Monday, October 26, 2020

စာပေရဲ့ အနှစ်သာရ


 The 50 great books on education

မြန်မာပြည်မှာ ခေတ်ပညာတတ်လူငယ်တွေများလာတာနဲ့အမျှ တိုးတက်မှုတွ ရှိလာသလို၊ ဆုတ်ယုတ်မှုတွေ လည်း ရှိလာကြတာကို မြင်တွေ့ရလို့ အခုလို အကြံပြု တင်ပြရေးသားလိုက်ခြင်းပင် ဖြစ်ပါတယ်။ အထူးသဖြင့် စာရေးဆရာ/ဆရာမ အများစုဟာ အချစ်ကြမ်းကြမ်း၊ အလွမ်းတွေပဲ အရေးများပြီး ရောင်းတန်းဝင်ရေးကိုသာ အလေးထားလာကြတာ အများအားဖြင့် အတွေ့များလာပါတယ်။ အမှန်တော့ စာအုပ်တစ်အုပ်ဖြစ်ဖို့ဆိုတာ အတော်မလွယ်တဲ့ကိစ္စပါပဲ။ စာအုပ်ဖြစ်အောင် မနည်းရေးတဲ့ စာရေးသားသူ စာရေးဆရာ၊ ဆရာမတွေကို လည်း လေးလည်းလေးစားပါတယ်။ ချစ်လည်း ချစ်ပါတယ်။  နောက်တစ်ချက်ကတော့ အရမ်းအားကျ ပါတယ်။ ကျွန်မကတော့ စာရေးတာထက် စာဖတ်တာကို ဝါသနာထုံတဲ့သူပါ။ စာကလည်း ရေးတတ်မှ ဖတ်သူ စိတ်၀င်စားမှာပါ။

အထူးသဖြင့် ဗဟုသုတရဖွယ်လေးတွေကို ရှာဖွေ ဖတ်တဲ့အကျင့်ကြောင့်ပါ။ ယခုခေတ်ကာလမှာ လူငယ်တွေ အတွက် အပျော်ဖတ်စာပေတွေသာ ရောင်းပန်းလှနေပြီး ဗဟုသုတဖြစ်ဖွယ်များကတော့ လမ်းဘေးက စာအုပ်ဆိုင်တွေမှာ ချရောင်းနေကြတာကို ဝမ်းနည်ဖွယ်တွေ့နေရလို့ပါပဲ။ အဲဒါကြောင့် စာရေးဆရာ/ဆရာမ များအနေနဲ့ ခေတ်မီတိုးတက်တဲ့ ဒီမိုကရေစီနိုင်ငံတော်ကြီး ဖြစ်ပေါ်လာရေးအတွက် လူငယ်တွေကို မီးမောင်း ထိုးပြနိုင်မယ့် ဗဟုသုတ ဖြစ်ဖွယ်၊ သတင်း၊ ဆောင်းပါး၊ စာပေ၊ ဝတ္ထုများကို တတ်နိုင်သမျှ များများ ရေးသားပေးကြစေလိုပါတယ်။

ငယ်စဉ်က ဖတ်ခဲ့ရတဲ့ ဗဟုသုတ ဖြစ်ဖွယ်များကတော့ ဇာတ်တော်ကြီး (၁၀) ဘွဲ့ ဖြစ်ပါတယ်။ မှတ်မိ သလောက် ပြောပြပါ့မယ်။ မှားတာရှိရင်လည်း သိကျွမ်းနားလည်သူများက ဖြည့်စွက်ထောက်ပြ ပေးကြပါဦးနော်။ တေဇ သုနေမ ဘူစန္ဒာ ဝိဝေ ပေါ့။

တေ= တေမိမင်း၊ ဘုရားအလောင်းဟာ ဘုရင် ဖြစ်လာရင် ငါးပါး သီလ ကျိုးပျက်မှာကြောက်လန့်ပြီး၊ စကား မပြောပဲ တေမိ လုပ်နေခဲ့လို့ တေမိမင်းလို့ ဖြစ်ပေါ်လာခြင်းပါပဲ။ ဘာလို့လဲဆိုရင် ဘုရင်ဆိုတာ သတ်မိန့်တွေ၊ ပစ်သတ်ခွင့်တွေ ပေးရမှာမို့ ငါးပါးသီလ ဖြစ်တဲ့ သူတစ်ပါး အသက် သတ်ခြင်း မဟုတ်ပါလား။ ဒါက တေမိ ဇာတ်တော်လေးပါ။

