Sunday, October 11, 2020

ချမ်းသာခြင်းသည် ကောင်းခြင်းလော ဆိုးခြင်းလော

 

Repeal TABOR & Tax the 1% – John Kelly for Colorado State Senate

အများအားဖြင့် လူတိုင်းလူတိုင်း ချမ်းသာခြင်းကို အလိုရှိကြပါတယ်။ ချမ်းသာခြင်းကို အင်္ဂလိပ်လိုအားဖြင့် Rich လို့ ခေါ်ပါတယ်။ တချို့က ချမ်းသာမှုရဖို့အတွက် မနေမနားကြိုးစားကြပါတယ်။ ဒီလို ကြိုးစားမှုမျိုးကို Rat race လို့ခေါ်ပါတယ်။ တချို့ကလည်း ဘာဖြစ်ဖြစ် ချမ်းသာရင်ပြီးရောလို့ သဘောထားပါတယ်။ တစ်ချို့ကလည်း ချမ်းသာဖို့ ဆုတောင်းကြပါတယ်။ တချို့ကလည်း ချမ်းသာဖို့ ကလိမ်ကျကြတယ်။ ဒါတွေဟာ ဘာကြောင့်လဲဆိုတော့ လူသားတွေရဲ့ လိုအပ်ချက်တွေကနေ စတာဖြစ်ပါတယ်။ လူသားတွေမှာ လိုအပ်ချက် (Need) တွေဆိုတာ အမြဲရှိနေပါတယ်။

အခြေခံကျဆုံး လိုအပ်ချက်ကတော့ စားသောက်ရေး၊ နေထိုင်ရေးနဲ့ အိပ်ရေးတို့ပဲ ဖြစ်ပါတယ်။ အလွန် ဆာလောင်နေသူ တစ်ဦးအတွက် သူအလိုအပ်ဆုံးဟာ ဗိုက်ပြည့်ဖို့ ထမင်းစားသောက်ရန် ဖြစ်ပါတယ်။ ရေဆာနေသူ တစ်ဦးအတွက် ရေသောက်ရရေးဟာ သူ့အတွက် အလိုအပ်ဆုံးဖြစ်နေမှာပါပဲ။ ဒီအခြေခံ လိုအပ်ချက်ပြီးတာနဲ့ လုံခြုံရေး လိုအပ်ချက်ဆိုတာ လိုလာပြန်ပါတယ်။ ဘဝက လုံလုံခြုံခြုံ ဖြစ်လာပြန်တော့ လည်း မရပ်ပါဘူး။ အများရဲ့ လေးစားမှု၊ အထင်ကြီးမှု၊ ယုံကြည်မှုများ လိုအပ်လာပြန်ပါတယ်။ လိုအပ်မှုထဲမှာ အမြင့်ဆုံးလိုအပ်ချက်ကတော့ Self Actualization လို့ခေါ်ပါတယ်။ မိမိ ယုံကြည်မှုတစ်ခု (သို့) ပြီးမြောက်လိုတာ တစ်ခုတည်းကိုဖြစ်အောင် ကြိုးစားခြင်းပဲဖြစ်ပါတယ်။ လူသားတွေဟာ သူတို့ရဲ့ လိုအပ်ချက် အဆင့်တွေကို ကျော်ဖြတ်နေရာမှာ ချမ်းသာမှုဆိုတဲ့ စကားလုံးနဲ့က ရောထွေးနေတတ်ပါတယ်။ ဒါဟာ လူ့သဘာဝဖြစ်ပါတယ်။ လူသားမှန်ရင် တစ်ခုခု လိုအပ်နေမှာဖြစ်ပါတယ်။ ဒီလိုအပ်ချက်ကလည်း ရှေ့ကို ရောက်စေတာ ဖြစ်ပါတယ်။

ကျန်းမာပါစေ၊ ချမ်းသာပါစေလို့ ဆုတောင်းပေးလေ့ရှိပါတယ်။ ဒါပေမဲ့ ချမ်းသာတယ်ဆိုတဲ့ အဓိပ္ပာယ်ကိုတော့ သိပ်ပြီး မရှင်းကြတာ များပါတယ်။ ချမ်းသာတယ်ဆိုတာက ကြွယ်ဝတာကို ခေါ်တာဖြစ်ပါတယ်။ ကြွယ်ဝတယ် ဆိုတာက လိုအပ်တာ ထက်ပိုနေတာကို ခေါ်တာဖြစ်ပါတယ်။ တကယ်တမ်းအားဖြင့် ချမ်းသာမှုနောက်ကို လူသားတွေ မလိုက်နိုင်ပါဘူး။ လူသားတွေလုပ်နိုင်တာက ပိုမိုကောင်းမွန်တဲ့ဘဝ ဖြစ်ပါတယ်။ ပိုမို ကောင်းမွန်တဲ့ ဘဝဆိုတာက တစ်ရက်ပြီးတစ်ရက် ပိုကောင်းလာအောင် ကြိုးစားခြင်းကို ခေါ်တာဖြစ်ပါတယ်။ ဒီနေ့ဟာ မနေ့ကထက်ကို ကောင်းလာရမယ်။ မနက်ဖြန်ဟာ ဒီနေ့ထက်ပိုကောင်းအောင် ကြိုးစားသွားရမှာ ဖြစ်ပါတယ်။ ဒီလို ကြိုးစားအားထုတ်မှုမျိုး မရှိရင် အခွင့်အခါ ကြုံကြိုက်လို့ရလာတဲ့ ချမ်းသာမှုတွေက လူတွေကို အန္တရာယ်တောင် ဖြစ်စေပါတယ်။ အများအားဖြင့် လူတွေက ချမ်းသာချင်စိတ်သာ ရှိကြပေမယ့် အလုပ်ကျတော့ မိုးရွာသည် နေပူသည်ဆိုပြီး အနားယူတတ်ကြပေသည်။ ချမ်းသာမှုတွေဟာ ပုံစံအမျိုးမျိုးနဲ့ ရှိနိုင်ပေမယ့် ရေရှည် အောင်မြင်လိုသူတွေဟာ ပိုမိုကောင်းမွန်တဲ့ဘဝကို ရွေးချယ်ရမှာ ဖြစ်ကြောင်း ရေးသား အပ်ပါတယ်။

မနောဖြူလေး

No comments:

Post a Comment