံးအမကို
နားမထောင်ချင် မနာကြားချင်မှတော့ ရိုင်းစိုင်းဆိုးသွမ်းလာကြတာ မဆန်းပါဘူး။
မိဘတွေအနေနဲ့လည်း မိမိတို့ သားသမီးကို ငယ်ရွယ်စဉ်အချိန်ထဲက
မိမိတို့ဗုဒ္ဓဘာသာရဲ့ ထုံးတမ်းစဉ်လာ ဓလေ့စရိုက်တို့ကိုလည်း
သားသမီးနားထဲမှာစွဲနေအောင် သွန်သင်ပြသပေးဖို့လည်း သတိထားရမှာပါ။
ယခင် ရှေးလူကြီးတွေဆို သံဃာတော်တွေကို တွေ့ရင် ရှိခိုးရုံနဲ့ မပြီးပါဘူး။
သံဃာတော်တွေကြွလာရင် ကိုယ်က သံဃာတော်တွေရဲ့ အရိပ်ကိုနင်းမိမှာကြောက်လို့
ရပ်ပေးပြီး သံဃာတော် ကျော်သွားမှ ဆက်လျှောက်သွားကြ တာပါ။ ယနေ့ခေတ်
လူငယ်တွေကတော့ သံဃာတော်နဲ့ လမ်းမှာဆုံရင် ရှိခိုးဖို့နေနေသာသာ
ဝင်မတိုက်တာပဲ သူတို့ကို ကျေးဇူးတင်ရဦးမှာပါ။ ဘက်စ်ကားစီးရင်လည်း
သံဃာတော်တွေတက်လာပြီဆို စပယ်ယာက သံဃာတော်ခုံလေးတွေ ထပေးကြပါဆို တချို့ကတော့
မသိချင်ယောင်ဆောင်ပြီး ဆက်ထိုင်နေကြပါတယ်။ ကျွန်မ စိတ်ထဲမှာတော့ ဒီကလေးဟာ
ဗုဒ္ဓဘာသာမဟုတ်လို့လား ဗုဒ္ဓဘာသာဖြစ်ပြီး သံဃာဆိုတာ
ကိုးကွယ် ဆည်းကပ်ရမှန်း မသိတာလား လားပေါင်းများစွာနဲ့ တစ်ယောက်ထဲ
မေးဖြစ်နေခဲ့ပါတယ်။ တခြား ဘာသာဝင်တွေဆို ဥပမာ အစ္စလာမ်ဘာသာဝင်တစ်ယောက်ဆို
သူ့ဘာသာရဲ့ အဆုံးအမကို အတတ်နိုင်ဆုံးခံယူ
ကျင့်သုံးပါတယ်။ သူတို့ဘာသာဝင်တွေရဲ့ ဗလီဆရာကိုလည်း ရိုကျိုးပြီး ဗလီဆရာရဲ့
အဆုံးအမကိုလည်း ခံယူကြပါတယ်။ အဲဒီလိုပဲ ခရစ်ယာန် ဘာသာဝင်တစ်ယောက်ဟာလည်း
သူတို့ခရစ်ယာန် ဘုန်းတော်ကြီး (တရားဟော ဓမ္မဆရာ)ရဲ့ အဆုံးအမကို ခံယူလိုက်နာကြပါတယ်။ ဒါက ဘာသာတိုင်းမှာရှိကြတဲ့ ပူဇော်ထိုက်သူကို ပူဇော်ကြတာပါ။
ဒါဟာ ခေတ်ရေစီးကြောင်းအရ လူကြီးတွေမှာလည်း အဓိကအပြစ်ရှိတယ်ဆိုရမယ်။ ကလေးတွေကို အချိန်မပေးနိုင်ကြတဲ့ မိဘများ ပိုမိုများပြားလာသလို ငယ်ငယ်ထဲက ကလေးထိန်းနဲ့ ထားပြီး ဝမ်းစာရှာဖွေရတဲ့ အချိန်က ပိုများလာတာလည်း ပါမယ်ထင်ပါတယ်။ စာပေနှင့်ထိတွေ့အောင် လည်း မလုပ်ဆောင်ကြတာလည်း များလာတယ်။ လူကြီးတွေကိုယ်တိုင်တောင် စာပေနဲ့ ဝေးနေကြတာ သိသာထင်ရှားလာပါတယ်။ ဒီကြားထဲ လူငယ်တွေအတွက် အချိန်တွေ ဖြုန်းစရာ ပိုမို များလာပြန်ပါတယ်။ ပတ်ဝန်းကျင်ကနေ တစ်ဆင့် သရုပ်ပျက်ယဉ်ကျေးမှုတွေကို သင်ပေးသလို မဖြစ်အောင် လူကြီးတွေကို ပိုပြီး ကြပ်မတ်ဂရုစိုက်သင့်တယ်လို့ ကျွန်မ မြင်မိပါတယ်။