ဇ=ဇနက္က မင်းသား ၊ မဟာဇနက္ကမင်းသားဟာ သင်္ဘော ပျက်ပြီး ရေထဲမှာ ၇ ရက် တိုင်တိုင် ဇွဲ မလျော့ပဲ ကူးခတ်ခဲ့လို့ နောက်ဆုံး မနိမေခလာ နတ်သမီးက ကယ်ခဲ့တာ မဟုတ်လား၊ အဲဒါက ကြိုးစား အားထုတ်ရင် နောက်ဆုံး အောင်မြင်မယ်ဆိုတဲ့ လူငယ်တွေအတွက် ဇွဲ မလျော့ ကြိုးစားချင်စိတ်ကို ပြပေးတဲ့ ဇာတ်တော်လေးပါ။

သု=သုဝဏ္ဏသာမ၊ သုဝဏ္ဏသာမဇာတ်တော်ကြီးပါပဲ။ ငယ်ငယ်က အရမ်း နှစ်ခြိုက်သဘောကျခဲ့တဲ့ ဇာတ်လမ်းလေးဆိုလည်း မမှားပါဘူး။ သု၀ဏ္ဏသာမ လေးက မျက်မမြင် မိဘနှစ်ပါးကို လုပ်ကျွေးရင်း တစ်နေ့မှာ ရေခပ်ဆင်းရင်း တောပစ်ထွက်လာတဲ့ မင်းကြီးတစ်ပါးရဲ့ လေးမြှားထိမှန်ပြီး မေ့မျောနေတာကို မျက်မမြင် မိဘနှစ်ပါးက ဆုတောင်းတဲ့အတွက် နတ်တွေက ကူညီစောင်မလို့ အသက်မသေပဲ ရွှေထုပ်ပါ ရတဲ့ ဇာတ်တော်လေးပါ။ ဒီဇာတ်လမ်းက သားသမီးတွေနဲ့ မိဘမေတ္တာကို ဖော်ညွှန်းပြီး အခုခေတ် လူငယ်တွေ ပြောနေတဲ့ အိမ်က အဖိုးကြီး၊ အဖွားကြီးက ရေရေလည် စားတယ်ကွာ၊ မမိုက်ပါဘူး စသည်ဖြင့် မိဘတွေ အပေါ်  ရိုသေကောင်းမှန်း မသိတဲ့ သူတွေကို သင်ခန်းစာ ယူစေချင်တာပါ။

နေ=နေမိမင်း  ၊ဒါကတော့ မင်းတွေအကြောင်းပေါ့နော်။ မင်းကျင့်တရားနဲ့အညီ ကျင့်ကြံဖို့ ကောင်းတာကို ပြောတာပါ။ ဟဲဟဲ ဟုတ်လားဟင်။ ဝေဖန်တတ်ဘူး။

