Monday, October 26, 2020

ချစ်စရာ့ ငါတို့ မြန်မာ

 

 

တန်ဆောင်မုန်းလဟာ မြန်မာလများထဲမှာ ရှစ်လမြောက်ဖြစ်ပြီး အောက်တိုဘာနှင့် နို၀င်ဘာလတွင် ကျရောက်ပါတယ်။ ဒီလမှာ ကထိန်အလှူပွဲတော်၊ မသိုးသင်္ကန်းရက်လှူပွဲ၊ ပံ့သကူပစ်ပွဲ၊ ကြာသင်္ကန်းကပ်လှူပွဲ၊ တန်ဆောင်တိုင် မီးထွန်းပွဲတော်၊ နောက်ဆုံး ရှင်မာလဲပွဲတော်တို့ကို ကျင်းပကြတယ်လေ။ ဘယ်လောက် ပျော်စရာကောင်းလိုက်သလဲနော်။

ကထိန်သင်္ကန်းအလှူဆိုတာ တစ်နှစ်မှာ တစ်လ၊ တစ်လမှာ တစ်ကြိမ်သာ အချိန်အခါနှင့် ပြုရတဲ့ ကာလဒါန ဖြစ်တယ်။ ကထိန်ပွဲတော်ကို ရိုးရိုးကထိန်ပွဲ၊ ဘုံကထိန်ပွဲနှင့် ပစ္စည်းရှင်တစ်ဦးက မတည် ဦးစီးပြီး လူများစုက ဝိုင်း၀န်းလှူဒါန်းသော ကထိန်ဆိုပြီး ကျင်းပလေ့ရှိပါတယ်။ သင်္ကန်းအပ်နှင်းမှု၊ ချုပ်၊ ဆိုးမှုများ ညတွင်းချင်း ပြီးစေပြီး အရုဏ်မတက်မီ လှူဒါန်းနိုင်တဲ့ သင်္ကန်းကို မသိုးသင်္ကန်းပွဲလို့ ခေါ်ခြင်း ဖြစ်ပါတယ်။

ပံ့သကူပစ်ပွဲကတော့ သင်္ကန်းစသည့် သံဃာ့အသုံးအဆောင်ပစ်စည်းများကို တိတ်တဆိတ် စွန့်ပစ် လှူဒါန်းခြင်းကို ဆိုလိုပါတယ်။ ပြီးတော့ ပိတ်သားပေါ်မှာ ရွှေရောင်စက်ကူ၊ ရွှေဝါရောင် ဖဲကြာပွင့်ကြီးများ ထိုးထားတဲ့ သင်္ကန်းများကို ကြာသင်္ကန်းလို့ သတ်မှတ်ကြတာကို သိခဲ့ရပြန်ပါတယ်။ ရှေးအခါက ဘုရားရှင်အား ကပ်လှူပြီး ယခုအခါမှာတော့ စေတီပုထိုးတွေနှင့် ဘုရားရုပ်တုတွေမှာ ရစ်ပတ်လှူဒါန်းကြပါတယ်။

တန်ဆောင်တိုင်မီးထွန်းပွဲတော်ကြတော့ နတ်ခတ်ပွဲသဘင် မီးထွန်းပွဲတော်သာ ဖြစ်ပါတယ်။ နောက်ဆုံး ရှင်မာလဲပွဲကရော ဘာလဲ သိလား ?

အရင်က သိဘူး။ ခုမှ သိတာ။ ရှင်မာလဲမထေရ်က တန်ဆောင်မုန်းလပြည့်နေ့ရောက်တိုင်း ဝေသန္တာရာ ဇာတ်တော်ကို ဟောကြားတာ အကြောင်းပြုပြီး ဖြစ်ပေါ်လာတဲ့ ပွဲပါတဲ့။ လှော်ကားကို ပုံပြုပြီး လှော်ကား ထက်မှာ အသီးတစ်ထောင်၊ အပွင့်တစ်ထောင်၊ ထမင်းဆုပ်တစ်ထောင်၊ ဆီမီးတစ်ထောင် တင်ပြီး လှူဒါန်းကြ ခြင်းကြောင့် လှော်ကားပွဲတော်၊ ထောင်ပြည့်ပွဲတော်လို့လည်း ခေါ်ကြပါသေးတယ်။ အင်း ခုခေတ်တော့ ဒီပွဲဟာ ကွယ်ပျောက်လုရှိနေပါပြီလေ။

ဒီနေ့မှာ ဆေးပင်အပေါင်းတို့ကို စောင့်တဲ့နတ်တို့ဟာ မဲဇလီပင်စောင့်နတ်မင်းအား လာရောက်ခစားကြတာကို အစွဲပြုပြီး မဲဇလီပင်သည် ဆေးပေါင်းခသည့် အပင်ဟု ယူဆကြပါတော့တယ်။ အနာမျိုး ၉၆ ပါး ကင်းရန် ရည်ရွယ်ချက်ဖြင့် တန်ဆောင်မုန်းလပြည့်နေ့မှာ မဲဇလီဖူးသုတ်စားကြပါသေးတယ်။

သင်ကော မစားချင်ဖူးလား။ မြန်မာနိုင်ငံသား ဖြစ်ရတာ ဂုဏ်ယူမိပါတယ်။ မြန်မာတွေရဲ့ ချစ်စရာ့ ဓလေ့ စရိုက်များ အများကြီး လတိုင်း ကျန်ရှိနေတာကို တွေ့ရှိခဲ့ရပါတော့တယ်။ သိတာလေးကို တင်ပြလိုက်ပါတယ်။ မိတ်ဆွေများအားလုံး ကျန်းမာချမ်းသာကြပါစေရှင်…

မနောဖြူလေး

No comments:

Post a Comment