နောက်တစ်ချက်ဖြစ်တဲ့ ဗုဒ္ဓမြတ်စွာဘုရားကို မိမိရဲ့ပင်ကိုစိတ်နဲ့
ရိုသေစွာကြည်ညိုပြီး ဗုဒ္ဓရဲ့အဆုံးအမကို မမေ့မလျော့တဲ့
ဗုဒ္ဓဘာသာပါ။ အဲဒီလို ဗုဒ္ဓဘာသာဝင်တွေကျတော့
သူတို့ရဲ့ကျင့်ကြံအားထုတ်မှု၊ ပြောဆို ဆက်ဆံပုံ အမူအယာကအစ ဗုဒ္ဓမြတ်စွာဘုရားရဲ့ အဆုံးအမအတိုင်း ဘုရားရဲ့သားတော် သံဃာတော်တွေရဲ့ အဆုံးအမအတိုင်း
ပြောဆိုဆက်ဆံ နေထိုင်ကြပါတယ်။ ငါးပါးသီလ ကိုမိမိအသက်ကဲ့သို့ တန်ဖိုးထားပြီး
မကျိုးမပေါက်အောင်လည်း သတိထားပါတယ်။ယနေ့ခေတ်မှာ လူတွေဟာ
အရှက်အကြောက်တရား မရှိကြတော့ပဲ အကျင့်စာရိတ္တပျက်ပြားလာကြတာ
တွေ့မြင်ရပါတယ်။ ကိုယ်ချင်းစာတရားဆိုတာလည်း အလွန်နည်းပါးလာကြပြီး
ငါ့တစ်ဘို့ထဲအတွက် ကြည့်လာကြတာကို တွေ့မြင်ကြရမှာပါ။ကျွန်မတို့
အရွယ်ငယ်တုန်း ကဆိုရင် လူကြီးမိဘတွေ ကိုယ့်ထက် အသက်အရွယ်ကြီးသူတွေရဲ့
ရှေ့မှာဖြတ်လျှောက်ရင် ခါးကိုကိုင်း ခေါင်းကိုငုံ့ပြီး
ဖြတ်လျှောက်ကြရပါတယ်။ ဒီနေ့ခေတ်လူငယ်တွေမှာတော့ အဲဒီလို အမူအကျင့်မျိုး
မတွေ့ကြရတော့ပါဘူး။
သူတို့အနေနဲ့ အဲဒီလို လုပ်တာဟာ ရှက်စရာကောင်းတဲ့ လုပ်ရပ်၊ လူငယ်အချင်းချင်း ဟားတိုက်စရာ လုပ်ရပ်လို့ ထင်မြင်နေကြတာဟာ ဝမ်းနည်းစရာကောင်းလှပါတယ်။ လူကြီးတွေကို ကလန်ကဆန်လုပ်နိုင် တဲ့သူဟာ အပေါင်းအသင်းတွေကြားမှာ ဟီးရိုး(hero)တစ်ယောက်လို ဖြစ်နေပါတယ်။ ဒါဟာ လွဲမှားတဲ့ အယူအဆတွေပါ။ ဒီလို အယူအဆတွေ လူငယ်တွေကြားက ပပျောက်အောင် ဗုဒ္ဓဘာသာဝင် ကျွန်မတို့တွေ အနေနဲ့ လူငယ်တွေလိုက်နာချင်လာအောင် စည်းရုံးလှုံဆော်ခြင်း၊ ဗုဒ္ဓဘာသာ ယဉ်ကျေးမှု သင်တန်းများ တက်ခိုင်းခြင်း၊ တရားပတ်ဝင်ခိုင်းခြင်း စသည်တို့မှာ လူငယ်တွေ လုပ်ချင်စိတ်ရှိ လာအောင် တိုက်တွန်း နှိုးဆော်တဲ့ တာဝန်ရှိတယ်လို့ ခံယူရင်း လူငယ်များ ယဉ်ကျေးမှုနဲ့ မဝေးကွာအောင် လူကြီးတွေ အနေဖြင့် သွန်သင်ဆုံးမ လမ်းညွှန်ပေးကြဖို့ ပြောကြားလိုက်ရပါတော့တယ်။
မနောဖြူလေး
No comments:
Post a Comment