အရာအားလုံး မပိုင်ဆိုင်နိုင်ပေမယ့် ကျွန်မ ပိုင်ဆိုင်တာတစ်ခုကို ပြောပါဆိုရင်တော့ ကျွန်မ မြတ်နိုးတဲ့ စာအုပ်တွေပဲ ဖြစ်ပါတယ်။ ကျွန်မကို ဘာလိုအပ်နေလဲ မေးရင်လည်း လိုချင်တာကတော့ စာအုပ်တွေပါပဲလို့ ပြောမိမှာ အမှန်ဖြစ်ပါတယ်။ စာအုပ်တွေလေ။ ပြန့်လို့ ကျဲလို့။ ဖုန်တွေလည်း တက်။ ပင့်ကူမြေှးတွေလည်း ငြိလို့။ ဒါတောင် လျှောအိတ်နဲ့ ထည့်ထားတဲ့ စာအုပ်တွေက တစ်ပုံတစ်ပင်။ ခဏခဏ ဖတ်ဖြစ်တဲ့ စာအုပ်တွေကတော့ ခေါင်းအုံး နားနဲ့ စားပွဲခုံပေါ်မှာ လှန်တချို့ မှောက်တချို့။ အသစ်လက်ဆောင်ရထားတဲ့ စာအုပ်တွေကတော့ စားပွဲပေါ်တချို့၊ အိတ်ထဲက မထုတ်ရသေးတာ တချို့။ စာအုပ်စင်လေး တစ်ခုလုပ်မယ်လို့ စိတ်ကူးထားပေမယ့် အခုထိ အကောင် အထည် မဖော် နိုင်သေး။
စာအုပ်ထူထူကြီးတွေဟာ ရေးရသူအဖို့ အတော် ဒုက္ခများခဲ့ ပေလိမ့်မယ်။ အထူးသဖြင့် အဲဒီစာအုပ် အထူကြီးတွေဟာ အတော်ကို သပ်သပ် ရပ်ရပ် ရှိလှပါပေတယ်။ ဒါပေမယ့် သူတို့ကို အပျင်းပြေ အိပ်ရာထဲမှာ ပက်လက်လှန်ပြီး ဖတ်ဖို့ဆိုတာ အတော် မဖြစ်နိုင်တဲ့အရာပါပဲ။ ဒီတော့ စိတ်၀င်စားပြီး အချိန်ပေးနိုင်မှသာ ဖတ်ဖြစ်ပါတယ်။ ဥပမာ မြန်မာ၀တ္ထုတို အညွှန်းလို စာအုပ်ကြီးလိုမျိုးတွေပေါ့။ ဘယ်စာအုပ်ဖြစ်ဖြစ် ဗဟုသုတတွေ ဒုနဲ့ဒေး ဆိုတော့လည်း သူတို့ကို ကိုင်ဖြစ်တဲ့ အချိန်ကလည်း ဗဟုသတလိုလားချိန် ဖြစ်လို့သာ နေတော့တယ်။ ကျွန်မကလည်း စာအုပ်စင် မလုပ်နိုင်သေးတော့ စားပွဲ အကြမ်းရိုက်ထားတဲ့ ၃ ဆင့် စားပွဲပေါ်မှာ သူ့နေရာနဲ့သူ နေရာယူ နေတတ်တာ ကတော့ အသေအချာပါ။ သူတို့ကို ဖတ်ဖြစ်သည် ဖြစ်စေ၊ မဖတ်ဖြစ်သည် ဖြစ်စေ အခါအားလျော်စွာ ဖုန်သုတ် ပေးရ တတ်တာမျိုး၊ အဖုံးဘာညာ စုတ်ပြဲနေတဲ့ အခါ ပြုပြင် ထိန်းသိမ်း ပေးရတတ်တာမျိုး တွေဟာ သူတို့ရဲ့ အကျိုးပေးတစ်ခုပါပဲ။ တစ်ခါတလေ လိုချင်တဲ့အခါ ဖတ်ဖို့ စာအုပ် ပြန်ရှာရတာကလည်း အမြဲလိုလိုပင် ဖြစ်ပါတယ်။ ဒါကြောင့် စာအုပ်ဈေး ကြီးလာပြီး နောက်ပိုင်း သိပ်မ၀ယ်ဖြစ်တော့ တာလည်း ပါတယ်။