မ=မဟော်သဓာ  ၊ ဘုရားအလောင်း မဟော်သဓာလေးဟာ အသက် ၁၃ နှစ်ကလေးနဲ့ တရားစီရင်ရေးမှာ ပိုင်နိုင်သူမို့ သူ့ခေတ်၊ သူ့အခါက နာမည်ကျော်ကြားတဲ့ တရားစီရင်သူလေးပါပဲ။ သူဖြေရှင်းတဲ့ တရားရေး တွေက အင်မတန်မှ ကောင်းပါတယ်။ ကလေးတရားစီရင်ခန်းလေး ပြောပြဦးမယ်။ ငယ်ငယ်တုန်းက အမြဲ ကြည့်ဖြစ်ခဲ့တဲ့ ဇာတ်လမ်းလေးတစ်ခုပေါ့။ သားလေးကို မိခင်နှစ်ယောက်က လုကြတဲ့ဇာတ်လမ်းလေးလေ။ တစ်ဦးက ကလေးမိခင်၊ တစ်ဦးက လူယောင်ဆောင်ထားတဲ့ ဘီလူးမပါ။ မဟော်သဓာဆီရောက်လာတော့ ကလေးအမေ အစစ်ကို ရှာဖွေစီရင်ပေးဖို့ပြောတာပေါ့။ မဟော်သဓာက စဉ်းစားပြီး ဟုတ်ပြီ ကလေးကို တစ်ဦးက ခြေထောက်က ကိုင်၊ တစ်ဦးက လက်နှစ်ဖက်က ကိုင်ပေါ့၊ အလယ်က စည်းတားပြီး ဆွဲစေတယ်။ ဆွဲနိုင်တဲ့ သူက ကလေးကို ပိုင်နိုင်တယ်ပေါ့ဆိုပြီး ပြောလိုက်တယ်။

အခုတောင် မျက်စိထဲ ပြန်မြင်နေမိသေးတယ်။ ဆွဲအားကောင်းတဲ့ဘက်က နိုင်တယ် မဟုတ်လား။ ကဲ စပြီပေါ့။ မိခင်ရင်းကို ခြေထောက်က ကိုင်ခိုင်းပြီး ဘီလူးမကို ခေါင်းက ကိုင်စေတယ်။ ကလေးက နှစ်ဖက် ဆွဲနေတာကြောင့် နာလို့ ငိုပါလေရော။ အဲဒိီတော့ ခြေထောက်မှာ ကိုင်နေတဲ့ မိခင်ရင်းက ကလေးရဲ့ ဖြစ်အင်ကို မကြည့်ရက်တာနဲ့ ဆွဲနေရာကနေ လက်လွတ်ပေးလိုက်ပါတော့တယ်။ အဲဒီအချိန်မှာပဲ ဘီလူးမက သူနိုင်ပြီဆိုပြီး ပျော်သွားတာပေါ့။ မဟောသဓာက အဲဒါကိုကြည့်ပြီး မိခင်စိတ်ရှိတဲ့ သူကသာ သားလေး နာကျင်တာကို မကြည့်ရက်လို့ လွတ်ပေးလိုက်တာလို့ ကောက်ချက်ချပြီး သားလေးဟာ လွတ်ပေးတဲ့သူရဲ့ ကလေးဖြစ်ကြောင်း ပြောပြီး အနိုင်ပေးလိုက်တဲ့ ဇာတ်လမ်းလေးပါပဲ။ အဲဒါကလည်း မိခင်တစ်ယောက်ရဲ့ မြင့်မြတ်တဲ့ စိတ်ထားလေးကို ဖော်ကျူးထားတာမို့ သားသမီးများ မိဘအပေါ် ပြန်လည်ပြီး သနားကြင်နာချစ်ခင်ကြပါလို့ ပြောချင်ပါတယ်။ ဒီအဘိုးကြီး အဘွားကြီး အတော်နားပူတာပဲလို့ မတွေးပဲ။ မိဘတွေကို ဖေးမကြစေချင်ပါတယ်။

ဘူ=ဘူရိဒ နဂါးမင်းပါ၊ ဒါလေးကတော့ မာန်နတ်နဲ့ နဂါးယောင်ဆောင်ပြီး ပြိုင်ကြတဲ့ ဇာတ်တော်လေးပါ။ မင်းတွေကို ပြည်သူအပေါ် ကြင်နာကြပါလို့ထင်မိတာပဲလေ။

