Friday, October 9, 2020

မိမိကိုယ်သာ အားကိုးရာ

 Truth-boundedness vs. non truth-bound | Photography business cards,  Illustration, Vector illustration

 

စာဖတ်ပရိသတ်တွေအတွက် အောင်မြင်မှုသည် မိမိကိုယ်တိုင် ဖန်တီးမှုသာ အရေးပါသည်ဆိုသည့် အကြောင်း အရာလေးတစ်ခု ပြောပြချင်ပါတယ်။ ကျွန်မ စီးပွားရေးဒီပလိုမာတက်တုန်းက စီးပွားရေးလောကမှာ အခြေစိုက်နေတဲ့ လုပ်ငန်းရှင်တစ်ဦးရဲ့ ပြောကြားချက်လေးကို နားထဲမှာ ဇာတ်လမ်းတိုလေး တစ်ခုကို ယခုတိုင် ကြားယောင်နေဆဲပါပဲ။ ဇာတ်လမ်းလေးက တိုပေမယ့် ဇာတ်လမ်းကပေးတဲ့ အသိပညာကတော့ ဘဝအတွက် တစ်သက်မှတ်စရာလို့ ယူဆမိတဲ့အတွက် ပြန်လည် မျှဝေလိုက်ရခြင်းပင် ဖြစ်ပါတယ်။ ဘဝမှာ အောင်မြင်ဖို့ အတွက် ဘယ်နေရာမှာ ဘယ်ဒေသရောက်ရောက် ကံ၊ ဉာဏ်၊ ဝီရိယကိုသာ အားကိုးပြီး ကြိုးစား လုပ်ဆောင်ရမယ်ဆိုတဲ့ အသိလေးတစ်ခုလည်း ထပ်မံရရှိလာပါတယ်။ မိမိကိုယ်တိုင် ကြိုးစားမှရမယ်။ ဇွဲ ရှိမှရမယ်။ ဘာကြောင့်ဆိုတာ တွေဝေစရာမလိုပါဘူး။

ဘုရားကျောင်းတစ်ခုမှာ ပညာမတတ်တဲ့လူငယ်တစ်ဦးဟာ ရရာအလုပ်တစ်ခုဝင်လုပ်နေပါတယ်။ သူလုပ်ဆောင်ရတဲ့နေရာကတော့ ဘုရားကျောင်းမှာရှိတဲ့ ခေါင်းလောင်းကြိုးဆွဲရတဲ့ အလုပ်ပဲ ဖြစ်ပါတယ်။ တစ်နေ့တော့ ဘုရားကျောင်းမှာ အစည်းအဝေးတစ်ခုကျင်းပပြီး ပြဌာန်းချက်တစ်ခုကို ထုတ်ပြန်ခဲ့ပါတယ်။ ပြဋ္ဌာန်းချက်ကတော့ ဘုရားကျောင်းမှာ အလုပ်လုပ်နေသူမှန်သမျှ ဘွဲ့ရတွေပဲ ခန့်ရမယ်ဆိုတဲ့ စည်းမျဉ်း စည်းကမ်းချက်ပဲဖြစ်ပါတယ်။ သူဟာ နှစ်ရှည်လများ ဘုရားကျောင်းခေါင်းလောင်းတီးတဲ့အလုပ်ပဲ လုပ်လာ ခဲ့ပေမယ့် ပညာတတ်တဲ့ သူမဟုတ်လေတော့ စည်းမျဉ်းနဲ့ ညီစွာ အလုပ်ထုတ်လိုက်ခြင်း ခံရပါတော့တယ်။ ဒီလိုနဲ့ လူငယ်လေးဟာ လက်ထဲမှာ ငွေအကြွေစေ့လည်း ၂ ပြားကိုင်ပြီး ထွက်ခွာလာခဲ့ရပါတယ်။ သူ ဘာလုပ်လို့ လုပ်ရမှန်းမသိလို ဘယ်သွားလို့ သွားရမှန်းမသိ ယောင်ချာချာနဲ့ လမ်းတစ်ကာလမ်းလျှောက်သွား နေပါတယ်။ ဒါနဲ့ သွားရင်းနဲ့ ဆေးလိပ်သောက်ချင်စိတ် ရှိလာလို့ သူ့မှာ ရှိတဲ့ ပိုက်ဆံနဲ့ အနီးအနားက ဆိုင်မှာ ဝင်ဝယ်တော့ တစ်လိပ်ချင်းမရောင်းဘူး ဗူးလိုက်ပဲ ရောင်းပါတယ်လို့ ပြောပါတယ်။ ဒီလိုနဲ့ သူ စဉ်းစားတယ်။ ငါ တစ်လိပ်ချင်းရောင်းတဲ့ဆီမှာ ငါ့ပိုက်ဆံနဲ့ ရှာဝယ်ပြီး ဒီလိုနေရာတွေမှာ ပြန်ရောင်းကြည့်ချင်စိတ် ဖြစ်ပေါ် လာတယ်။ ဒါနဲ့ သူ့မှာရှိတဲ့ အကြွေနဲ့ပဲ အကုန်ဝယ်လိုက်ပြီး သူက လမ်းဘေးနေရာမှာပဲ မတ်တတ်ရပ်ပြီး တစ်လိပ်ချင်းစရောင်းကြည့်ပါတယ်။ ဒါနဲ့ ရောင်းလို့ကုန်တော့ သူ့မှာ ငွေအကြွေ ၄ ပြား ရရှိလာပါတယ်။ ဒါနဲ့ သူဟာ ထပ်မံ ရသလောက် အကုန်ဝယ်ပြီး ပြန်လည် ရောင်းပြန်ပါတယ်။ ဒီလိုနဲ့ တစ်ခါရောင်းလိုက် သူ့အရင်းအနှီးဟာ နှစ်ဆရခဲ့တယ်။ အဲဒီလိုမျိုး ၃ လေးကြိမ်လောက် ရောင်းလိုက်ရတယ်ဆိုရင်ပဲ သူ့လက်ထဲမှာ အတော်အတန် ရင်းနှီးဖို့ ရရှိလာပါတော့တယ်။ သူဟာ ဇွဲမလျှော့ပဲ ဒီလိုနည်းနဲ့ သူ့ဘဝကို ရပ်တည် အသက်ရှင်နိုင်တယ်လို့ သဘောပေါက်ပြီး နေ့စဉ် နေ့တိုင်း သူများထက် ပိုပြီး သူ့အလုပ်ကို စောနိုင်သမျှ စောစော စတင်ပြီး တစ်ကြိမ်တစ်ခါထဲနဲ့ ပစ္စည်းများများဝယ်ပြီး ရောင်းချပါတယ်။ ဒါနဲ့ အဲဒီရောင်းချတဲ့ ရပ်ကွက်မှာပဲ ဆိုင်လေးတစ်ဆိုင် တည်လာနိုင်ပါတော့တယ်။