များသောအားဖြင့် လက်ဆောင်ရတဲ့ စာအုပ်တွေသာ များလို့ နေပါတော့တယ်။ ကျွန်မကလည်း စာအုပ်သရဲဆိုတော့ ကံကောင်းချင်တော့ လည်း ကျွန်မရဲ့ အကျင့်စရိုက်ကိုသိတဲ့ စာအုပ် လက်ဆောင်ပေးမယ့်သူတွေနဲ့ပဲ တွေ့ကြုံရတာ အလွန်တစ်ရာမှ တန်ဖိုး မဖြတ်နိုင်ပါဘူး။ တချို့ စာအုပ်တွေကျတော့ နိဒါန်းကနေ နိဂုံးအထိ ပြည့်ပြည့်စုံစုံ ရှိနေနိုင်တဲ့ စာအုပ်မျိုးတွေ ဖြစ်လို့ နေတတ်ပါတယ်။ အဲဒီစာအုပ်တွေထဲမှာ မိခင်ဘာသာစကားနဲ့ မဟုတ်ဘဲ၊ ဒုတိယ ဘာသာစကားတစ်ခု ယေဘုယျအားဖြင့် အင်္ဂလိပ်လို ရေးထားတဲ့ စာအုပ်တွေလည်း အတော်အတန် ပါနေတတ်ပါတယ်။ သူတို့ဟာ ပိုင်ဆိုင်သူကို အတော်အတန် ဂုဏ်တက်စေတဲ့ အရာတွေလည်း ဖြစ်ပါတယ်။ သူ့နယ်ပယ်နဲ့ သူ အနှစ် သာရအားဖြင့် လည်းကောင်း၊ ပညာအရာအားဖြင့် လည်းကောင်း ရှိလှပေတယ်လို့လည်း ဆိုင်ရာတွေက ချီးကျူးပြောဆိုပြီးသား စာအုပ်တွေ ဖြစ်လို့ နေတတ်ပါတယ်။ သို့သော်လည်း သူတို့ဟာ အခါအားလျော်စွာ မဖတ်ဖြစ်ဘဲ အထား ခံရလေ့ရှိတဲ့ စာအုပ်များ ဖြစ်လို့ နေပြန်ပါတယ်။ အများအားဖြင့်က လိုအပ် မှကိုင်တွယ် ဖတ်ရှုတာလေးတွေပဲ လုပ်ဖြစ် တာများပါတယ်။ ဒါကြောင့်လည်း ကျွန်မက အင်္ဂလိပ်စာ အားနည်းတဲ့ အခြေအနေကို ရောက်ရှိနေတာ များလားလို့လည်း တွေးနေ မိပြန် ပါတယ်။ မိမိနဲ့ မသင့်လျော်သော အရပ်ကို အရောက်ဆုံးစာအုပ်တွေ စာရင်းမှာ သူတို့ဟာ အမြဲတမ်း ထိပ်ဆုံးက နေရာယူထားတတ်ကြပါတယ်။ တတ်နိုင် သူတွေနဲ့ သပ်ရပ်စွာ ကိုင်တွယ်တတ်သူ တို့ဆီမှာ တောက်ပြောင်စွာ နေရာယူနေ တတ်တာလည်း သူတို့ပါပဲ။
ဘယ်လိုပဲ ဖြစ်ဖြစ်လေ ဒီစာအုပ် ထူကြီးတွေဟာ ရှိမှဖြစ်မယ်ဆိုတာထက် ရှိရင်မဆိုးဘူး ပေါ့လို့ ယူဆခံထားရတဲ့ စာအုပ်အမျိုးအစား စာရင်းမှာတော့ အသေအချာ နေရာယူထား ပေတာပေါ့။ ဒါပေမယ့် တစ်ခါတစ်ခါတော့ ခ့့ံညားခြင်း။ ခမ်းနားထည်ဝါခြင်းဆိုတဲ့ သူတို့ရဲ့ ဂုဏ်ပုဒ်တွေကနေ ဖတ်သူတွေကို တစ်ဖက်သတ် ဆွဲခေါ်သွားတာ မျိုးတွေ ဟာလည်း ဒီစာအုပ်တွေရဲ့ လက္ခဏာ ရပ်တွေထဲက တစ်ခုဖြစ်လို့ နေပြန်ပါတယ်။ စဉ်းစားခွင့် ဆိုတာထက် လိုက်နာရမယ် ဆိုတဲ့ အနေအထားမျိုးပါ။ သူတို့ကို ဖတ်တဲ့ သူတွေ သို့မဟုတ် သူတို့ကို ကိုင်တွယ် ကြည့်ရှုနေသူတွေဟာလည်း မြင်ရသူအဖို့ အဲဒီရဲ့ ဘက်တော်သားတွေ သို့မဟုတ် လိုက်နာဖို့ ကြိုးစားနေသူတွေလို့လည်း အထင်ခံရတတ်ပြန်ပါတယ်။ ဒီစာအုပ် အမျိုးအစားတွေဟာ နေရာတစ်ခုနဲပအတူ သီးသီးသန့်သန့် ဖြစ်နေတတ်တာကတော့ သူတို့ရဲ့ထူးခြားချက်တစ်ခုပါပဲ။