စန္ဒာ= စန္ဒ သူရိယ အမတ်မင်းအကြောင်းပါ။ အမတ်တွေကြားမှာ ပညာရှိတဲ့ ဘုရားအလောင်းက ပညာပေးပြီး အနိုင်ယူသွားတဲ့ ဇာတ်တော်လေးပါ။ အမတ်တွေက လွှတ်တော်ထဲမှာ အဲ ယောင်လို့ ဘုရင့် နန်းတော်ထဲမှာ ဘုရင့်အကြိုက်လိုက်ပြီး မြှောက်စားနေတာကို ဘုရားအလောင်း အမတ်လေးက ပညာပေးပြီး သူတို့ရဲ့ လျို့ဝှက်ချက်တွေ ဖော်ထုတ်တဲ့ ဇာတ်လမ်းလေးပါ။ အဲဒီခေတ်က လွှတ်တော်၊ အဲ နန်းတော်ထဲမှာ ခစားရင် တစ်ရက် စားသောက်စရိတ် သုံးသောင်းရလား မသိဘူးနော် ။ ဇာတ်တော်ထဲမှာ မရေးထားလို့ သိများ သိကြလားလို့ မေးကြည့်တာပါ။ အခု ခေတ်ကတော့ လွှတ်တော် တက်ရင် စားသောက်စရိတ်ရတယ် ဆိုလားပဲ၊ အဲ အင်တာနက်မှာ ဖတ်လိုက်ရတာပါ။

ဝိ= ဝိဓုရ အမတ်ကြီးပါ၊ သူကလည်း လွှတ်တော်နဲ့ မကင်းတာမို့၊ သြော် ခုခေတ်နဲ့ မှားတာနော်၊ ယောင်လို့ပါ။ နန်းတော်ထဲမှာ ဘုရင်နဲ့ ထိပ်တိုက်တွေ့ပြီး ဘုရင်ကို ပညာပေးခန်းတွေပါ။ အားလုံး အသေးစိတ်တွေကိုတော့ မြန်မာ့သမိုင်း စာအုပ်တွေနဲ့ ရှေးဟောင်းစာပေတွေထဲကနေ စာရေး ဆရာ/ဆရာမတွေ ဖော်ထုတ်ပေးကြရင် ယနေ့ခေတ်လူငယ်တွေအတွက် အသိပညာ၊ အတတ်ပညာ၊ ဗဟုသုတတွေ ရနိုင်မယ်လို့ ယူဆမိပါတယ်။

ဝေ= ဝေသံသရာ မင်းကြီး  ၊ အလှူပေး ရက်ရောတဲ့ မင်းကြီး။ သားတော် သမီးတော်တင် မကဘူး မယားကိုပါ လှူတဲ့ မင်းကြီးလေ။ စူစကာ ပုဏ္ဏားကြားဖူးမှာပေါ့။ အလှူအတန်းရက်ရောတဲ့သူကို မင်းကတော့ကွာ ဝေသံသရာ ကျနေတာပဲ။ အစားကျူးသူကို မင်းကတော့ စူစကာပဲလို့ နောက်ပိုင်း နမူနာထားပြီး ပြောဆိုကြ ပါတယ်။ နောက်စကားပုံတစ်ခုတောင် ကျန်ခဲ့ပါသေးတယ်။ ဘာတဲ့ စူစကာ ပုဏ္ဏား လှူတာ အကုန်စားဆိုပြီး တော့ပေါ့။ အခုခေတ် ဘုရင်တွေ လှူကြပါတယ်။ ကျောင်းကန်ဘုရားတွေ၊ ဘုန်းကြီးတွေကိုပါ။ သူကြီး ကောင်းမှု ရွာသား ပိုက်ဆံပေါ့နော်။ ကဲပါ ကျွန်မပြောချင်တာက ယနေ့ခေတ် စာရေးဆရာ/ဆရာမများကို အထူး တိုက်တွန်းချင်တာက ပြည်သူ့အကျိုးပြု စာပေလေးတွေကို ရှေးဟောင်း ဇာတ်တော်တွေထဲက အတိုင်း ဗဟုသုတနဲ့ သင်ခန်းစာလေးတွေပေးရင် အမိမြန်မာပြည်ကြီး တိုးတက်အောင် အားလုံးသော မြန်မာပြည်သူ တွေ အတွက် အကျိုးပြု စာပေလေးတွေရေးသားရင်း ကူညီပေးကြပါလို့ တိုက်တွန်းနှိုးဆော် ရေးသားလိုက် ရခြင်းပင် ဖြစ်ပါတော့တယ်။

 မနောဖြူလေး

No comments:

Post a Comment