သူငယ်ချင်းများနဲ့အတူ မွန်ပြည်နယ်၊ မုဒုံမြို့နယ်၊ မြိုင်ကုန်းကျေးရွာရှိ ၀င်းစိန်တောရ ရတနာတောင်သို့ ရောက်ရှိခဲ့ပါတယ်။ အထက်ပါ ဘုရားကြီးသည် ကမ္ဘာပေါ်တွင် အတောင် ၄၀၀ပြည့် ကမ္ဘာ့အကြီးဆုံး လျောင်းတော်မူ ဇိနသုခရန်အောင် ချမ်းသာဘုရားကြီး ဖြစ်ပါတယ်။ တစ်ခါမှ ဖူးမြော်ခဲ့ရခြင်း မရှိခဲ့ပါဘူး။ မြင်လည်း မမြင်ဖူးဘူးလေ။ အရမ်း အံ့သြဖို့ကောင်းတယ်နော်။
သူငယ်ချင်းက ကျိုက္ခမီ၊ စက်စဲ သွားမယ် လိုက်မလားလို့ မေးတော့ မရောက်လည်း မရောက်ဖူးတာနဲ့ ဘယ်လောက် ကုန်မှာလဲလို့ အရင်မေးရသေးတယ်လေ။ ပြီးမှ သိပ်မကုန်ရင် လိုက်ခဲ့မယ်။
တစ်ခါမှ မရောက်ဖူးသေးဘူးလို့ ပြောလိုက်တယ်။ သူတို့နဲ့က ကျိုက်ထီးရိုးသွားတုန်းကလည်း လိုက်သွားဖူး တော့ သူငယ်ချင်းရုံးက လူတွေ အားလုံးနဲ့ကလည်း ရင်းနှီးနေပြီလေ။ အားလုံးကလည်း အတင်း လိုက်ခိုင်းကြတယ်။ ပြီးတော့ လူလည်း ညီတယ်။ အားလုံးက စိတ်ထားကောင်းပြီး ဖော်ရွေကြတယ်။ အခု သွားမှာကလည်း ထား၀ယ်အသင်းနဲ့ သွားမှာတဲ့။
ကုန်ကျစရိတ်ကလည်း သိပ်မရှိပါဘူး။ လိုက်ခဲ့ပါဆိုနေတော့လည်း လိုက်ဖြစ်ခဲ့ပါတယ်။ ပြီးတော့ မော်လမြိုင်မှာ ကြိုဆိုရေးအဖွဲ့တွေလည်း ရှိတယ်တဲ့။ တကယ်ပါပဲ။ မော်လမြိုင်လည်း ရောက်ရော မော်လမြိုင်အသင်မှ တာဝန်ကျေပြွန်စွာနဲ့ ဆရာဝန်များ အသင်းခန်းမမှာ ကြိုဆို ကျွေးမွေး ဧည့်ခံ နေရာချခဲ့ကြပါတယ်။
၀မ်းသာဖို့လည်းကောင်း၊ ဘုရားတွေလည်း အစုံဖူးခဲ့ရတော့ ကြည်နူးဖို့လည်း အရမ်းကောင်းခဲ့ပါတယ်။ အဲ.. နောက်တော့ အရမ်း ကံကောင်းခဲ့တာ ကတော့ ချောင်းသာကမ်းခြေမှာ ဆူနာမီ ၀င်မွေှသွားတဲ့နေ့မှာပဲ။ (အိမ်က စိတ်ပူနေကြတာပေါ့)။ ကျွန်မတို့ အဖွဲ့ဟာ စက်စဲ ကမ်းခြေမှာ ရေဆော့လို့ ပျော်ကောင်းနေတဲ့ အချိန်ပေါ့။
