Thursday, October 22, 2020

ခေါင်းဆောင်ကောင်းထက် နောက်လိုက်ကောင်းဖြစ်ဖို့လို…

ခေါင်းဆောင်ကောင်းထက် နောက်လိုက်ကောင်းဖြစ်ဖို့လို…

 ခေါင်းဆောင်တဲ့။ ဘယ်လိုအရာတွေကိုခေါင်းဆောင်လို့ ခေါ်တာလဲ။ ဘယ်လိုလူမျိုးတွေကိုသတ်မှတ်တာလဲ။ ကိုယ်က ခေါင်းဆောင်လား ဒါမှမဟုတ် ကိုယ့်မှာခေါင်းဆောင်ရှိရဲ့လား စဉ်းစားကြည့်မိပါသည်။ ဒီအတိုင်း ခေါင်းဆောင် ဆိုတဲ့ နာမည်ခံနေရုံနဲ့တော့ ခေါင်းဆောင် ဒါမှမဟုတ် ဦးဆောင်သူလို့ ခေါ်ထိုက်သလားစဉ်းစားဖို့ လိုလာပါပြီ။ ဘယ်နေရာမဆိုသူ့နေရာနဲ့သူတော့ ဦးဆောင်သူဆိုတာရှိစမြဲပါပဲ။ အိမ်မှာလည်းအိမ်အလျောက် ရုံးမှာ ဒါ့အပြင် အသင်းအဖွဲ့တွေမှာကော Leader လို့ ခေါ်တဲ့ ဦးဆောင်သူတွေ တွေ့ရှိရမှာပါ။ ခေါင်းဆောင် အကြီးအမှူးဆိုတာနာမည်ကြားလိုက်ရုံနဲ့ ခွန်အားပြည့်သွားသလို၊ အားမာန်တက်သွားသလို၊ လုံခြုံသွားသလို ခံစားမှုမျိုးဖြစ်ပေါ်စေပါသည်။ ဥပမာ ကျွန်မတို့ရဲ့ဖခင်ကြီးလူတိုင်း နိုင်ငံတိုင်းကကမ္ဘာကပါ အသိအမှတ် ပြုထားတဲ့ ဗိုလ်ချုပ်အောင်ဆန်းသည်လည်း Leader ကောင်းတစ်ဦးပါလို့ ပြောရင် သင် ငြင်းနိုင်ဦးမှာလား။ နောက် မမေ့နိုင်သည့် ပုဂ္ဂိုလ်တစ်ဦးသည်လည်း ရှိပါသေးသည်။ ဘုရင့်နောင်ဖောင်ဖျက်သည် ဆိုတဲ့ စကား ခုချိန်တိုင် သုံးစွဲနေကြသေးသည်ကို တွေ့ရှိနေရသေးသည်။ နောင်ရိုးတိုက်ပွဲ ဘာကြောင့် အောင်မြင်ခဲ့သလဲ ခေါင်းဆောင်ကောင်း၏ စစ်မှန်သောဆုံးဖြတ်ချက်ဟုပြောလျှင် လွန်အံ့မထင်ပေ။

ခေါင်းဆောင်ဆိုတဲ့ ကိုယ့်ရဲ့ အကြီးအမှူးဆိုသူကိုကိုယ်တွေ့၊ ကိုယ်တိုင် ရွေးချယ်ပြီးအကောင်းဆုံးကိုမှ ရွေးချယ် တင်မြှောက်ထားကြတာမို့ သူရဲ့နှုတ်ထွက်စကားတိုင်းဟာကိုယ်တွေအတွက်တော့ ကျိန်ပြောတာထက် ခိုင်မာတဲ့ စကားမျိုးလို့ ယူဆကြပါသည်။ ခေါင်းဆောင်ဆိုတဲ့နေရာမှာလည်းအနေအစားချောင်လို့ ခေါင်းဆောင် နေရာ ယူထားပြီး ကိုယ့်အတွက်ပဲကိုယ် ကြည့်နေသူကိုခေါင်းဆောင်ကောင်းတစ်ဦးလို့ သတ်မှတ်ထားသင့်ရဲ့ လား။ ဒါမှမဟုတ် ခေါင်းဆောင်ဆိုသူကသူ့ဘာသာ ပြန်စဉ်းစားရမယ့်အချက်က ငါဟာ ခေါင်းဆောင်ပီသရဲ့လား ဆိုတာပါပဲ။

ခေါင်းဆောင်ကောင်းရင် ကောင်းသလို၊ မကောင်းရင် မကောင်းသလိုသူ့ရဲ့နောက်ပါ အောက်လက် ငယ်သားတွေကိုအနည်းနဲ့အများတော့ အကျိုး(ကောင်းကျိုး-ဆိုးကျိုး) သက်ရောက်မှုရှိတတ် ပေသည်။ အကယ်၍ သင်က ခေါင်းဆောင်နေသည်ဟု ယူဆသော်လည်း မည်သူတစ်ဦးတစ်ယောက်မှ သင့်နောက်က လိုက်ပါ မလာကြသည့်အခါ သင်သည် လမ်းလျှောက်ထွက်နေခြင်းသာလျှင် ဖြစ်သည်ဟု ခေါင်းဆောင်မှုနှင့် သက်ဆိုင်သောစကားပုံတစ်ခုကိုလေ့လာဖတ်ရှုမိပါသည်။ ခေါင်းဆောင်ဖြစ်သူသည် စိတ်ကူး စိတ်သန်းများနှင့် အသိပညာအတတ်ပညာတို့ကို မျှဝေခံစားခြင်းဖြင့် အခြားသူများအားစိတ်အားထက်သန်မှုနှင့် အရေးတကြီး ဆောင်ရွက်ရမည့် အနေအထားကို ဖြန့်ဝေပေးနိုင်ရပါမည်။ ခေါင်းဆောင်ကောင်းသည် မှန်ကန်သောဘက်မှ အမြဲရပ်တည်နိုင်ရပါမည်။ သမာသမတ်ကျသောလုပ်ဆောင်ချက်များဖြင့် ကိုယ့်ရဲ့ လက်အောက်ငယ်သားများ ကို ကျောသားရင်သားမခွဲခြားပဲတစ်ဖြောင့်တည်းဆက်ဆံတတ်ရပါမည်။

ခေါင်းဆောင်ကောင်းတစ်ယောက်သည် သူ ကြားချင်သည့် စကားများကိုသာမဟုတ်ဘဲသူ ကြားရန် လိုအပ်သည့် စကားများကိုလည်းပြောပြကြရန် ၎င်း၏ နောက်လိုက်များအား တိုက်တွန်း အားပေးလေ့ ရှိပါသည်။ ခေါင်းဆောင်ဆိုသူကိုယ်တိုင်ကလည်း ‘ငါ ခေါင်းဆောင်ပဲ’ ဆိုတဲ့ အတ္တ၊ မာနတွေကိုဘေးဖယ်လို့ မြင့်မြတ် မှန်ကန်တဲ့စိတ်ထားနဲ့ အများကောင်းကျိုးကိုသာ ကြည့်တတ်သူ ဖြစ်နေဖို့ လိုအပ်လှပါသည်။ လောကီရေးရာတွေမှာ ခေါင်းဆောင်အရွေးမှားရင် လက်ရှိဘဝတစ်ခုတည်း ဒုက္ခရောက်မှာ ဖြစ်သလို လောကုတ္တရာရေးရာမှာလည်း အလားတူအရွေးမှားရင်တော့ တစ်ဘဝတည်း မဟုတ်ဘဲ တစ်သံသရာလုံး အရှုံးကြီးရှုံးရပါလိမ့်မည်။ နှစ်သက်မိသည့် စကားပုံလေးတစ်ခုကတော့ “သင့်ဖယောင်းတိုင်က အခြား ဖယောင်းတိုင်အား မီးညှိပေးလိုက်သည့်အခါ သင့်ဖယောင်းတိုင်ကမည်သည့်အရာကိုမျှ ဆုံးရှုံးသွားခြင်း မရှိပါ” ဆိုတာလေးကိုလည်းသဘောကျ နှစ်ခြိုက်မိပါသည်။

ခေါင်းဆောင်ကောင်းကို ကိုယ်ကိုယ်တိုင် အသေအချာရွေးချယ်သတ်မှတ်ပြီးပြီဆိုရင်တော့ နောက်တစ်ဆင့် အနေဖြင့်ကိုယ်ကိုယ်တိုင်ကနောက်လိုက်ကောင်းပီသအောင် ကြိုးစားရဦးမည် ဖြစ်ပါသည်။ ဒါမှသာ ခေါင်းဆောင်ကောင်း နောက်လိုက်ကောင်းတွေ ပြည့်စုံနေတဲ့ အဝန်းအဝိုင်းလေးရဲ့ ဆောင်ရွက်မှုတိုင်းက ဘယ်နေရာမဆို အစစအရာရာ အဆင်ပြေအောင်မြင်ပါလိမ့်မည်။ ‘သြော်’ ဆိုတဲ့ စကားလုံးလေးက တစ်လုံး တည်း ဆိုပေမယ့် သူ့နောက်မှာ အတွေးတွေက အရိပ်ပမာ တစ်သီတတန်းကြီး ရှိနေတတ်ပါသည်။ အခုလည်း ‘သြော်’ လို့ ရေရွတ်မိပြီးအတွေးပွားမိလိုက်တာကတော့……

“သြော်…. ငါတော့ ဒီဘဝမှာ ခေါင်းဆောင်ကောင်းတစ်ယောက်ကိုပိုင်ဆိုင်ခဲ့ဖူးပြီ၊ ငါ့ရဲ့ခေါင်းဆောင်က ခေါင်းဆောင်ကောင်းပီသ – မပီသဆိုတာကိုလည်း သူ့ရဲ့လုပ်ရပ်တွေက သက်သေပြနေကြပြီ။ ဒီတော့ ခေါင်းဆောင်ကောင်းကို ပိုင်ဆိုင်ခဲ့ဖူးသူ ငါ့တို့အနေနဲ့ ဆောင်ရွက်ရမယ့် တာဝန်တစ်ခုပဲ ကျန်ရှိတော့တယ်။ အဲဒါကတော့ ခေါင်းဆောင်ကောင်းကြီးယုံကြည်စိတ်ချ အားထားရတဲ့ နောက်လိုက်ကောင်းတွေ ဖြစ်ကြဖို့…”

ဒါကြောင့် ဘယ်အဖွဲ့အစည်း ဖြစ်ဖြစ် အရင်ဆုံးစည်းလုံးညီညွတ်မှု၊ သည်းခံနားလည်နိုင်မှုတွေနှင့်အတူ ခေါင်းဆောင်ကောင်းများနှင့် နောက်လိုက်ကောင်းများဖြင့် တည်ဆောက်မှသာလျှင် အောင်မြင်မှု ပန်းတိုင်ကို ရောက်ရှိမှာ ဖြစ်ပါတယ်ဆိုတဲ့အကြောင်းပြောချင်ပါတော့သည်။

No comments:

Post a Comment