စာအုပ်တင်တဲ့ စားပွဲရဲ့ အောက်ဆုံး အထပ်မှာတော့ ပြန့်ပြန့်ကျဲကျဲ ရှုပ်ရှုပ် ထွေးထွေး နေရာယူနေ တတ်ကြတာ ကတော့ ကျောင်းစာအုပ်တွေ အဖြစ် များတတ်ပါတယ်။ ကျောင်းနဲ့ ေ၀းတာကြာပြီ ဆိုပေမယ့် ထက်တက်ခဲ့တဲ့ ဘွဲ့လွန်တန်းက စာအုပ်တွေကတော့ အခုထိ နေရာယူ မင်းမူနေဆဲပါပဲဲ။ ဒါပေမယ့် အကုန်တော့ မရှိတော့ပါဘူး။ များသောအားဖြင့် စာမေးပွဲ မဖြေခင်ထိသာ အရေးတယူ ပြုခြင်းခံရတဲ့ စာအုပ်အမျိုးအစားဆိုရင် မှန်နေပေ လိမ့်မယ်။ သိပ်ပြီးတော့ ပြန်မကြည့် ဖြစ်ပေမယ့် လိုတဲ့အချိန် ပြန်မွေှနှောက်ဖို့ ရှိနေသင့်တယ် ထင်မိတာပါပဲ။ တချို့စာအုပ် တွေတော့ မရှိတော့ဘဲ လက်ဆင့်ကမ်း ပြန်လည်ပေးလိုက်တာတွေလည်း ရှိပါ သေးတယ်။ တချို့ကျတော့ ငွေကြေး မတတ်နိုင်တဲ့သူတွေ တချို့ကျတော့ စာအုပ်အသစ်ဖိုး သက်သာလိုပင်ဖြစ်စေ ကောင်းတဲ့ဘက် ကတော့ အလေးသာ လို့နေပါတယ်။ နောက်ထပ်ရှိနေသေး တာကတော့ ၀ယ်တာပဲဖြစ်ဖြစ် အခမဲ့ရလို့ပဲ ဖြစ်ဖြစ် ဖတ်ဖြစ်တဲ့ ဂျာနယ်အဟောင်းတွေပဲ ဖြစ်ပါတယ်။ တချို့ဂျာနယ်တွေ၊ စာစောင် တွေကတော့ မိဘမဲ့ကျောင်းတွေ ပရဟိတ လိုက်လုပ်ဖြစ်တဲ့အခါ ပြန်လည် ေ၀ငှပေး လိုက်တာတွေလည်း ရှိပါသေးတယ်။
အများအားဖြင့် စုမိတာတွေကတော့ စာအုပ်သေးသေးကလေးတွေဖြစ်ပြီး စားပွဲ ခုံပေါ်မှာ စုစည်းတင်ထားပြီး လက်လှမ်းမှီ သလောက် အမြဲကောက်ယူဖတ်လေ့ ရှိတာ တွေကတော့ ကဗျာ စာအုပ်လေးတွေပဲ ဖြစ်ပါတယ်။ ခဏခဏလည်း စာဖတ်သူရဲ့ ပြန်လည်ဖတ်ရှုခြင်းကို ခံရတတ် ပါတယ်။ ဥပမာ ဆရာဇော်ဂျီ၊ ဆရာကြီး မင်းသု၀ဏ် ရဲ့ ကဗျာများ၊ ထီလာစစ်သူရဲ့ ကဗျာ အမျိုးမျိုး၊ မောင်သွေးသစ်၊ ဆရာအောင် ဇင်မင်း စတဲ့ ရှေ့ခေတ်ကော ခုခေတ်ကော ကဗျာစာအုပ်အတော် များများပါပဲ။ တစ်ခါ တလေ သူတို့က စာအုပ်ကြီးတွေကြားထဲ ညှပ်နေတတ်ပြန်ပါသေးတယ်။ ဖတ်တော့မယ်ဆိုလည်း ရှာရ ဖွေရ၊ တွေ့ပြန်တော့လည်း ခါရပြုရနဲ့လေ။သူတို့ ကတော့ လူတိုင်းနဲ့ ရင်းနှီးစွာ မရှိလွန်းတာမို့ ရှိမှဖြစ်မယ်ဆိုတဲ့ စာအုပ်အမျိုးအစား မဟုတ်ပေဘူးပေါ့။ ကျွန်မကတော့ စာအုပ် ဈေးပွဲတော်မှာ ဈေးသက်သက် သာသာ နဲ့လည်းရမယ် ဖတ်ချင်လို့ ရှာဖွေ၀ယ်တဲ့ အခါတိုင်းမှာ စာအုပ်ဆိုင်တိုင်းက စာအုပ်ကြီးတစ်အုပ်၀ယ်ရင် ပိုက်ဆံမယူဘဲ အလကားထည့်ပေးလိုက်တာ များပါတယ်။
တစ်ခါတလေကျပြန်တော့ စာဖတ်လေးတဲ့ စာအုပ်မျိုးကို ရှောင်ပြီး ဖုန်တက်အောင် ထားမိတတ်ပါတယ်။ ဒုတိယထပ်မှာတော့ ၀တ္ထုစာအုပ်တွေ၊ ဆောင်းပါး၊ ကဗျာ စတဲ့ အပြင် မဂ္ဂဇင်းစာအုပ်တွေ၊ ဂျာနယ်စာအုပ် ပုံစံချုပ်တွေကို စီတန်းထားရှိပါတယ်။ အပေါ်ဆုံးထပ်မှာတော့ အမြဲအသုံးပြုတဲ့ လက်လည်း လွယ်မယ်ထင်ရတဲ့ အင်္ဂလိပ် – မြန်မာ အဘိဓာန်စာအုပ်ထူကြီးကိုလည်း ဖုန်မတက်အောင် လက်ဆောင်ရထားတဲ့က ပလတ်စတစ်မချွတ်ဘဲ တင်ထားဖြစ်တဲ့ အပြင် တရားစာအုပ်များ၊ ဘာသာရေး စာအုပ်များ မြန်မာစာလုံးပေါင်း သတ်ပုံကျမ်း လိုမျိုးကိုလည်း လွယ်လင့်တကူ ဖတ်ရှု နိုင်ရန် စုစည်းထားပါသေးတယ်။ တချို့ အဖတ်လေးတဲ့စာအုပ်တွေ မလိခရေးတဲ့ ပျို့အညွှန်းလိုမျိုး စာအုပ်တွေအပြင် ဖတ်ရတာ နှစ်ခေါက် သုံးခေါက် ဖတ်တာတောင် ရေးရေးပဲ နားလည်တဲ့ စာအုပ်တွေကိုတော့ အိတ်တွေထဲက မထုတ်ဖြစ်လို့ စာအုပ်တွေကတောင် ဆန္ဒ ပြတဲ့အနေနဲ့ ပျော့ပြောင်းနူးညံ့မနေဘဲ ဆွဲထုတ်လိုက်တဲ့အခါ မာတောက်တောက် ကြီးတွေနဲ့ စာရွက်သားတွေ ကပ်လို့ နေပါတယ်။
ဒါတောင် သူများကို ငှားထားတဲ့ စာအုပ်တွေကလည်း အတော်ကလေး ရှိနေပါသေးတယ်။ မှတ်မှတ်ရရ ပြောရရင် ကျွန်မ နှစ်သက်တဲ့ စာအုပ်တစ်အုပ်ဖြစ်တဲ့ ရန်အောင် မောင်မောင် ရေးသားတဲ့ ထောင် တစ်သက် အတွေ့အကြုံ စာအုပ်ဆိုရင် ရင်းနှီးတဲ့ ထောင်မှူး တစ်ယောက်က ၀ယ်မရလို့ ငှားဖတ်ပါဆိုလို့ ငှားဖတ် လိုက်တာ စာရွက်သား အတော်နွမ်းမှ လက်ထဲ ပြန်လည် ရောက်ရှိလာတာ ကိုလည်း ကြုံရပါသေးတယ်။ အဲဒီစာအုပ် ထဲမှ ရန်အောင် မောင်မောင်ရဲ့ ကိုယ်တွေ့ တွေနဲ့ယှဉ်ပြီး ရေးသားထားတဲ့အတွက် လည်း စာဖတ်သူရဲ့ စိတ်နှလုံးကို ဆွဲကိုင် လှုပ်သလို စာအုပ်ထဲ စီးမျောသွားခဲ့ ရပါတယ်။