သြော် ဒါနဲ့ ဘုရားကြီး အကြောင်း ပြန်ဆက်ရဦးမယ်။ ဒီဘုရားကြီးက အရမ်း အံ့သြဖို့ ကောင်းတယ်။ ဘုရားကြီးရဲ့ ခြေထောက်တော်ကနေ ၀င်လိုက်ရင် အထဲမှာ အခန်းပေါင်း ၁၈၂ခန်းရှိတာကို တွေ့ခဲ့ရပါတယ်။ ဗုဒ္ဓ၀င်ရုပ်လုံး ရုပ်ကြွတွေနဲ့ ငရဲပြည်၊ လူ့ပြည်၊ ဗြဟ္မာပြည်၊ နတ်ပြည် အသီးသီး ပုံစံအမျိုးမျိုးနဲ့ ရုပ်ပုံတွေကို တွေ့ရှိခဲ့ရပါတယ်။ ဒီဘုရားကြီးဟာ ၁၃၅၃ခုနှစ် ပြာသိုလဆုတ် (၁၀) ရက်နေ့ (၂၉-၁-၁၉၉၂) ဗုဒ္ဓဟူးနေ့ကစပြီး မွန်ဆရာတော် အဂ္ဂမဟာ သဒ္ဓမ္မ ဇောတိကဓဇ ဘဒ္ဒန္တကေသရ ကိုယ်တိုင် အုတ်မြစ်ချခဲ့ပြီး ဦးစီး တည်ဆောက်ခဲ့ပါတယ်။
ရောက်တော့ အစပဲ ရှိသေးတာကို တွေ့ခဲ့ရပါတယ်။ အခုထိလည်း မပြီးသေးပါဘူး။ ဆောက်လက်စပဲ ရှိပါသေးတယ်။ အထဲကို ရောက်ပြီးတော့ ပြန်ဆင်းရင်တော့ ဦးခေါင်းတော်ရဲ့ အောက်နားကနေ အပြင် ပြန်ရောက်ပါတယ်။ ဘုရားကြီးရဲ့ အမြင့်ပေဟာဆိုရင် ၁၁၈ ပေရှိပြီး အထပ်ပေါင်း ၈ထပ် ရှိပါတယ်။ ကျွန်မ တောင် အမှန်ပြောရရင် ကံကောင်းလို့ ဖူးမြော်ရတာ။ ဘာလို့လဲဆိုတော့ ဘုရားကြီးရဲ့ ခြေတော်ရင်း နားမှာ မွန်ဆရာတော်ကြီးရဲ့ ကျောင်းရှိပါတယ်။ အဲဒီကို် အရင် သွားဖူးရင်းနဲ့ ချော်လဲပါလေရော။ ချော်လဲတော့ ထလို့ မရတောဘူး။ ဒူးခေါင်းတွေလည်း ပွန်းလို့ အိမ်က သိရင် ပြောဦးမယ်။
ဖြစ်လိုက်ရင် အရာရာနဲ့ အကြောင်းကြောင်းကြီးပဲလို့ ဒါနဲ့ မသွားတော့ဘူးလို့ ပါလာတဲ့ ညီမလေးကို ပြောတော့ သူက မမရယ် ရောက်မှတော့ တက်ဖူးလိုက်ပါ။ သူ တွဲခေါ်ပါမယ်တဲ့။ ကျွန်မက အားနာလို့ သွားပါတော့ ဒီကပဲ စောင့်နေခဲ့မယ် ပြောတာကို အတင်းဆွဲခေါ်ပါလေရော။ ဒါနဲ့ ဖြည်းဖြည်းပဲ တက်သွားတာ အပေါ်ရောက်တော့ တော်တော့်ကို ကြည်နူးဖို့ ကောင်းပါတယ်။ အဲဒီညီမလေးကိုလည်း အခုချိန်ထိ ကျေးဇူးတင်မိပါတယ်။ သူသာ တွဲမခေါ်ခဲ့ရင် ပြန်သာလာခဲ့တာ ရောက်ခဲ့ရမှာ မဟုတ်ဘူးလေ။ သူ့ကြောင့် ကျွန်မလေ ဘုရားကြီးရဲ့ အထပ်ပေါင်း ၈ထပ်ကို ရောက်ခဲ့ရတာပါ။ ဗြဟ္မာပြည်၊ နတ်ပြည်၊ လူပြည်၊ ငရဲပြည်ဆိုပြီး ရုပ်ထုတွေနဲ့ အခန်းပေါင်း မြောက်မြားစွာ ပြုလုပ်ထားရှိတာကို တွေ့ရှိရပါတယ်။ ဒါကြောင့် ကျွန်မပြောချင်တာက မွန်ပြည်နယ်၊ မုဒုံမြို့ကိုရောက်ရင် ရတနာတောင်ကို ၀င်ဖူးဖြစ်အောင် ၀င်ဖူးခဲ့ကြပါလို့ မှာချင်ပါတယ်။
No comments:
Post a Comment