နောက် တစ်ဖြည်းဖြည်း သူ့အလုပ်ကို ပိုမိုကြိုးစားပြီးလုပ်ဆောင်ရင်း အခြား ရပ်ကွက်တွေမှာလည်း ဆိုင်တွေ ဖွင့်လာနိုင်တဲ့အထိ တိုးတက်အောင်မြင်လာပါတော့တယ်။ ဒီလိုနဲ့ သူဟာ နောင် ၁၀ နှစ်အကြာမှာ ထားစရာမရှိအောင် ပိုက်ဆံတွေ များပြားလာတဲ့အတွက် အနားဝန်းကျင်က လူတွေက ဘဏ်မှာ ပိုက်ဆံအပ်ဖို့ အကြံဉာဏ်ပေးကြတဲ့ အတွက် သူဟာ ဘဏ်ကို သွားပြီး သူပိုင်ဆိုင်သမျှတွေ အပ်ပါတယ်။ အဲဒီမှာတင်ပဲ ဘဏ်မှာ အပ်နှံမှုအတွက် အမည်စာရင်းဖြည့်ရင်း ဘဏ်ဝန်ထမ်းက လက်မှတ်ထိုးခိုင်းပါတယ်။ အဲဒီအချိန်မှာ သူဌေးကြီးက ခဏတာ စကားမပြောဘဲ ဘဏ်ဝန်ထမ်းကို ကြည့်ပြီး တစ်ခွန်းပဲ ပြောလိုက်ပါတယ်။ သူဟာ ပညာမတတ်တဲ့အတွက် လက်မှတ်မထိုးတတ်ပါဘူးတဲ့။ ဒီမှာတင် ဘဏ်ဝန်ထမ်းက အတော်အတန် အံ့သြ သင့်ပြီး မေးခွန်းပြန်ထုတ်လိုက်ပါတယ်။ သူဌေးကြီးခမျာ သူဌေးကြီးက ပညာမတတ်တာတောင် ဒီလောက် ချမ်းသာကြွယ်ဝနေရင် တကယ်လို့သာ ပညာများတတ်နေရင်တော့ ပြောဖွယ်ရာ မရှိပါဘူးလို့ ပြောလိုက် မိပါတယ်။ ထို့နောက် သူဌေးကြီး ပြောစကားကြောင့် ဘဏ်ဝန်ထမ်းမှာ ပါးစပ်အဟောင်းသားနဲ့ ကြောင်ကြည့် နေမိပါတော့တယ်။ သူဌေးကြီး ပြောတဲ့စကားကတော့ “အေး ဟုတ်တယ်။ ငါသာ ပညာတတ်ခဲ့ရင် ဒီအချိန်မှာ ဘုရားကျောင်းက ခေါင်းလောင်းတီးတဲ့သူအဖြစ်နဲ့ပဲ အရိုးထုတ်သွားရမှာကွ” လို့ ပြောလိုက်ခြင်းပင် ဖြစ်ပါတယ်။