သူ့ရဲ့မှတ်ချက်လေးကိုလည်း ေ၀မျှချင်ပါတယ်။ “ညစဉ်ညတိုင်း ကြားနေရတဲ့ အားလုံးကောင်းပါတယ် ခင်ဗျား ဆိုတဲ့ စကားအတိုင်းပဲ။ ကောင်းပြီ၊ အကျဉ်းထောင် အခြေအနေ အားလုံး ကောင်းတယ်ပဲ ထားလိုက်ပါတော့။ အဲဒီအကျဉ်းထောင်ထဲမှာ ရှိကြတဲ့ အကျဉ်းသားတွေကကော ဘယ်လောက် အထိ ကောင်းခဲ့ကြသလဲ၊ ကောင်းနေပြီလဲ၊ ကောင်းသွားကြမှာလဲ။ တော်တော်အဖြေရ ကြပ်မည့် မေးခွန်းတွေပဲ ဖြစ်ပါတယ်။ ရာဇ၀တ္တဗေဒဆိုင်ရာ ပါရဂူတစ်ဦးဖြစ်သူ ဒေါက်တာ ရှက်ပက်မက္ကာသီရဲ့အဆိုအရ ‘လူဆိုးတစ်ယောက်နှင့် လူကောင်း တစ်ယောက်ရဲ့ ကွာဟမှုအတိုင်းအတာ သည် အကျဉ်းထောင်ကို ကာရံထားသော အုတ်နံရံတစ်ခုစာလောက်သာ ကွာခြားသည်’ ဟု ဖတ်ခဲ့မှတ်ခဲ့ရဖူးပါတယ်။ မှန်ပါတယ်။
ဘုရားရဟန္တာမှလွဲပြီး အာသေဝါ မကုန်ခန်းနိုင်သေးသည့် ပုပုရွရွ လူသတ္တဝါမှန်သမျှ ကောင်းချင် သည့်အခါ ကောင်းပြီး ဆိုးချင်သည့်အခါ ဆိုးမည်။ မလိမ္မာ တစ်ခါမိုက်စမြဲဟုလည်း ဆိုထားပြန် ပါတယ်။ မွေးသည်မှ သေသည်အထိ ရာသက်ပန် ဆိုးသွမ်းသူ၊ ကောင်းမွန် သူရယ်လို့ ဒီသတ္တ လောကကြီးမှာ မရှိစ ကောင်းလို့” သူကမှတ်ချက်ပြုထားတာကို ဖတ်ရှုခဲ့ရပါတယ်။ အများအားဖြင့် မဖတ် ဖြစ်တဲ့ စာရင်းမှာပါတဲ့ စာအုပ်တွေကတော့ ဘာသာပြန်စာအုပ်တွေ အတော် များလှ ပါတယ်။ အဲဒီလိုဘာသာပြန်ထဲက နှစ်သက်မိတဲ့ စာအုပ်တွေလည်း ရှိပါ သေးတယ်။ ဆရာ နတ်နွယ် ရေးသားတဲ့ မိုဗီဒစ်စာအုပ်ဆိုရင် ပင်လယ်ပြင်ရဲ့ သဘောသဘာ၀၊ ပင်လယ်ရေ လုပ်သား တွေရဲ့ အခက်အခဲတွေ၊ ပျော်ရွှင်မှုတွေ အဖုံဖုံအပြင် ငါးဖြူကြီးနဲ့ တွေ့ကြုံပုံတွေကို ရေးခြယ်ထားသည်မှာ ပင်လယ်ပြင်ကို အမှန်တကယ်ရောက်ရှိနေသကဲ့သို့ ခံစား မိပါသေးတယ်။
ဖတ်ခဲ့ဖူးတဲ့ စာအုပ်တွေ အကြောင်းသာ ပြောနေရရင် ထမင်းမေ့ ဟင်းမေ့ ကျွန်မရဲ့ အဖြစ်ပါပဲ။ ပြောပြရရင် ဖြင့် ပြောလို့ ကုန်မည် မထင်ပါကြောင်း ပြောရင်းဖြင့် ကျွန်မဆန္ဒကတော့ စာအုပ်စင်လေးတစ်ခု ဖန်တီးချင်မိပြီး စာပေ ချစ်သူချင်းလည်း ပြန်လည် မျှေ၀ချင်နေ မိပါတော့တယ်။
No comments:
Post a Comment