ဒီဇာတ်လမ်းရဲ့ ဥပဒေသကတော့
၁။ သင့်ဘဝမှာ ပညာတတ်ခြင်း မတတ်ခြင်းဟာ အဖြေ မဟုတ်ပါ။
၂။ အကယ်၍ သင့်မှာ ပညာမတတ်ပေမယ့် သင် ကြိုးစားရင် မီလျံနာ (သန်းကြွယ်သူဌေး) ဖြစ်နိုင်ပါတယ်လို့ ဆိုလိုခြင်းပဲ ဖြစ်ပါတယ်။
ဇာတ်လမ်းလေးကတော့ ဒီမှာတင် ပြီးဆုံးသွားပါတယ်။ ဒါပေမယ့် အတွေးပေါင်းများစွာကို ပေးစွမ်းနေတဲ့ အကြောင်းအရာတိုလေးတစ်ခုဆိုလည်း မမှားဘူးလို့ မြင်မိပါတယ်။ ယနေ့ခေတ် လူငယ်တစ်ချို့မှာ ပညာမတတ်လို့၊ ဟိုအလုပ်က မကောင်းလို့၊ ဒီအလုပ်က အဆင်မပြေဘူးဆိုတဲ့ ဟိုအကြောင်းပြ ဒီအကြောင်းပြနဲ့ အကြောင်းပြချက်အမျိုးမျိုးနဲ့ ဆင်ခြေတွေပေးပြီး လမ်းဘေး လက်ဖက်ရည်ဆိုင်တွေမှာ ဝေလေလေ လုပ်နေသူတွေ ပိုမို များပြားလို့နေပါတယ်။ ဒီလိုနဲ့ မိမိတို့လုပ်သင့် လုပ်ထိုက်တာကို ကြိုးကြိုးစားစား မလုပ်ကြတာကိုလည်း တွေ့ရှိနေရပါတယ်။

အချိန်တွေကုန်ပြီး မိမိဘဝတိုးတက်ဖို့၊ အောင်မြင်ဖို့အတွက် နှောင့်နှေးကြန့်ကြာကုန်ပါတယ်။ မိမိမှာ ရှိတာနဲ့ မိမိမှာ ရှိတဲ့ အတွေ့အကြုံ၊ ဗဟုသုတ အရည်အချင်းနဲ့ သင့်တော်တဲ့၊ ကိုက်ညီတဲ့ အလုပ်ကို ရှာဖွေ လုပ်ကိုင်ရမှာ ဖြစ်ပါတယ်။

အောင်မြင်မှုဆိုတာ မိမိရဲ့လက်ထဲမှာပဲရှိပါတယ်။ တခြားမှာ သွားရှာနေစရာမလိုပါဘူး။ မိမိသာလျှင် မိမိဘဝအတွက် ပဲ့ကိုင်ရှင်ဖြစ်ပါတယ်။ အောင်မြင်မှု ဆုံးရှုံးမှု အဆင်မပြေမှုတွေဆိုတာ မိမိပေါ်မှာပဲ မူတည်နေပါတယ်။ မိမိကြိုးစားရင် ကြိုးစားသလောက် မိမိ ဝီရိယစိုက်ထုတ်ရင် စိုက်ထုတ်သလောက်၊ မိမိ အပင်ပန်းခံရင် မိမိ အပင်ပန်းခံသလောက် အဲဒါတွေရဲ့ အသီးအပွင့်တွေကို ခံစားကြရမှာပဲ ဖြစ်ပါတယ်။ ဆုံးရှုံးမှုဆိုတာ အောင်မြင်ဖို့အတွက် ပထမဆုံး ခြေလှမ်းပင် ဖြစ်ပါတယ်။ ဆုံးရှုံးမှုကို ရင်ဆိုင်နိုင်အောင် အရင်ဆုံး ကြိုးစား လုပ်ဆောင်သင့်ပါတယ်။

ဒါကြောင့် မိမိဘဝ တိုးတက်အောင်မြင် ကြီးပွားဖို့ ကံကိုပဲ စောင့်မနေပဲ၊ ဉာဏ်ကို အသုံးချပြီး ဝီရိယသာ စိုက်ထုတ် ကြိုးပမ်းကြမယ်ဆိုရင်ဖြင့် တစ်နေ့တော့ သင်ဟာ သန်းကြွယ်မီလျှံနာကြီးအဆင့်ကို ရောက်ရှိလာမှာ အမှန်ပဲ ဖြစ်ပါတော့တယ်။

 

No comments:

Post a Comment